ခေါင်းရင်း ပြူတင်းပေါက်မှန်ကို လာထိစင်တဲ့ မိုးစက်မိုးပေါက်သံတွေကို နားထောင်ရင်း ကျွန်မသူ့ကိုမျှော်နေတတ်ခဲ့တာ ရာသီစက်ဝိုင်းတစ်ပတ်လည်ခဲ့ပါပေါ့လား....။
တကယ်တော့ ဘယ်တော့မှ ပြန်ရောက်မလာတော့တဲ့သူတစ်ယောက်ကို ကျမ မမျှော်သင့်တော့ပါဘူး...။
တချိန်က ဒီအခန်းကျဉ်းလေးထဲမှာ နွေးထွေးမှုတွေလွှမ်းခြုံရစ်သိုင်းခဲ့ဖူးတယ်....။
သူ့လက်ရာ ကော်ဖီရနံ့မွှေးမြမြကို ဧည့်ခန်းကော်ဖီစားပွဲလေးကနေ မျက်စိမှိတ်ရင်း ရှူရှိုက် စောင့်မျှော်ရတာ ရင်ခုန်ကြည်နူးစရာတစ်ခုပါ...။
သူက နိုင်ငံခြားကလာတဲ့ ကော်ဖီစေ့တွေကိုမှ ကိုယ်တိုင်စက်နဲ့ကြိတ်ပြီး ဖျော်ပေးတာ...။ သူဖျော်ပေးတဲ့ ကော်ဖီအရသာမျိုး ဒီကမ္ဘာမှာ ဘယ်မှာမှမရနိုင်တဲ့ အရသာမျိုး...။ အဲလိုလေးချီးကျူးမိရင် သူက ပြန်ပြောတတ်သေးတယ်...။
“ဒါကတော့ ကော်ဖီထဲကို ကိုယ်က မမြင်နိုင်တဲ့ အချစ်တွေထည့်ဖျော်ထားတာကိုးး..” တဲ့
ကျွန်မကိုကော်ဖီဖျော်နည်းလေးသင်ပေးဖို့ မကြာခဏပူဆာပေမယ့် သူက လုံးဝသင်ပေးဖို့ အစီအစဉ်မရှိပါဘူးတဲ့လေ...။ ကဲ ...အဲလိုသူက ..။
ပညာစားချန်တယ်လို့ပြောမိရင်...
“မဟုတ်တာ... ကိုယ်က ကိုယ်သိပ်ချစ်တဲ့ ညိုအတွက် ကိုယ့်လက်နဲ့ ကိုယ်တိုင်အမြဲဖျော်ပေးချင်လို့ပါ”တဲ့ ..။ အဲလို ကျွန်မမူးမေ့လဲသွားနိုင်တဲ့ စကားလေးတွေနဲ့လဲ သူချုပ်နှောင်တတ်သေးတယ်...။
ကျွန်မ မိုးကိုချစ်တတ်ခဲ့တာသူ့ကြောင့်လည်းပါမယ်...။ မိုးအေးအေးမှာ သူ့ကော်ဖီနွေးနွေးလေးနဲ့ အမြဲအတူရှိတဲ့အခါ မိုးသည်းညတွေကို ကျွန်မပိုပြီးတွယ်တာမက်မောတတ်လာခဲ့တယ်...။ တကယ်တော့ သူကော်ဖီဖျော်တတ်သွားတာ ကျွန်မကြောင့်လည်းပါပါတယ်....။
ကျွန်မတို့စဆုံခဲ့တဲ့အချိန်က ....... သူဟာ ကော်ဖီတစ်ခွက်ကိုဖျော်ဖို့မပြောနဲ့ ကော်ဖီအနံ့ကိုတောင်မှကြိုက်နှစ်သက်ခဲ့တာမဟုတ်ဘူးတဲ့..။
ကျွန်မအတွက်နဲ့ ကျွန်မ မသိအောင် သူက ကော်ဖီဖျော်နည်းကို စနစ်တကျသင်ယူလေ့လာခဲ့တယ်...။ ကျွန်မကိုဒီအခန်းလေးမှာပဲ သူ့ရဲ့လက်ရာကော်ဖီတစ်ခွက်ကို စပြီးဖျော်တိုက်ခဲ့ဖူးတာ...။
တစ်ခါတုန်းက ဒီအခန်းလေးထဲမှာ ကော်ဖီရနံ့တွေပျံ့လွှင့်ခဲ့ဖူးတယ်....။ သူ့ရင်ဘတ်ထဲက သံစဉ်တွေကိုနားထောင်ခဲ့ဖူးတယ်..။ သူ့ရဲ့ကဗျာပန်းပွင့်တွေကိုလဲ နမ်းရှိုက်ခဲ့ဖူးတယ်...။ ခုတော့...သူနဲ့ ကျွန်မဆိုတာ ဘာမှမသက်ဆိုင်ကြတော့တဲ့သူတွေအဖြစ် တသီးတခြားဖြစ်သွားခဲ့ပြီ....။

ခုတော့....
