ရော်ဝါရွက်ကြွေတစ်ရွက် လေအဝေ့မှာ ပတ်လည်လှည့်ကာလှည့်ကာနဲ့ ကိုယ့်ပေါ်ကြွေကျလာခဲ့တယ်…။ လေးလံထိုင်းမှိုင်းစွာ အပင်ကိုမော့ကြည့်လိုက်တော့ ညနေသုံးနာရီခွဲနေက သစ်ကိုင်းပြိုင်းပြိုင်းတွေမှာ ရွက်ဟောင်းတွေတဖြုတ်ဖြုတ်ကြွေတန်တာကြွေ ပုရစ်ဖူးတွေလည်းထွက်တန်ထွက်နေတဲ့ကြားက ကိုယ်မျက်လုံးထဲ စူးခနဲဝင်လာလေတော့ အမြင်အာရုံတွေမိုက်ခနဲဖြစ်သွားရတယ်…။ ကိုယ်ချက်ချင်းမျက်လုံး မှိတ်လိုက်ပြီး အရှေ့တူယူမှာ မြင်နေရတဲ့ ပန်းပင်တွေဆီကို ခပ်ဖြေးဖြေးပို့လွှတ်လိုက်တယ်..။ ကန်ရေပြင်ပေါ် ဖြတ်တိုက်သွားတဲ့လေနဲ့ နေရောင်ကြောင့် ငွေရောင်ဖိတ်ဖိတ်တောက်ပြီးလက်နေတယ်….။ အဖြူရောင်ငန်းစုံတွဲနှစ်ကောင်ကတော့ ရေပြင်ပေါ်ကူးခတ်နေလေရဲ့….။
ကောင်းကင်တစ်ခုလုံးကြည်စင်လို့ ပြာလဲ့နေကြတယ်….။ တိမ်စိုင်ဂွမ်းစ တစတလေမျှတောင်မရှိပါဘူး….။ ကိုယ်ထိုင်နေတဲ့ သစ်သားခုံတန်းပေါ် (ကိုယ့်ဘေးနား)မှာ ဖတ်လက်စ မဂ္ဂဇင်းစာအုပ်တစ်အုပ်နဲ့ ဆရာမင်းလူရဲ့ အက်ဆေးချစ်သူစာအုပ်လေး….။ ဆရာ့အတွေးနဲ့ရေးထားတဲ့ အက်ဆေးတစ်ပုဒ်ရဲ့ လွတ်လပ်စွာဖန်တီးနိုင်မှုကို သိပ်သဘောကျတယ်..။ အက်ဆေးဆိုတာ အချက်အလက်ကိုအားမကိုးဘူး စိတ်ကူးစိတ်သန်းကိုအားကိုးတယ် ခိုင်မာတိကျတဲ့ အထောက်အထားတွေပါချင်မှပါမယ် ဗဟုသုတဖြစ်စရာ ပညာပေးတွေ အကျိုးပြုတွေပါချင်မှလည်းပါမယ် စာရေးသူက စိတ်ကူးအလျဥ်းသင့်သလိုချရေးသွားတဲ့စာမျိုးတဲ့…။ ကိုယ်လည်း အက်ဆေးချစ်သူပါပဲလေ…။ စိတ်ကူးပေါက်ရာချရေးတတ်တဲ့ကိုယ့်အတွက် အက်ဆေးရေးခြင်းသည်သာ အသင့်လျော်ဆုံးလို့ထင်တယ်လေ…။ ဒါကြောင့် လွတ်လပ်ပေါ့ပါးမှုနဲ့ဆက်နွယ်တဲ့ အက်ဆေးရေးနည်းကို ကိုယ်အားကိုးခဲ့တယ်…။ ဆရာပြောသလိုပဲ အက်ဆေးရေးရတာ လွတ်လပ်တယ် ဒါပေမယ့် လွယ်ကူတယ်လို့တော့မပြောနိုင်ဘူး…။ တခါတလေ ရှောရှောရှုရှုဖြစ်တတ်ပေမယ့် တခါတလေကျ အတွေးသာရှိပြီး ချရေးလို့မရဘဲဖြစ်နေတတ်တယ်…။ စာတစ်ကြောင်းအတွက် တနေကုန်ချင်ကုန်တတ်နေမယ်..။ ခုတလော ကိုယ်အဲလိုသိပ်ပြီးခံစားနေရတယ်… စာတွေရေးမထွက်ဘူး…။ စာတကြောင်းကို တနေကုန်မက တစ်ပတ်ဆယ်ရက်လဲဖြစ်ချင်ဖြစ်နေတတ်တာမျိုး..။ စာရေးချင်သူတစ်ယောက် စာရေးလို့မရတာဟာ စီးကရက်စွဲနေသူတစ်ယောက် အချိန်ကျလို့ စီးကရက်မသောက်ရလို့ ခံတွင်းချဉ်နေတာနဲ့ ဆင်တူနေမလားဘဲလေ…။
