
တိမ်တွေပြိုဆင်းလာပြီလား…..
နာရီလက်တံကိုးဂဏန်းနေရာကို တည့်တည့်ညွှန်ပြနေပြီ….။ ကိုယ်လက်ထဲက ဖုန်းတစ်လုံးကအဆင်သင့်…ဘယ်ချိန်မြည်လာမလည်းဆိုတာကိုစောင့်ဆိုင်းရင်း ရင်တွေတဒိတ်ဒိတ်ခုန်နေမိတာ ဖုန်းထဲက အသံတစ်ခုကိုကြားရတဲ့အခါ ကိုယ်ဘာတွေပြန်ပြောမိမလဲ ဘာတွေဖြေမိမလဲဆိုတာကို ကြိုတင်ရင်ခုန်ရတာ ကျောင်းတုန်းက ပရက်တီကယ်ခန်းထဲ ဆရာမရှေ့မှာ ဗိုင်ဘာဖြေရသလိုပဲ…..။ ဆရာမကြီးကြည်အေးရဲ့ နွမ်းလျအိမ်ပြန်ကို ဖတ်ရင်း… ဘေးဖက်နံရံဆီက ချိတ်ဆွဲထားတဲ့ နာရီကိုလည်း ငဲ့စောင်းကြည့်ရသေး….ကိုးနာရီ ဆယ့်ကိုးမိနစ်တဲ့…။ သူကိစ္စတစ်ခုခုရှိလို့နောက်ကျတာဖြစ်မှာပါလို့ ဖြည့်တွေးလိုက်တယ်…..။
စာအုပ်တစ်ဝက်ကျိုးသွားပြီ….။
ဆယ်နာရီတဲ့……။ သေချာပါပြီ သူဖုန်းမဆက်တော့ပါဘူး…။ ရင်ထဲမှာ နွမ်းလျသွားတဲ့ ဝေဒနာတစ်ခုက ရေးမပြတတ်အောင်ပါပဲ….။ မျှော်လင့်ချက်တစ်ခုပေးထားပြီး… ဖြစ်မလာတဲ့အခါ ခံစားရတဲ့ ခံစားမှုမျိုးကို ကိုယ်အကြောက်ဆုံးပဲ…..။ လူတွေဟာ ကိုယ်အကြောက်ဆုံးအရာ မဖြစ်ချင်ပါဘူးဆိုတဲ့ အရာမျိုးနဲ့ မကြာခဏကြုံဆုံတတ်ကြတယ်တဲ့….။ ဟင့်အင်း…ကိုယ်အဲလိုမျိုးမခံစားချင်ဘူး….။ ဒါပေမယ့်လည်း လွန်သွားခဲ့ပြီ…။ ကိုယ်အာရုံပြောင်းကြည့်တယ်… စာအုပ်တွေလျှောက်ဖတ်တယ်…..။ စာအုပ်ရှေ့မှာသာရှိပေမယ့် စိတ်တွေက လွင့်နေတာ….။ ရင်ဘတ်တစ်ခုလုံးနှုံးခွေနေတာပဲ……။ ရှေ့က လက်ဖက်ရည်ကြမ်းခွက်ကို မော့သောက်လိုက်တယ်….။
မေ့လိုက်ပါ…..မေ့ပစ်လိုက်ပါ… ၉နာရီဖုန်းဆက်လာမယ်ဆိုတဲ့ ကိစ္စကိုမေ့ပစ်လိုက်ပါ….။ ကိုယ်ကိုယ့်ကို ပြန်အမိန့်ပေးကြည့်တယ်..။ ရမလားလို့ပေါ့……..။ ရင်ထဲ တင်းကျပ်နေဆဲပဲ…။ အစိုင်အခဲတချို့ တစ်ဆို့နေသလိုလို…..။ တကယ်ဆို ဒီလိုဝေဒနာမျိုးကို ခံစားခဲ့ဖူးပါလျက်နဲ့များ ဇာချဲ့နေသေးတယ်လို့ ကိုယ့်ကိုယ်ကို မကျေမနပ်လည်းဖြစ်မိသွားတယ်…။
ဖုန်းသံမြည်လာတယ်….။
