ဒီနေ့လဲ ကိုယ်ထီးမပါလာခဲ့ပြန်ဘူး….။ မလုံ့တလုံကားဂိတ်အမိုးလေးကနေ တစက်စက်ကျနေတဲ့ မိုးရေတွေကို ထိုင်ကြည့်ရင်း စီးရမယ့် ဘတ်စ်ကိုထိုင်စောင့်နေခဲ့တာ…။ မိုးရာသီစိုစွတ်စွတ်ကြီးကို သွားရလာရခက်လို့ သူများတွေ ငြီးငြူနေကြပေမယ့် ကိုယ်ကတော့ မိုးထဲလမ်းလျှောက်ရတာကိုပျော်တာ…။ ထီးမပါလဲ… မိုးရေထဲသွားရတာ မိုးရေစက်တွေကျနေတာကိုမြင်ရတာကို ပျော်တာပါပဲ…။ နဲနဲမိုးချုပ်နေပြီမို့… ကားစောင့်မယ့်သူတွေ သိပ်မရှိတော့ဘူး…။ ကျန်တဲ့ ကားစောင့်နေသူတွေက ထီးတွေကိုယ်စီနဲ့မို့ ကိုယ့်လို ကားဂိတ်အမိုးအောက်မှာ လာမခိုကြဘူး…။ ထိုင်ခုံရှိပေမယ့် ခုံတွေကစိုနေပြီ ပြီးတော့ ထိုင်နေလည်း မိုးကမှမလုံတာလေ…။ ကိုယ်ကတော့မသိဘူး မိုးစိုလဲထိုင်တာပဲ…။ ခနနေတော့ ကိုယ့်ဘေးကို ထီးအဝါရောင်လေးနဲ့ ကောင်လေးတစ်ယောက်ရောက်လာတယ်…။ ယောကျ်ားတစ်ယောက်ဖြစ်ပြီး ငုဝါလိုအဝါမျိုးနဲ့ ထီးကိုကိုင်လို့ ကိုယ်နဲနဲအံ့အားသင့်သွားခဲ့တယ်…။ တလောက ကိုယ်ကြည့်ခဲ့ဖူးတဲ့ “အချစ်မိုး”ဆိုတဲ့ ဒရမ်မာအချစ်ကားလေးထဲက မင်းသားလေးကိုင်တဲ့ ထီးနဲ့တရောင်ထဲပဲ…။ ဟုတ်တယ် ဂျန်ဂန်ဆော့ ကိုင်တဲ့ထီးမျိုးလေးပါပဲ…။ ကိုယ်တော်ရုံ ကိုရီးကားတွေကို သိပ်မကြည့်တတ်ဘူး…။ ယူကျုမှာ သီချင်းတွေလျှောက်ရှာရင်းနဲ့ တွေ့မိသွားလို့ အဲဇာတ်လမ်းတွဲလေးကို ဝယ်ကြည့်လိုက်မိတာ…။ ဇာတ်ကားထဲက အဆွေးသီချင်းတွေကလဲ သိပ်ကောင်းတာပဲ…။ အဲမင်းသားမျက်နှာကို မြင်ယောင်မိပြီး… ဘေးနားက ကောင်လေးကို မသိမသာလေးစောင်းငဲ့ကြည့်လိုက်တော့ နားသယ်စပ်မှာ ဒေါက်ရှည်ရှည်ထားပြီး တခြမ်းကိုခပ်ပါးပါးညှပ် ကျန်ဆံပင်တွေကို ထိပ်မှာ ခပ်မြင့်မြင့်စုချည်ထားတယ်… ။ ဟုတ်ပါတယ် Love Rain ထဲက ဂျန်ဂန်ဆော့ပုံစံပဲ တထေရာထဲကို…။ ဧကန္တ သူလည်း အဲကားလေးကိုကြည့်ပြီး မင်းသားစတိုင်လ်ကိုကြိုက်လို့ အတုခိုးထားပုံရတယ်…။ မျက်နှာကျကလည်း သွယ်ရှည်ရှည်နဲ့ မျက်ခုံးနက်နက်ထူထူလေး… နှာတံဖြောင့်ဖြောင့်… ရှပ်ခါးရှည်ကို ကြိုးချည်ပြီး ဘောင်းဘီကို အကျပ်ဝတ်တာလည်း တူတယ်…။ ကိုယ်သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ဒီဖက်လှည့်ပြီးတစ်ချက်ပြုံး လိုက်မိသွားတယ်…။ မျက်နှာက ခပ်တည်တည်ဆူပုပ်ပုပ်နဲ့…။ တစ်ခုခုကိုစိတ်တိုနေပုံရပါတယ်…။ လက်ထဲကိုင်ထားတဲ့ ထီးကို ဖွင့်လိုက်တော့…ဟား..