Wednesday, 18 June 2014

တခါက ကျွန်တော့်ရဲ့.....



သူ ကျွန်တော့်ထက်ဆယ်နှစ်ကျော်လောက် အသက်ကြီးတယ်လ့ို ဘယ်သူယုံမှာလဲ….။ သူ့ပုံစုံကိုကြည့်ဦးလေ….။ ဘာမှလိမ်းမထားသည့် ပျားရည်ရောင်ကြည်စင်နေသည့် မျက်နှာ မဲနက်နေသောမျက်တောင်ကော့ကော့နှင့် မျက်လုံးတောက်တောက်တစ်စုံတို့မှာ ဆွဲဆောင်အား အကောင်းဆုံးလည်းဖြစ်နေသည်…။

သူစိမ်းယောက်ျားရှေ့မှာထိုင်နေသည်ဆိုပေမယ့် အမူအရာတွေက မိန်းကလေးတစ်ယောက်လို ရှက်ရွံ မူနွဲ့မနေဘဲ မတွေ့တာကြာပြီဖြစ်သည့် ငယ်သူငယ်ချင်း တစ်ယောက်နှင့် ပြန်လည်တွေ့ဆုံ   နေပုံတောင် ပေါက်နေသေးသည်…။ ပြီးတော့ ယောက်ျားလေးတွေ အထိုင်များသော လက်ဖက်ရည်ဆိုင် ကိုလည်း သူကထိုင်နေကျဖြစ်ပုံရသည် ကြည့်ရသည်မှာ အေးဆေးပင်..။ ကျွန်တော်တို့ ခရီးတစ်ခုမှာ ဆုံကြရင်းကခင်ခဲ့သည် ဆိုပေမယ့်လည်း ယခုဆုံတွေ့ခြင်းမှာ ဒုတိယအကြိမ်သာဖြစ်သည်။

ပေါ့ဆိမ့်လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်ပြီးတိုင်း ကျွန်တော့်ကို မော့ကြည့်လာတတ်သည့် သူ့အကြည့်တွေက တစ်ယောက်ယောက် ကျွန်တော့်ကို ကင်မရာမီးနှင့် ဖျတ်ခနဲလာလာရိုက်သလို ထင်ဟတ်သွားစေသည်…။ ထိုအခါ ကျွန်တော်အသက်ရှူ ဖို့ မေ့မေ့သွားတတ်သည်…။

နေ့လယ်တုန်းက ဖဘမှာတွေ့ရင်း ညနေ မုန့်လိုက်ကျွေးချင်သည်ဟု သူပြောလာ၍ ကျွန်တော်သ့ူဆီကို ရောက်လာခဲ့ခြင်းဖြစ်သည်….။ ကျွန်တော်တို့ ဒီဗာဒံပင်အုပ်အုပ်နဲ့ လက်ဖက်ရည်ဆိုင်ကို မရောက်လာခင် ဘိတ်ကော်ရည်ခေါက်ဆွဲဆိုင်တွင်ထိုင်ခဲ့ကြသေးသည်…။

“မင်း..ဘာစားမလဲ… ဒီဆိုင်က ကော်ရည်ခေါက်ဆွဲက နာမည်ကြီးပဲ ကပ်ကြေးကိုက်ကြော်လည်း ကောင်းတယ်…”  သူက မီနူးစာရွက်ကိုကြည့်ကာ ဆိုင်၏အကောင်းဆုံး အစားစာများကို ညွှန်းနေသေးသည်…။ ကျွန်တော်က ကော်ရည်ခေါက်ဆွဲ သူကပင်လယ်စာကပ်ကြေးကိုက် မှာသည်။  ကျွန်တော်တို့မှာထားသည်များ ရောက်မလာခင် သူက ကျွန်တော်..ဘာမေဂျာနှင့် ကျောင်းတက်နေသလဲ အလုပ်အကြောင်းစသဖြင့် စကားဖေါင်ဖွဲ့ပြောနေခဲ့သည်…။ ကျွန်တော်ကတော့ သူ့ကို ကျွန်တော့်ထက်အသက်တော်တော်ကြီးသော မိန်းမတစ်ယောက်လို့မထင်ဘဲ ကျွန်တော်နှင့်ရွယ်တူ ကောင်မလေးတစ်ယောက်လို့သာမြင်သည်။ တခါတခါ စကားစပြတ်သွားခဲ့လျှင် သူကျွန်တော့်ကိုလှမ်းကြည့်ပြီး ကျွန်တော်နှင့်အကြည့်ချင်း ဆုံသွားသည့်အခါ ကျွန်တော်ပြန်ပြုံးပြသော အပြုံးတွေဟာ မရွံ့မရဲဖြစ်ချင်ဖြစ်သွားလိမ့်မည်…။ သို့သော် သူ့အပြုံးတွေကတော့ အလင်းတန်းတစ်ခုလို ကျွန်တော့်မျက်စိတွေကိုကျိန်းစပ်စေခဲ့သည်..။