ဖုန်းကိုလှမ်းကြည့်လိုက်တော့ သူမဟုတ်ဘူး……။ သူငယ်ချင်းတစ်ယောက်ဆီကပါ…။ သူပြောစရာစကားရှိတယ်ဆိုလို့… နားထောင်ပေးလိုက်တယ်…။ သူပြောပြတဲ့ ဇာတ်လမ်းရှည်ကို ကိုယ်နားထောင်ရင်း ဝမ်းနည်းလာလို့ တရှုံ့ရှုံ့ငိုလိုက်မိတယ်…။ တဖက်က သူငယ်ချင်းက တဟားဟားနဲ့ရီပါလေရော…..။ တကယ်တော့ ငိုချင်လျက်လက်တို့ဖြစ်သွားတာပါ….။ ထားပါတော့လေ….။ မျက်ရည်ဆိုတာ ကျဖို့ပဲမဟုတ်လား သိမ်းထားဖို့မှမဟုတ်တာ…။ ကိုယ်ရဲ့ ရူးသွပ်မှုတွေကို သူသိသွားလို့ သူထိတ်လန့်သွားလု့ိလည်းဖြစ်မှာပါလေ……။ တကယ်တော့… မဖြစ်နိုင်တဲ့အရာကိုဖြစ်အောင် ဖန်တီးယူနေတာ မဟုတ်ပါဘူး….။ တခါတလေကျရင် ကိုယ့်ကို သူတွေ့ချင်တယ်တဲ့….။ စိတ်ကူးသက်သက်ပါ…။
ကိုယ်လေ…အခွင့်ရတုန်းလေးပဲ… သူ့သီချင်းသံကိုနားထောင်ချင်မိတာပါ….။ ကိုယ့်မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး…..။ သူ့ဆီကဘာမှကိုယ်မလိုချင်ဘူး ဘာမှလည်းမေတောင်းဆိုပါဘူး…..။ ကိုယ်သူ့ကို ခံစားရရုံသက်သက်… မက်မောတွယ်တာ တာပါ…။ သူနဲ့ပတ်သက်သမျှအားလုံးဟာ အဖြူသက်သက်ချည်းပဲ…။ ဒါကို သူသိနားလည်ပါစေလို့ ဆုတောင်းရုံပဲ ကိုယ်တတ်နိုင်တယ်…။ ညကအရင့်ဖက်ကိုဦးတည်နေတယ်….။
ခေါင်းကိုက်လိုက်တာ……
ဗိုက်ထဲမှာလည်းဟာတာတာနဲ့….မျက်ဝန်းတစ်စုံကစိုစွတ်နေဆဲပဲ။ မနေ့ညက ကော်ဖီပူနေလို့ ကိုယ်ကော်ဖီပူကို ခပ်နွေးနွေးဖြစ်အောင် လုပ်ပေးလို့ သောက်လို့ကောင်းတယ်တဲ့…..။ ကိုယ့်ကိုတော့ နဲနဲတောင်မတိုက်ဘူးပြောတော့…။ အပြင်မှာတကယ်တွေ့မှပဲ တိုက်တော့မယ်လို့သူပြောတယ်….။ ကိုယ်မှာဖြင့် သူတိုက်မယ့်ကော်ဖီတစ်ခွက် သောက်ရချည်သေးရဲ့လို့ စိတ်ကူးတွေယဉ်ပြီး…ညတော်တော်နဲ့ အိပ်မပျော်ဘူး…။
သူ့ဆီက ပုံပြင်တစ်ပုဒ်ရလိုက်တယ်လို့ မမှတ်ယူချင်ပါဘူး…..။ ခုက ပုံပြင်မှမဟုတ်တာ……. ဘယ်သူမှမသိလိုက်တဲ့…… တိတ်တဆိတ်စကားတချို့နဲ့…ကိုယ့်ဘာသာကြေကွဲခဲ့ရတဲ့ ညလေး……
ခံနိုင်စွမ်းမဲ့လိုက်လေလို့…ကိုယ့်ကိုယ်ကို ဆဲရေးမိတယ်…..။ တည်ငြိမ်နေတဲ့ ကန်ရေပြင်ဟာ…တစ်ချက်ကလေးဝေ့လိုက်တဲ့ လေပြေနုလေးရဲ့ ဒဏ်ကြောင့် လှိုင်းကြက်ခွပ်တွေထသွားတတ်သေးတာပဲ……
