Thursday, 21 February 2013

ဘုရားသခင်ပေးတဲ့ပန်းသီး.....





“မမ…တော်တော်နေနိုင်တယ်ဗျာ…. ဖုန်းနံပါတ်လေးပေးထားတာတောင် တခါကလေးမှမဆက်ဘူး” တဲ့…  ကိုယ့်ဆီကို မင်းပထမဦးဆုံးဖုန်းစဆက်တော့ ရန်တွေ့သွားတဲ့စကားလေးလေ…..။


ဟုတ်တယ်…..ကိုယ်မင်းကို သတိရတယ်…လွမ်းတယ်…တမ်းတမ်းမက်နဲ့ကို လွမ်းဆွတ်ပါတယ်… ဒါပေမယ့် မင်းဆီကိုဖုန်းစခေါ်ဖို့တောင် ကိုယ့်ရဲ့ ဦးနှောက်တွေက နှလုံးသားကို အလွှာပါးပါးလေးတွေနဲ့ ခြားထားခဲ့တယ်…….။ အဲဒါဟာ မာနမဟုတ်ပါဘူး… ကန့်သတ်မှုတစ်ခုပါ…..။


ဒါနဲ့… မင်းရော ကိုယ့်အသံကိုမကြားရလို့ ကိုယ့်ကိုလွမ်းမနေဘူးလားဟင်…အိန်ဂျယ်…:) ရုပ်လုံးမပီပြင်တဲ့ အပြုံးတစ်ခုကို ကိုယ်ဖန်တီးမိပြန်ပြီ…။ လွမ်းလို့ရူးနေပြီထင်ထင်… ပြန်စာဘယ်တော့မှမလာတတ်တဲ့ မက်ဆေ့လေးတွေကိုလည်း ညအိပ်ယာဝင်မှာ မင်းဆီကို ပို့ပို့ပေးတတ်နေသေးတယ်…။ ဂျီတော့ ဖဘ ဖုန်း ဆက်သွယ်နိုင်သမျှ အမျှင်တွေအားလုံးကို မင်းဘလော့လုပ်ချင်လုပ်ထားလိမ့်မယ်….။ ဒါပေမယ့် ကိုယ့်ရင်ဘတ်ထဲက ပျံသန်းလာမယ့် စကားလုံးတွေကိုတော့ မင်းတားမြစ်ပိတ်ပင်လို့မရပါဘူး….။ 


ဘာပဲဖြစ်ဖြစ်…. ကန့်သတ်ချက်တွေပြည့်နှက်နေခဲ့တဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ဆုံဆည်းမှုုဟာ မှားယွင်းမှုတစ်ခုမဟုတ်ပါဘူး…။ ဒီအတွက် ကိုယ့်မှာ နောင်တဆိုတာလည်း ဘယ်တော့မှရှိမှာမဟုတ်ဘူး….။ မင်းသိလား…ဘုရားသခင်က ကိုယ့်ကိုပန်းသီးတစ်လုံး လက်ဆောင် ပေးခဲ့တာဟာ… ပန်းသီးလေးချိုသည်ဖြစ်စေ ချဉ်သည်ဖြစ်စေ… အဆိပ်တွေ နာကျင်မှုတွေနဲ့ ပြည့်သိပ်နေပါစေ…. အဲဒီပန်းသီးလေးကို ကိုယ်ကုန်အောင်စားမယ်…။ အေးစက်သောညများကိုဖြတ်သန်းရင်း… ပူပြင်းလောင်မြှိုက်သောနေ့များကို ဖြတ်သန်းရင်းနဲ့လည်း ပန်းသီးလေးကို ကိုယ်စားသုံးနေဦးမှာပါ…..။


မင်းကတော့ ဘယ်လောက်နာကျည်းနေတယ်မသိ… ကိုယ့်အိပ်မက်ထဲတောင် ယောင်ပြီး ရောက်မလာတတ်ပါဘူး….။ တကယ်ဆိုရင်လေ…. မင်းဆီဖုန်းစဆက်ပြီး… “နေကောင်းလား ဘာတွေလုပ်နေလဲ… မတွေ့တာကြာပြီ… မင်းကတော်တော်နေနိုင်တာပဲ ကိုယ့်ဆီတောင်ဖုန်းမဆက်ဘူး.. ဘာလဲ ခုထိစိတ်ကောက်မပြေသေးဘူးလား….ကိုယ်ကတော့ မင်းအသံမကြားရလို့ မင်းဆိုတဲ့သီချင်းတွေကိုနားမထောင်ရလို့ ပြီးတော့ မင်းစကားလာလာပြောပြီး ကော်ဖီမတိုက်တဲ့ညတွေကို ကိုယ်ဘယ်လောက်လွမ်းနေရသလဲ မင်းသိလား…” လို့ပြောရင် …မင်းနဲ့ ကိုယ်တို့ရဲ့ကြားက အဖြူရောင်အလွှာပါးပါးလေး လွင့်ပြယ်ပျောက်ဆုံးသွားလိမ့်မယ်လို့ ကိုယ်ယုံကြည်မှုမရှိခဲ့လို့ပါ…။