ကျွန်တော်တို့ ကော်ရည်ခေါက်ဆွဲစားပြီးတော့ လက်ဖက်ရည်ဆိုင်ပြောင်းထိုင်ကြမည်ဆိုပြီး သူဦးဆောင်ရာနောက်ကျွန်တော်လိုက်သွားခဲ့သည်…။ နွေရာသီစီး ရာဘာခြေညှပ်အဖြူဆွတ်ဆွတ်နှင့် ဖိုးကွာတားချည်သား အညိုရင့်ရောင်ဘောင်းဘီဝတ်ထားသောသူက ကျွန်တော့်အရှေ့ကနေ လျှောက်ရင်း လှည့်လှည့်စကားပြောနေဟန်တွေဟာ ကျွန်တော်ထက်အသက် ဆယ်နှစ်ကျော်ကြီးသော မိန်းမတစ်ယောက်လို့ ကျွန်တော်ဘယ်လိုမှ မယုံနိုင်ခဲ့ပါ…။ လက်ဖက်ရည်ဆိုင်ရောက်တော့ ကျွန်တော့်ကို သူက ပိုက်ဆံအိတ်ထဲမှ သူ့မှတ်ပုံတင်ကို ထုတ်ပြခဲ့သည်…။ တကယ်… သူကျွန်တော့်ထက် အသက်ဆယ့်တစ်နှစ်နှင့် နှစ်လကြီးပါသည်။

ကျွန်တော်တို့တော်တော်ရင်းနှီးသွားတော့မှ သူပြောပြလို့သိလိုက်ရသည်…။ ကျွန်တော်တို့ ထိုညက ဗာဒံပင်အောက်လက်ဖက်ရည်ဆိုင် အတူထိုင်ခဲ့စဉ် သူက ကျွန်တော့်ကို ပေါ့ဆိမ့်ကြိုက်မည်အထင်နှင့် မှာသောက်ခဲ့သည်တဲ့...။

တကယ်တော့ သူဟာ ကျွန်တော့်လိုပင် ကော်ဖီခါးခါးကို နှစ်သက်စွဲလန်းသူဖြစ်သည်…။

ကျွန်တော်တို့နှစ်ယောက် ဂီတကိုချစ်မြတ်နိုးကြတာခြင်းတူသည်…။ ကျွန်တော်က ကဗျာတွေကို ချစ်သည်…။ သို့သော် သူ့လိုတော့ ကဗျာမရေးတတ်ပါ…။ တခါတခါ ကျွန်တော်နှင့် အွန်လိုင်းပေါ်ဆုံလျှင် ကျွန်တော့်ကို သူလက်တန်းရေးစပ်ပေးတတ်သော သူ့ကဗျာတိုလေးတွေကို ကျွန်တော်မြတ်နိုးမိသည်…။ ကျွန်တော့်မေးလ်ဘောက်စ်ထဲမှာ သူရေးပေးတတ်သည့် ကဗျာတိုကလေးများကို သိမ်းဆည်းထားဖို့ သူ့နာမည်လေးနှင့် သီးသန့်လေးလုပ်ထားခဲ့သည်…။

တခါက ကျွန်တော်တို့လိုင်းပေါ်မှာ ဆုံကြရင်းတစ်နေ့လောက် သီချင်းသွားဆိုရအောင်ဟု ကျွန်တော်ပြောခဲ့ဖူးပြီး အလုပ်ရှုပ်နေလို့ လတော်တော်ကြာသည့်အထိ အကောင်ထည်မဖော်ဖြစ်ခဲ့..။ သူက ကျွန်တော့်စကားကိုမှတ်ထားခဲ့ပြီး တစ်ရက်တော့ ကျွန်တော်တို့အတူသီချင်းသွားဆိုခဲ့ပါသည်…။ ထိုနေ့က ကျွန်တော်အလုပ်ကိစ္စတစ်ခုကြောင့် စိတ်ညစ်ကာ ညတော်တော်မိုးချုပ်မှ သူ့ဆီဖုန်းဆက်ကာ သီချင်းသွားဆိုဖို့ပြောတော့ သူက ဘာမှမငြင်းဘဲ ကျွန်တော်နှင့်အတူ အဖော်လိုက်ပေးခဲ့သည်…။