ထားပါတော့လေ…..ထားပါတော့.....။
ပြီးခဲ့တာတွေ လွန်ခဲ့တာတွေ ဖြစ်မလာတော့တာတွေကို စာဖွဲ့မနေပါနဲ့တော့……စိတ်ချပါ …သူမနှစ်သက်တဲ့ နည်မည်တစ်ခုကို…အပြင်မှာလူချင်းတွေ့ရင်ဘယ်တော့မှကိုယ်မခေါ်ပါဘူး….။ ဟဟ…စိတ်ကူးကလဲ ယဉ်ဖြစ်အောင်ယဉ်သေး…..။ အပြင်မှာတွေ့ပါ့မယ်လို့ ဘယ်သူပြောလို့လဲ…ဒါပေမယ့် လူတော်တော်များများကတော့ ကိုယ်ပေးထားတဲ့ သူ့နာမည်လေးနဲ့တွဲပြီး ကိုယ့်ကိုသိကြတယ်…။ ကိုယ့်စိတ်ကူးထဲက ဖြစ်တည်လာတဲ့ သူမနှစ်သက်ပါဘူးလို့ ဆိုတဲ့နာမည်လေးနဲ့… စာတချို့ကိုတော့ ကိုယ့်မှာ ရေးပိုင်ခွင့်ရှိသေးတာကိုပဲ ကျေးဇူးတင်ရမှာပါ…….။ ဘာဖြစ်လဲနော် ကိုယ်တို့တွေ အက်ဆေးလှလှထဲမှာ စာစုတွေထဲမှာ ကဗျာတွေထဲမှာ အမြဲဆုံတွေ့နေရမှာပဲလေ…။ ဒီလောက်နဲ့ကျေနပ်သင့်ပါပြီ…။
ကိုယ်တို့တွေ…..ဟိုး.... ကောင်းကင်ထက်က တိမ်တွေဆီ အတူခိုစီးနိုင်ကြသေးတယ်.. … လမင်းကြီးဆီသွားနိုင်ကြသေးတယ်… ကြယ်ကြွေတွေကိုအတူကောက်နိုင်ကြသေးတယ် ရေပြင်ပေါ်မှာ လှေအတူစီးနိုင်ကြသေးတယ်…. မြက်ခင်းစိမ်းစိမ်းမှာ အတူထိုင်နိုင်ကြသေးတယ်…..။ ညဖက်ကိုယ်စာရေးရင်း အိပ်ငိုက်လာရင်တောင် သူဖျော်တိုက်မယ့် ကော်ဖီသောက်နိုင်သေးတာပဲလေ….။ ကိုယ့်ကိုယ်ကို နှစ်သိမ့်ကြည့်တယ်….အောင်မြင်တယ်ခေါ်မလား မအောင်မြင်တာလားတော့မသိဘူး…တိမ်ညိုတွေပြိုဆင်းကျလာတယ်…မိုးရိပ်တွေပါ ပါလာတယ်….။
မိုးရေစက်တွေနဲ့မျက်ရည်တို့ရောနှောသွားတဲ့ အချိန်က ညဆယ့်နှစ်နာရီကိုးမိနစ်…….။
မိုးငွေ့
12 comments:
သိပ်မှန်တာပေါ့နော်
မျက်ရည်ဆိုတာ သိမ်းထားဖို့မှ မဟုတ်တာ
အက်ဆေးရေးတာလေးတွေကိုအရမ်းသဘောကျမိတယ်
အစ်မရေးထားတာလေး အရေးအသားညက်လိုက်တာ။ ခံစားချက်တူသွားတာက ဒီနေရာလေးပဲ
အစ်မရေးထားတာလေး အရေးအသားညက်လိုက်တာ။ ခံစားချက်တူသွားတာက ဒီနေရာလေးပဲ
" မျက်ရည်ဆိုတာ ကျဖို့ပဲမဟုတ်လား သိမ်းထားဖို့မှမဟုတ်တာ…" အဲ့စကားစုလေးကို သဘော
ကျတယ်......။
တစ်ပုဒ်လုံး အသုံးအနှုန်းလေးတွေညက်တယ်နော် ..