ဟား… သူ့ထီးက ကျိုးနေတာကိုး…။ သူက ထီးကိုဖွင့်ကြည့်ပြီး ပြန်ပိတ် ကျွတ်ခနဲစုတ်သတ်လိုက်ပြန်တယ်…။ (တိုက်ဆိုင်လိုက်တာ သူ့ထီးက အချစ်မိုးဇာတ်ကားထဲက မင်းသားကိုင်တဲ့ ထီးလိုပဲ အရိုးကျိုးပြီး တစ်ဖက်ကို အိကျနေတာ… အဲကားထဲကအတိုင်းများ စတိုင်လ်ထွင်လာသလားမပြောတတ်ပါဘူး..) အေးလေ မိုးထဲလေထဲ ထီးကပျက် စတိုင်လ်ပဲ့နေတာပေါ့…။ ယောကျ်ားလေးပဲ ထီးပျက်လဲဘာအရေးလဲ မိုးရေထဲလျှောက်လိုက် ပျော်စရာကြီး…။ ကိုယ့်လိုမိုးချစ်တဲ့သူလို့ လူတိုင်းကိုဘယ်လိုလုပ် ကိုယ့်စိတ်နဲ့နှိုင်းလို့ရမလဲလေ…။ သူ့ထီးကို ပြန်ပိတ်ပြီး အလည်နေရာကနေကိုင်ပြီး ဒေါသမျက်လုံးတွေနဲ့ ကားအလာကိုမျှော်ကြည့်ရင်း ကိုယ့်ကို သူလှမ်းကြည့်မိသွားတယ်…။
ကိုယ်ကလည်းသူ့အဖြစ်ကို ကြည့်ရင်း ရယ်ချင်နေတာနဲ့ သူလှမ်းအကြည့်မှာ ကိုယ့်မျက်နှာက ပြုံးလက်စဖြစ်နေခဲ့တယ်…။ သူက သူ့အဖြစ်ကို အစအဆုံးထိုင်ကြည့်ပြီး ရယ်နေတဲ့ ကိုယ့်ကို မျက်မှောင်ကြီးကျုတ်ကြည့်ပြီး လမ်းမဘက်ကို အကြည့်လွှဲပစ်လိုက်တယ်..။ ဟဟဟ…တကယ်ဆို ကိုယ်က ဂျန်ဂန်ဆော့ပုံစံတထေရာထဲကို ကော်ပီယူထားတဲ့သူနဲ့ ထီးအရောင်ကော အဖြစ်ပါတူနေလို့ ရယ်ချင်မိသွားခဲ့တာပါ…။ ကိုးရီးယားလိုနှုတ်ဆက်လိုက်ရမလား…“အညာဇေယိုဂျန်ဂန်ဆော့” ဆိုပြီးတော့လေ…။ ဟော…ဘတ်စ်ရောက်လာပြီ …။ မိုးကတော့ သိပ်မသည်းပေမယ့် ရွာနေတုန်းပဲ…။ ကိုယ်လွယ်အိတ်ကို ပြန်ပြင်လွယ်ပြီး ကားပေါ်ပြေးတက်လိုက်တယ်…။ ကားပေါ်မှာ ထိုင်စရာတွေအများကြီး…။ အရှေ့ဖက် ဒရိုင်ဘာနောက်ကျော တစ်ခုံကျော်မှာ ကိုယ်ဝင်ထိုင်လိုက်တယ်…။ ကိုယ့်ဘယ်ဖက်မျက်လုံးဒေါင့်မှာ အဝါရောင်ဝင်လာခဲ့တယ်…။ ခုနက ကောင်လေးပါ သူက ကိုယ့်ထိုင်ခုံအရှေ့ မျက်စောင်းထိုးနေရာမှာ နေရာယူလိုက်တယ်…။ ကားစထွက်တော့ သူက ကျောပိုးအိတ်ထဲက နားကျပ်လေးထုတ်ပြီး နားထဲထည့်လိုက်တယ်…။ ခုက နေရာတိုင်းကားကျပ်တော့ လူငယ်တွေတော်တော်များများ ကားပေါ်မှာ အပျင်းပြေ နားကျပ်တပ်ပြီး သီချင်းနားထောင်လေ့ရှိတာကိုး…။ ကိုယ်ကတော့ စီးရမယ့်မှတ်တိုင်က ငါးမှတ်တိုင်ထဲရယ် ကားမကျပ်ရင် ငါးမိနစ်နဲ့ရောက်ပြီ… ။ ကားက ဂိတ်တိုင်းလူသိပ်မတင်တော့ဘဲ ဆက်တိုက်မောင်းလိုက်တာ… ကိုယ်ဆင်းမယ့် မှတ်တိုင်ရောက်ခါနီး မီးပွိုင့်မှာပဲ နဲနဲကြာသွားခဲ့တာ…။ မီးပွိုင့်ကျော်တာနဲ့ ဆင်းရတော့မှာမို့ အပေါက်ဝမှာ အဆင်သင့်နေရာယူရပ်နေလိုက်တယ်…။ ကိုယ့်မျက်လုံးညာဖက်ဒေါင့်ကို အဝါရောင်လေး ထပ်ရောက်လာပြန်တယ်…။ ဟင်… သူလည်းကိုယ်ဆင်းမယ့် မှတ်တိုင်မှာ ဆင်းမှာပဲလား…။ မှတ်တိုင်ရောက်တော့ ကိုယ်အရင်ဆင်းလာခဲ့တယ်…။
