လသာဆောင်ကနေမျှော်ကြည့်တော့… တိမ်ညိုတွေက အုပ်အုပ်ဆိုင်းဆိုင်း….။ ကိုယ့်ကိုအမြဲပြုံးပြနေကျ လမင်းကြီးမရှိ… လင်းလက်မှိတ်တုတ်နေတဲ့ ကြယ်ကလေးတွေမရှိ….။ ငွေကြယ်စင်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိ….။
လွမ်းလှပါရဲ့……….။
လေပြေနဲ့အတူ မိုးစက်မှုန်တွေတိုးဝေ့လာကြတယ်….။ ကိုယ်ဝတ်ထားတဲ့ အိမ်နေရင်း ဘလောက်စ်အပွလေးက ကိုယ်ဆံနွယ်တွေနဲ့အပြိုင် လေထဲလွင့်လွင့်လူးလူး….။ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း ဖုန်းထဲက အိန်ဂျယ်ပုံလေးနဲ့တင်ထားတဲ့ မင်း contact ပုံလေးကို ပြန်ဖွင့်ကြည့်မိနေတယ်…။ အဖြူရောင်အတောင်ပံတစ်စုံကို ဖြန့်ကျက်လို့ ဝမ်းနည်းနေတဲ့ ကောင်မလေးကိုပန်းစည်းလေးနဲ့ နှစ်သိမ့်နေတဲ့ အိန်ဂျယ်ကောင်ကလေး…..။
သတိရနေ လွမ်းတနေလည်း မင်းကအနားမှာမှမရှိဘဲလေ……။
ဟိုအရင်တွေတုန်းက ကိုယ့်အိပ်မက်ထဲကိုလာခဲ့ပါလို့ အကြိမ်ကြိမ်ခေါ်ခဲ့ဖူးလည်း မင်းရောက်မလာခဲ့ပါဘူး...။
အိပ်မက်မက်တယ်ဆိုတာ တစ်စုံတစ်ယောက်က သတိတရရှိလို့ နှုတ်ကဖြစ်စေ စိတ်ကဖြစ်စေ တမ်းတလိုက်လို့ မက်တာလို့ကြားဖူးခဲ့တယ်...။ စွဲလန်းနှစ်သက်လွန်းလို့ အိပ်မက်တယ်ဆိုတာတော့ မဖြစ်နိုင်ဘူး...။ ဒီလိုဆိုဖြင့် မင်းညတိုင်း ကိုယ့်အိပ်မက်ထဲရောက်နေတော့မှာ...။
ဒါဆို မင်းကိုယ့်ကို သတိရလွမ်းဆွတ်နေခဲ့လို့လား အိန်ဂျယ်.....။
ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ထိတွေ့ကိုင်တွယ်လို့မရတဲ့ မင်းပါဝင်ခဲ့တဲ့ အိပ်မက်ကလေးကို သိမ်းဆည်းထားချင်သေးတယ်...။
အိပ်မက်ထဲမှာ မင်းက ကိုယ့်ပခုံးကိုသိုင်းဖက်လို့ ကိုယ်တို့နှစ်ယောက်အတူ ကြည်ကြည်နူးနူးလေး လျှောက်လည်နေကြတာတဲ့...။ ပြီးတော့ မင်းက ကလေးတစ်ယောက်လိုပဲ ဂဂျီဂဂျောင်ကျနေသေးတယ်...။ လက်တွေ့မှာတော့ မင်း လူကြီးတစ်ယောက်လို ရင့်ကျက်နေပြီမဟုတ်လား..။
မိုးငွေ့
No comments:
Post a Comment