သီချင်းဆိုရင်း ကျွန်တော်ဘီယာမှာသောက်တော့လဲ သူဘာမှမငြိုငြင်ခဲ့ပါ…။ ကျွန်တော်ပေါက်ကွဲတော့ ကျွန်တော့်ဘေးမှာ တိတ်တဆိတ်နှင့်ပင် သီချင်းနားထောင်နေခဲ့သည်…။ ကျွန်တော့်ဘယ်ဖက် တောင့်နေရာမှာ ခြေထောက်လေးပိုက်ပြီး ကျွန်တော်ဆိုသမျှ သီချင်းကို ငြိမ်နားထောင်နေခဲ့သော သူ့ကို ကျွန်တော်အားလည်း နာနေခဲ့သည်…။ ပြီးတော့ မီးရောက်မှိန်မှိန်အောက်က သူ့ပါးပြင်တွေကို ကျွန်တော်နမ်းမွှေးချင်စိတ်ပေါက်သွားခဲ့သည်…။ ကျွန်တော့်ကို ယုံကြည်လို့လိုက်လာသည့် သူ့ကို အိန္ဒြေ သိက္ခာမဲ့စေမည့်လုပ်ရပ်မျိုး မလုပ်မည့်ဖို့ ဘီယာသောက်ထားပေမယ့် အသိတရားတွေနဲ့ ထိန်းချုပ်လိုက်မိ၏…။

“မမ ပျင်းနေပြီလား သီချင်းတစ်ပုဒ်လောက်ဆိုဗျာ…လာပါ…”
တောင့်မှာထိုင်နေသည့်သူက ကျွန်တော့်နားကိုတိုးလာခဲ့သည်…။

“မင်းဆိုတာပဲနားထောင်မယ်နော်… ကိုယ်မှမဆိုတတ်တာ…”

သီချင်းသံတွေပဲ ကျယ်နေလို့လား သူ့အသံတွေကခါတိုင်းထက်ပိုပြီး တိုးညက်နေသည်လို့ ထင်သည် ပြီးတော့ သူ့အမူအရာတွေက ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လို မခို့တရို့ ရှက်ကိုးရှက်ကန်းဖြစ်နေသည်…။ အခါတိုင်းလို သွက်လက် လွတ်လပ်ပွင့်လင်းသော အမူအရာတွေ ဒီညသူ့ဆီမှာ ကျွန်တော်မတွေ့ခဲ့ရ…။

“ဒါဆို မမဘာသီချင်းနားထောင်မလဲ ရွေးလေ ရော့ ကျွန်တော်ဆိုပြမယ်…”

ကျွန်တော်သူ့လက်ထဲ သီချင်းစာအုပ်ထည့်ပေးလိုက်တော့ သူသီချင်းတွေရွေးနေသည်…။ အာဇာနည် အဲလက်စ် သူနားထောင်ချင်သည့် သီချင်းများကို ကျွန်တော်ဆိုင်မပိတ်မချင်း ဆိုပြဖို့ဆုံးဖြတ်လိုက်သည်။ သူသီချင်းရွေးတော့ သူ့လက်ဖျံတွေက ကျွန်တော့်လက်ကို သူ့လက်မောင်းတွေ ကျွန်တော့်လက်မောင်းကို လာထိမိတိုင်း ကျွန်တော့်ရင်တွေ ဗလောင်ဆူသွားကြသည်…။ ကြည်စင်သည့်ပါးပြင် စိုတောက်နေသည့် နှုတ်ခမ်းပြည့်ပြည့်တို့က ကျွန်တော်နဲ့နီးနီးကလေးမှာ…။ အာရုံတွေကို သီချင်းတွေဆီမနည်းပို့လွှတ်ထားခဲ့ရသည်…..။ ဘီယာသောက်ထားသည့် အရှိန်ရိုးတိုးရိတ်တိတ်တို့က ဘယ်လိုလွင့်ပြယ်သွားကြမှန်းမသိ…။