ပြီးတော့ အက်ဆေးမှာ ဦးတည်ချက် ရည်ရွယ်ချက်တွေမပါဘဲ စိတ်ကူးတည့်ရာ လျှောက်ရေးနေခြင်းမျိုးဖြစ်တယ် ဆိုပေမယ့်လည်း တဖက်သတ်ပြောလို့မဖြစ်ပြန်ဘူး…။ တခါတရံ မိုးရွာလို့ ရေစီးကြောင်းလေးတွေ ဖြစ်ပေါ်လာပုံကို တခမ်းတနား ရေးချင်ရေးတယ်…။ တခါတလေ အလွန်ခက်ခဲနက်နဲတဲ့ စကြာဝဠာကြီးအကြောင်း ဖြစ်ချင်ဖြစ်နေပြန်တယ်…။ တခါတလေကျတော့လည်း သာမန်အသေးအဖွဲ့မျှသာဖြစ်တဲ့ ပုရွက်ဆိတ်ကလေးတစ်ကောင်အကြောင်းကို အစပြုပြီး သဘာဝလောကကြီးအကြောင်းနက်နဲတဲ့ အဘိဓမ္မာအကြောင်းတွေကို ဆက်စပ်ဆွဲယူတင်ပြ တတ်သေးတယ်လေ…။
အက်ဆေးရေးတယ်ဆိုတာ ကိုယ့်ခံစားချက် ကိုယ့်အတွေ့အကြုံ ကိုယ့်စိတ်ကူး ကိုယ့်အတွေးအခေါ်ကို ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေကို ရင်ဖွင့်ပြောပြရတာနဲ့တူတယ်…။ အက်ဆေးဖတ်ရတာကျတော့ ဘာနဲ့တူသလဲဆိုရင် တနေ့လုံးအိမ်ထဲမှာ ကုပ်နေရလို့ ညနေစောင်း အညောင်းပြေ လမ်းလျှောက်ထွက်ရတဲ့ အရသာမျိုး…။ အက်ဆေးဖတ်တဲ့အခါ တပန်းသာတဲ့အချက်တစ်ချက်လည်းရှိသေးတယ်…။ အက်ဆေးဟာ စာဖတ်သူကို လှည့်စားခြင်း ညွှန်ကြားခြင်း ဆုံးမခြင်း ပညာပေးခြင်းတွေ မပြုခြင်းပဲဖြစ်တယ်…။ များသောအားဖြင့် အက်ဆေးဟာ စာဖတ်သူကို တိုက်ပင်ခြင်း ညှိနှိုင်းခြင်း တင်ပြခြင်းသာပြုလေ့ရှိတယ်….။
ခုနောက်ပိုင်း အက်ဆေးတွေဟာ ဝတ္ထုဆန်လာသလို တချို့ ဝတ္ထုတွေက အက်ဆေးဆန်လာကြတယ်..။ ကိုယ် 2011ခုနှစ်လောက်တုန်းက ရေးခဲ့ဖူးတဲ့ တနင်္ဂနွေမိုးသည်း ဆိုတဲ့အက်ဆေးမှာ စကားပြောသောအက်ဆေးလို့ ဆရာဦးဟန်ကြည် မှတ်ချက်လာပေးသွားတာခုထိမှတ်မိနေသေးတယ်...။