အဖွဲ့အနွဲ့လေးတွေလဲ မိုက်တယ်....အားပေးသွားတယ်မိုးငွေ့ရေ..
ဆက်လက်ရေးဖွဲ့နိုင်ပါစေ...
ခင်မင်နေတဲ့..မိုးနတ်
ကန်ဒီလည်း အဲ့လိုပဲ မမ.. အဲ့ဒါကြောင့်လည်း ဘာကိုမှ မမျှော်လင့်တတ်တာ
မန့်လို့လဲရ၀ူး..စိတ်ညစ်တယ်ဟာ
အက်ဆေးလေးကလှတယ် ရေးနည်းလေးကို ခဏခဏလာရောက်လေ့လာပါတယ် ။
၉ နာရီကနေ ဒုတိယအကြိမ် မျက်ဝန်းမိုးရွာတဲ့ ၁၂ နာရီ ၉ မိနစ်အထိ... ဒီ သုံးနာရီ ကိုးမိနစ်အတွင်းမှာ ဖြစ်နေခဲ့တဲ့ စိတ်ခံစားမှုတွေကို ဖတ်ရတာ ကောင်းကင်မှာ စုလိုက်၊ ပြန့်ကျဲလိုက်နဲ့ တဖြည်းဖြည်း ထုထည် သိပ်သည်းလာတဲ့ မိုးသားတိမ်လိပ်တွေကို ထိုင်ကြည့်ရသလိုပါပဲ...၊ လေးလံတယ်၊ မှိုင်းညို့တယ်၊ စိုထိုင်းတယ်၊ ပြီးတော့... လွမ်းဆွတ်စေတယ်၊
မျက်စိနဲ့ ဖတ်နေရင်းကို ရင်ဘတ်ထဲအထိ ပြုတ်ကျသွားတဲ့ အက်ဆေးလေးပါပဲဗျာ...။
အသက်တောင်မရှုရဲဖူးး) မြန်မြန်မန့်လိုက်ရတယ်
ဖုန်းမဆက်နိုင်တဲ့နေရာ လိုင်းမရတဲ့နေရာရောက်နေလို့ဖြစ်မှာပါကွယ်
အနားနီးရင် ဖုန်းဆက်ချေအုံးလို့ လက်တို့ပေးချင်သပါ့
ချင်းတွင်းမောင်ဘကြိုင်
ရူးသွပ်ခြင်းတွေနဲ့ ရင်ခုန်သံတွေ ဟိုးဝေးကို သယ်ဆောင်သွားပါ .... အိန်ဂျယ်လ်း)
အဲ့တာကြောင့်လည်း နာ့အစ်မက မမိုးငွပ် မမိုးငွပ်နဲ့ နာမည်တွေကြီးနေသကိုး.းP
Post a Comment