နောက်ဆုံးကျွန်တော့်ဘယ်လိုမှမထိန်းနိုင်တော့လို့ သီချင်းဆိုရင်း သူ့ညာဖက်လက်ကလေးကို မသိမသာဆုတ်ကိုင်ထားလိုက်မိသည်…။ သူလည်းပဲ ကျွန်တော့်လက်ကို ခပ်တင်းတင်း ပြန်လည်ဆုတ်ကိုင် ထားခဲ့သည်…။ ကျွန်တော့်သွေးကြောထဲ အားအင်တစ်ခု လတ်ဆတ်စွာ စီးမျောစိမ့်ဝင်သွားခဲ့သလို ခံစားလိုက်မိသည်…။ စိတ်ထဲက အဆင်မပြေသည့်အကျိတ်အခဲတွေ ပြေပျောက် သွားခဲ့ကြသည်….။ ကျွန်တော်နားလည်လိုက်တာက သူကျွန်တော်နဘေးမှာရှိရင် ကျွန်တော်ကြည်နူးရသည် ပျော်ရွှင်ရသည်…..။ သူ့ဆီက ဖြားယောင်သွေးဆောင်မှု တစ်စုံတစ်ရာမပါဘဲနဲ့ ကျွန်တော့ဘေးနားမှာ တိတ်တိတ်ကလေး ထိုင်ပေးနေရုံနှင့် ကျွန်တော့်ကိုပျော်ရွှင်မှုတွေ သူပေးနေခဲ့တယ်..။ ဒါဟာ ဘာလို့ခေါ်နိုင်သလဲ…. တဆိတ်လောက်ကျွန်တော့်ကို ရှင်းပြနိုင်မလား…။

ကျွန်တော်သူ့ကို အိမ်ပြန်ပို့တော့ ညတော်တော်နက်နေပြီ…..။ သူတိုက်ခန်းရှေ့မှာ ကျွန်တော့်ကို သူက ကားပြန်ငှားပေးခဲ့သည်…။

“ဂရုစိုက်ပြန်နော်… ပြန်ရောက်ရင် ကိုယ့်ဆီဖုန်းမက်ဆေ့ချ်ပို့လိုက်ဦး …”

“ဂွတ်နိုက် မမ…အပေါ်တက်တော့…”

ကျွန်တော်သူ့ကိုလက်ပြပြီး သူလှေကားထဲဝင်သွားသည့်အထိစောင့်ပြီးမှ ထွက်ခဲ့လိုက်သည်…။

အိမ်မရောက်ခင် လမ်းတစ်ဝက်မှာပဲ ကျွန်တော်သူ့ဆီမက်ဆေ့ချ်ပို့လိုက်သည်..။

“ အိပ်တော့ မမ ကျွန်တော့်ကို စိတ်မပူနဲ့… ဂွတ်နိုက် fly kiss…”

ကျွန်တော့်မက်ဆေ့ချ်ထွက်သွားပြီး နှစ်မိနှစ်အတွင်းပဲ သူပြန်ပို့လာသည်။

“ ဟင်… အိမ်ပြန်ရောက်ပြီလား မြန်လိုက်တာ….ဂွတ်နိုက် တိတ်ခဲနော်…” တဲ့။

အိပ်ယာပေါ်မှာ နဖူးပေါ်လက်တင်ရင်း တချိန်က သူနဲ့ပတ်သက်ခဲ့ဖူးတာကို ကျွန်တော်စဉ်းစားခန်းပြန်ဝင်နေမိသည်...။ ခုချိန်ဆိုသူဘာလုပ်နေမလဲ.. တစ်ယောက်ထဲ အတွေးနယ်ချဲ့ရင်း စာတွေရေးနေမလား...။ အွန်လိုင်းဖွင့်ပြီး ဘယ်တော့မှမီးမလင်းသည့် ကျွန်တော့်ချက်ဘောက်စ်လေးမှာ “နေကောင်းလား အိန်ဂျယ်..” လို့ လာနှုတ်ဆက်နေမလား...။

မိုးငွေ့

3 comments:

Toe Yee Yee said...

တခုခုကို တွေးဘို့ ကျန်ခဲ့တာ ဘာဖြစ်လို့  ချက်ဘောက်မီးကမစိမ်းတော့တာလဲ လို့ 

julynine said...

Nice one😊

စံပယ်ချို said...

မီက အိန်ဂျယ်အတွက်ခံစားထားတယ်-
စံပယ်ကဖတ်ပြီး ကော်ရည်ခေါက်ဆွဲ စားချင်မိတယ်