လမ်းကူးဖို့မျဉ်းကျားမှာ ရပ်စောင့်တော့လဲ အဝါရောင်လေးက ထပ်ရောက်လာပြန်တယ်…။ မဟုတ်ပါဘူး…သူပြန်မယ့်လမ်းနဲ့ ကိုယ်နဲ့ ဒီလောက်တောင်ပဲ တိုက်တိုက်ဆိုင်ဆိုင်တူရလား…။ ကားမီးရောင်တွေအောက်မှာ မိုးကတော့ သူ့အရှိန်လေးအတိုင်း ရွာမြဲရွာဆဲ…။ တော်သေးတယ် လွယ်အိတ်က သရေအိတ်မို့ မိုးစိုလည်း အထဲထိမစိုနိုင်…။ အဝါရောင်ကလေးကတော့ သူ့ထီးအကျိုးကိုဖွင့်ပြီး အိကျနေတဲ့ထီးရွက်ကို ထိန်းတဲ့အနေနဲ့ ထီးရိုးကို အလည်ကနေကိုင်ပြီး စောင်းတာတွေ့လိုက်တယ်…။ ထီးကပြန့်ကားမနေဘဲ ခပ်အုပ်အုပ်လေး ကျနေတယ်…။ ကားလမ်းကူးပြီး အိမ်ပြန်ဖို့ လမ်းမတစ်ခုကိုဖြတ်ဝင်ပြန်တော့လဲ သူနဲ့လမ်းထပ်တူပြန်တယ်…။ ရော်..မခက်လား…။ မိုးစိုမခံချင်လို့ သူကတော့ ထီးအကျိုးကို ရအောင်စောင်းရှာတယ်…။ သူ့ကေလေးပျက်သွားမှာလည်း စိုးရိမ်ပုံရပါတယ်..။ ကိုယ်ကတော့ မိန်းမတန်မဲ့ မိုးရေစိုခံပြီး ဒီတိုင်းလျှောက်တယ်…။ ကိုယ်သူ့ကို ကျော်တက်ပြီး ခပ်သွက်သွက် လျှောက်လိုက်တယ်…။ ဆိုက်ကားဂိတ်ကျော်တော့…ခြေသံကြားလို့ ကိုယ်လှည့်ကြည့်မိလိုက်တယ်…။ အဝါရောင်ကောင်လေးပဲ…။ ဒီလမ်းက မီးနဲနဲမှောင်တော့ အိမ်ပြန်ရင် ကိုယ့်ရှေ့နောက်လူတွေကို သတိနဲ့ကြည့်ထားရသေးတယ်…။ ရုတ်တရက် သူက ခြေလှမ်းကျဲကြီးနဲ့ ကိုယ့်ဘေးကို လွှားခနဲရောက်လာခဲ့တယ်…။ ကိုယ်လန့်ဖျတ်ပြီး သူ့ကို မျက်လုံးပြူးကြည့်လိုက်မိတယ်…။ တချိန်ထဲမှာ ကိုယ်က သူ့ထီးကျိုးအမိုးအောက်ထဲရောက်နေခဲ့ပြီ…။
“ဒီမှာ… ကျွန်တော်နဲ့အိမ်ပြန်လမ်း တူတူလောက်ကျမယ်ထင်တယ်… မိန်းကလေးဖြစ်ပြီး မိုးရေထဲ လျှောက်နေတာ မကောင်းပါဘူး ကျွန်တော့်ထီးနဲ့ အတူလိုက်ပြန်ပါ…လာပါ..” သူက လာပါတွေဘာတွေပြောပေမယ့် သူ့ထီးက ကိုယ့်ကိုမိုးပြီးသားဖြစ်နေပြီ…။ ကျိုးနေတဲ့ထီးအောက်မှာ မိုးလည်းလုံမှာမဟုတ်ဘဲနဲ့များ အပိုတွေလုပ်ပြီလို့ ကိုယ်တွေးပြီး ရယ်ချင်မိသွားပြန်တယ်…။ တကယ်ပါပဲ အချစ်မိုးကြည့်ပြီး ဒီကောင်လေး စိတ်ကူးယဉ်လွန်နေတာ…အသိသာကြီး…။ ကိုယ်သူ့ကို တစ်ချက်ပြန်ကြည့်ပြီး “နေပါစေ တို့ဒီတိုင်းပဲပြန်ပါ့မယ် မိုးစိုခံချင်လို့ကို သက်သက်ထီး မစောင်းဘဲပြန်တာ… ဒီမှာတွေ့လား တို့မှာထီးပါတယ်… မင်းထီးအကျိုးကိုပိတ်လိုက်ပါ ကြည့်မကောင်းဘူး… ရော့... ဒီထီးငှားပေးလိုက်မယ်…” တကယ်တော့ ကိုယ်အိတ်ထဲကနေ စွဲထုတ်ပြလိုက်တာက နွေရာသီစောင်း ထီးအသေးလေး… မိုးလဲမလုံဘူး… ပြီးတော့ ဇာအနားတွန့်တွေနဲ့ ဂျန်ပန်ခေါက်ထီး….