မိုးသည်းညတွေမှာ ကျွန်မရယ်...အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်လေးရယ် ကြွေပန်းအိုးထဲက ပန်းနုရောင် နှင်းဆီပွင့်လေးရယ်...ဖတ်လက်စ...ကော်ဖီရနံ့ဆိုတဲ့ စာအုပ်ကလေးရယ်ပဲ ကျန်ရစ်ခဲ့တော့တယ်...။
မိုးငွေ့
9 comments:
သူက ကော်ကော်ထဲမှာ အချစ်တွေနဲ့ဖျော်ထားတာကို ..
အမြဲအားပေးလျက်
လွင်ပြင်လှိုင်းငယ်
အဲ့လို တစ်ယောက်ထဲ ကျန်နေခဲ့ရတဲ့ အဖြစ်ဟာ သိပ်ကို နာကျင်စရာကောင်းတယ်.. ။
တနေ့နေ့ တချိန်ချိန် ပြန်ရောက်ချင်လဲရောက်လာမှာပါ
မျော်လင့်နေရတဲ့အတွက် စိတ်ကျမသွားဖို့ပဲ
လိုအပ်ပါတယ်ရှင်
ချစ်တဲ့ ဘုစု
အဖော်တွေနဲ့ အဖော်မဲ့သူ
ဖတ်ရင်းနဲ့စိတ်မကောင်းလိုက်တာ။ဘာပဲပြောပြော ကျန်ရစ်သူက ပိုလွမ်းရတာပဲနော်။
ဒီကမ္ဘာမှာ ဘယ်မှာမှ မရနိုင်တဲ့ ကော်ဖီတွေလည်း သူတို့ရဲ့ ပိုင်ရှင်နဲ့အတူ တခါတည်း အေးစက်သေဆုံး သွားခဲ့ပြီပေါ့..၊
မမိုးငွေ့ရဲ့ အက်ဆေးလေး ဖတ်ရတာ ဖျော်ပြီးစ ကော်ဖီတစ်ခွက်ရဲ့ အပေါ်က အငွေ့တန်းလေးကို ကြည့်နေရသလို ပါပဲ..၊ ပါးပါးလျလျကလေး...၊ ဒါပေမယ့် အလွမ်းရနံ့က သင်းတယ်...။
သြော် ငွေ့ငွေ့ရယ် ဒီမှာလည်း မိုးတွေသည်းတယ်ဟယ်း) ကော်ဖီဖျော်တိုက်မယ့်သူကို ငွေ့ငွေ့ပို့စ်ဖတ်ရင်း မျှော်မိမလိုဖြစ်သွားတယ်း)
ကွန်လည်းကောင်းဖူးကွယ်ရို့
မောင်ဘကြိုင်
ကောင်လေးကသေသွားတာလား...ဒါမှမဟုတ်
ထားသွားတာလား...ဘာပဲဖြစ်ဖြစ် စိတ်မကောင်းဘူးရှင်
ကောင်မလေးခမျာ....ဘယ်အချိန်ထိစောင့်နေရမှာပါလိမ့်....အက်ဆေးကောင်းလေးအားပေးသွားတယ်နော်
ခင်မင်နေတဲ့...မိုးနတ်
ထုံးစံအတိုင်း ကောင်းမြဲ ကောင်းဆဲ.. ခံစားပြီး ဖတ်သွားပါတယ် မမ
Post a Comment