သြော်… မင်းတစ်ခါတော့ဖုန်းဆက်ပါတယ်… ကိုယ့်ကိုသတိရလို့လား လွမ်းလို့လားဘာလားတော့ ကိုယ်မခန့်မှန်းတတ်ပေမယ့်… မင်းဖုန်းအဝင်call လေးကို ကိုယ်အကြာကြီးငေးကြည့်နေမိသေးတယ်…။ ခရီးလွန်ပြီး ဖုန်းကဒ်ကုန်ခါနီးနေလို့ ဖုန်းကဒ်ဖြည့်ပေးဖို့ အကူညီတောင်းတာပါ…။ ဒါဟာ…စမ်းသပ်မှုတစ်ခု သို့မဟုတ် မာယာတစ်ခုဖြစ်ချင်ဖြစ်မယ်…. ရိုးသားစွာအကူအညီတောင်းတာလဲ ဖြစ်ချင်ဖြစ်မယ်… ကိုယ့်အတွက်တော့ အသံလေးတစ်ခုဟာ နားစည်ကတဆင့် စိမ့်ဝင်ခိုအောင်းသွားခဲ့ရတာ… ဘယ်ဖက်အိတ်ကပ်ကလေးဆီကတောင် ယိုကျဖိတ်စင်ကုန်လို့…..။ ကိုယ့်ဆီက မင်းထွက်သွားပြီး ပထမဆုံးအကြိမ်ဖုန်းခေါ်ခြင်းပါ…. နောက်ဆုံးအကြိမ်လည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်….။

ကဲပါလေ….. ကိုယ့်အတွက်ဆို ခါးသီးမှုများကိုတောင် ချိုမြိန်သွားစေမယ့် ပန်းသီးလေးအဖြစ်နဲ့ မင်းဆက်ရှိသွားမယ်ဆိုရင်ပဲ မင်းတို့ဘုရားသခင်ကို ကျေးဇူးတင်နေမိတော့မှာပါ….။


မိုးငွေ့


9 comments:

ညိမ်းနိုင် said...

ကျားတို့အိမာယာ ထင်တယ်......ဖုံးကဒ်လှမ်းမှာ တာက
လေ.... :)))

မိုးနတ်ကြယ်စင် said...

မိုးနတ်အထင်တော့ ဒါပြန်ပြီးဆက်သွယ်ချင်လို့
ဇာတ်လမ်းထွင်တာများလားးးးးးးးးးး တခုခုတော့
တခုခုပဲ....ယောကျာ်းတွေလဲ ညဏ်များတဲ့နေရာမှာ
နှစ်ယောက်ရှိတာမှ မဟုတ်တာ :)

ချစ်စံအိမ် said...

အရေးအသားလေးကောင်းတယ် မိုးငွေ့ ရေ အားပေးခဲ့ပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

မမိုးစားနေတဲ့ ပန်းသီးလေးဟာ ချိုမြတဲ့ ပန်းသီးလေးဖြစ်ပါစေ..လို့

Yoemyaykya said...

ပန်းသီးထဲ စီးမြောသွားတာ ရင်တွေခုန်လာတာတောင် ကိုယ့်ကိုယ်ကို သတိမထားမိဘူး

Yoemyaykya said...

ပန်းသီးထဲ စီးမြောသွားတာ ရင်တွေခုန်လာတာတောင် ကိုယ့်ကိုယ်ကို သတိမထားမိဘူး

Candy said...

ဒီပိုစ့်လေးကြိုက်တယ်... :D
မ ဆိုတဲ့အသုံးအနှုန်းလေးကိုရောပေါ့ :D

မောင်သီဟ said...

ဖတ်ရင်း ပန်းသီးတစ်လုံးကိုအားရပါးရ ခွပ်ခနဲ့ မြည်အောင် ကိုက်စားပစ်ချင်တယ်း)

ချစ်သောကမ္ဘာမြေ ပို့စ်မှာ မိုးငွေ့နဲ့ဝေးတဲ့ အရပ်မှာ အိန်ဂျယ်တစ်ယောက် နှင်းငွေ့တွေကြား မိုးငွေ့ကို လွမ်းဆွတ်နေမလား တွေးမိပါရဲ့



မောင်မောင်ဘကြိုင်း)

Unknown said...

တကယ်ပိုက်ဆံမရှိလို့ဖြစ်ပါလိမ့်မယ်.....ဟဟ