။
“မယူတော့ပါဘူး ကျေးဇူးတင်ပါတယ်… ” တဲ့…။ ကျိုးနေတဲ့သူ့ထီးအဝါရောင် အမိုးအောက်မှာ အတူတူဆိုတော့ သူမျက်နှာနဲ့ ကိုယ့်မျက်နှာက တစ်ပေခွဲလောက်ပဲဝေးတာ…။ ခပ်ဝေးဝေးက လမ်းမီးရောင်ကြောင့် ဗာဒံစေ့ပုံ ရှည်မျောမျော မျက်အိမ်ကျဉ်းကျဉ်းနဲ့သူ့မျက်လုံးတွေထဲက ရှက်ရိပ်လေးဖြတ်ပြေးသွားတာကို မြင်ဖြစ်အောင် မြင်လိုက်သေးတယ်…။ သူ့ထီးအကျိုးနဲ့ သူဇာတ်လမ်း လာလုပ်တာကို ပြန်ရှက်သွားတာ မတတ်နိုင်ဘူး..။ ကိုယ်…သူ့မျက်လုံးတည့်တည့် စိုက်ကြည့် ပြုံးပြပြီး လှည့်ထွက်လာခဲ့တော့…….
“ခင်ဗျားက ရုပ်လေးချောလျက်နဲ့ ယွန်ဟီးလိုမျိုး မိန်းမ..မဆန်လိုက်တာ”တဲ့…။ သူပြောတာကို ကြားလိုက်သေးတယ်…။ နောက်ဆို သွယ်သွယ်နွဲ့နွဲ့ ယွန်ဟီးလို ဂါဝန်တိုလေးတွေ ဝတ်တတ်တဲ့ ကောင်မလေးတွေကိုပဲ ထီးလိုက်မိုးပေးနော်လို့ ကိုယ်မပြောလိုက်တော့ပါဘူး…။ အပြာစင်းရှပ်လက်ရှည်ကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်ပြီး အဖြူရောင်သရေခါးပတ်ခပ်ကြီးကြီး ဝတ်ထားတဲ့ ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်စုထုံးထားတဲ့ ကိုယ့်ကို သူက မိန်းမမဆန်ဘူးပြောတာ မဆန်းပါဘူးလေ…။ ဒါပေမယ့် ကိုယ့်ကို ရုပ်ချောတယ်လို့ အမှန်တိုင်းဝန်ခံသွားတာလေးကိုတော့ သဘောအကျကြီး ကျလိုက်ပါတယ်… အဝါရောင်လေးရယ်.....:)
။
မိုးငွေ့
3 comments:
ရာသီဥတုကလည်း ညှို့ညှို့မှိုင်းမှိုင်းလေးနဲ့ ဖတ်ရင်း မိုးတွေဖွဲဖွဲကျနေသလိုပါပဲလား... အဝါရောင်ထီးလေးနဲ့
ချစ်ခင်လျက်
သဒ္ဓါ
ရိုးရိုးလေးနဲ့ ဖတ်လို့ကောင်းလှတဲ့ စာစုလေး...၊း)
ရုပ်ချောတဲ့ ကောင်မလေးတွေနဲ့ တွေ့တဲ့အခါ ကိုရီးယားကားထဲကအတိုင်း ဖြစ်အောင် ထီးကို တမင်များ ကြိုပြီး ချိုးခဲ့သလားပဲ၊ ကံမကောင်းပုံ များတော့ မိုးကိုချစ်လို့ ထီးမဆောင်းသူနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ရတော့တယ်...။း))
အားနာပါးနားနဲ့ လိုက်ဆောင်းလိုက်တာမဟုတ်ဘူး
မကြီးကလည်း..နော်
Post a Comment