ခုပဲကြည့်လေ ကိုယ်ဒီအက်ဆေးကိုစရေးတုန်းက ဦးတည်ချက်ကတမျိုး တကယ်ချရေးဖြစ်တော့ စိတ်ကူးကတမျိုးဖြစ်သွားတယ်…။ အက်ဆေးတပုဒ်ဖြစ်လာဖို့ခံစားမှုတွေကို တင်ပြသလိုဖြစ်သွားတယ် မဟုတ်လား…။ ဆရာမင်းလူရဲ့ အက်ဆေးချစ်သူထဲက ကိုယ်အကြိုက်ဆုံး “အက်ဆေးအကြောင်းအက်ဆေး”ကို ပြောပြမိနေပြီလေ…။ ကိုယ်တစ်ချက်ပြုံးမိသွားခဲ့တယ်…။ ကိုယ်ကိုယ်တိုင်လည်း အက်ဆေးတပုဒ်ဖြစ်နေပြီလား လို့လေ…။ စာအုပ်လေးကို ဖတ်လက်စ စာမျက်နှာမှာ book mark လေးအသာညှပ်ထည့်ရင်း စာအုပ်ကိုပိတ်ဘေးမှာချ ကောင်းကင်ကိုပြန်မော့ကြည့်မိတယ်……။
အိုးးး….. ကြည့်စမ်း ဒီလောက်တိုက်ဆိုင်မှုရှိပါ့မလား…။ စောစောက ကြည်စင်ကောင်းကင်မှာ ခုတော့ အတောင်ပံတစ်စုံနဲ့ အိန်ဂျယ်ပုံလေးထင်းခနဲပေါ်နေတယ်….။ ကိုယ်မင်းအကြောင်းအက်ဆေးတွေ မရေးဖြစ်တာကြာလို့ ကိုယ်ထင်ပြတာလား အိန်ဂျယ်….။ တကယ်တော့ အိန်ဂျယ့်ကို ကိုယ်သိပ်ကျေးဇူးတင်ရမှာပါ…။ ကိုယ်အက်ဆေးတွေအများကြီးရေးထွက်လာနိုင်အောင် ကိုယ့်ကို ရှေ့ဆောင်လမ်းပြ ခံစားမှုရသတွေကို ပေးစွမ်းခဲ့တာလေ…။ အိန်ဂျယ်သာမရှိခဲ့ရင် ကိုယ်လည်း အက်ဆေးလှလှလေးတွေကို ရေးဖြစ်ခဲ့မှာမဟုတ်ဘူး..။ ကိုယ့်ကိုလည်း ကိုယ့်နာမည်ထက် အိန်ဂျယ်နဲ့ပိုပြီးတွဲမိနေကြပြီလေ…။
ပြန်ခါနီး စာအုပ်တွေကောက်သိမ်းရင်း သစ်သားထိုင်ခုံနောက်မှီလေးမှာ ဘယ်သူရေးခြစ်ခဲ့မှန်းမသိတဲ့ စာကြောင်းတခုကို ဖတ်လိုက်မိတယ်..။
“နွေဦးလေပြေ မောင့်ကိုစေ” တဲ့…..:)
မိုးငွေ့
7 comments:
ချိုချိုလေးနဲ့ ညက်ညောနေတာပဲ :)
ဒါလေးဖတ်မိတော့ သင်္ကြန်ကို ချက်ချင်းသတိရမိတယ်မကြီးရေ
အိန်ဂျယ်နဲ့ မြန်မာနှစ်သစ် မှာဆုံစည်းပျော်ရွှင်ပါစေနော်..
နွေဦးဟာ လေပြေမတိုက်ခဲ့ဘူးအိန်ဂျယ်
ွှTTA
ရာသီကိုက..အူလည်လည်ရာသီဥတုကိုမမရဲ့
ခုပူလိုက် ခုအေးလိုက်..လူလဲလုံးလည်ချာလည်လိုက်လို့။
မမရေးတဲ့အက်ဆေးတွေကိုသဘောလဲကျတယ်။အဲ့လိုရေးတတ်တာကိုအားလဲကျတယ်^_^
@Ahthu
ကိုယ်ချစ်တဲ့ အိန်ဂျယ်ဟာ ကိုယ်ရေးတဲ့ အက်ဆေးလို ၊ အေးစက် နေသလား အိန်ဂျယ် ..း)))
အက်ဆေးချိုချိုလေးကို ဖတ်သွားခဲ့တယ် မမိုးငွေ့။
Please visit the blog below.
http://wunzinminraja.blogspot.sg/
ဝန်ဇင်းမင်းရာဇာ
Post a Comment