ကျွန်မက ငယ်ကတည်းက သနပ်ခါးလိမ်းသိပ်ပျင်းခဲ့တယ်...ခုချိန်ထိဆိုပါတော့...။ ဒါပေမယ့် သနပ်ခါးကြိုက်တယ် သူများလိမ်းပေးတာကိုပိုကြိုတယ်..။ ကိုယ့်ဘာသာကိုယ်က သွေးရမှာပျင်းလို့လေ...။ သနပ်ခါးဆို အခေါက်နဲ့ကျောက်ပျဉ်မှာသွေးလိမ်းရတဲ့ သနပ်ခါးမျိုးကိုကြိုက်တယ်..။ ပြီးတော့ ကျွန်မက သနပ်ခါးဆို အဖြူထက် ဝါညက်ညက်အရောင်ကို ပိုကြိုက်တယ်...။ ကျွန်မအသားရောင်က အဝါဖက်လိုက်တဲ့ အညိုမို့ အဖြူနဲ့မလိုက်ဘူးလို့ ထင်တာရယ် နဂိုကိုက အဝါရောင်ကြိုက်တာမို့လို့ပါ...။ မိတ်ကပ်လိမ်းတဲ့အခါလည်း ဒီလိုပဲ ကိုယ့်အသားအရည်နဲ့အရောင်တူတဲ့ မိတ်ကပ်မျိုးကိုပဲကြိုက်တယ်..။ ဒါကြောင့် ကျွန်မ Foundation ကို Bobby Brown Honey 5 stick ကိုသိပ်ကြိုက်တယ် ကျွန်မအသားရောင်နဲ့ တစ်ထပ်တည်းမို့လို့..။ မိတ်ကပ်ဖြူနေရင် အသားတခြား မိတ်ကပ်တခြားဖြစ်နေတာ သိပ်အကြည့်ရဆိုးတယ် ချောကလက်မှိုတက်လိုဖြစ်နေရော...။ တခါတလေ ဘာမှမလိမ်းဘဲ မျက်နှာသစ်ထားခါစ အသားအရည်မျိုးကို သိပ်ကြိုက်တယ်...။ ဒါပေမယ့် အသက်အရွယ်ရလာရင် မျက်နှာ်ပြောင်ကြီးနဲ့က မသင့်တော်သလိုပဲ...။ ငယ်ရွယ်နုပျိုစဉ်ကတော့ ငယ်ဂုဏ်လေးနဲ့မို့ ဘာမှမလိမ်းလဲ ကြည့်ကောင်းနေ ချစ်စရာကောင်းနေတာမဟုတ်လား...။
ငယ်ငယ်တုန်းက အိမ်မှာ မေမေတို့ညီအစ်မတွေ သိုးမွှေးထိုးကြတော့ သူတို့တွေဆီကို သိုးမွှေးထိုးလာသင်တဲ့ သင်တန်းသူ အန်တီတစ်ယောက်ရှိတယ် သူက တာချီလိတ်ကနေလာသင်တာ..။ မေမေတို့က singer စက်တစ်ယောက်တစ်လုံးနဲ့ထိုးကြတာ အော်ဒါတွေသိပ်ရတာ...။ အဲဒီသင်တန်းသူ အန်တီက ကျွန်မကို ရေချိုးပြီးတိုင်း သနပ်ခါးအမြဲသွေးလိမ်းပေးတတ်တယ်...။ သမီးမျက်နှာလေးက ကျယ်ကျယ်ပြန့်ပြန့်နဲ့ သနပ်ခါးလိမ်းလို့ သိပ်ကောင်းတာပဲလို့ သနပ်ခါးလိမ်းပေးတိုင်း ပြောတတ်တယ်..။ အဲတုန်းက ကျွန်မအသက် သုံး လေးနှစ်ရှိဦးမယ်...။ ကျွန်မအသက် နှစ်နှစ် သုံးနှစ် ဖေဖေ မော်လမြိုင်ကို တပ်ပြောင်းခွင့် ကျတော့ ပြည်မကြီးကိုလာရင်း ဖေဖေ့ဇာတိ ကညွှတ်ကွင်း(ဖြူး) အဖိုးအဖွားတွေဆီ အလည်သွားခဲ့ကြဖူးတယ်...။ ကျွန်မရယ် ဖေဖေရယ် မေမေရယ် ဖေဖေ့ညီ ဦးမောင်လူကလေးတို့ မိသားစုလည်းပါတယ်..။ ကျွန်မနဲ့ အကယ်ဒမီ မြတ်ကေသီအောင်နဲ့ တစ်ဝမ်းကွဲတော်တယ်..။ မမက ကျွန်မကိုတွေ့တိုင်း အမြဲပြောတယ် ငယ်ငယ်တုန်းက ကည့ွှတ်ကွင်းသွားတော့ ရထားစီးရင်း လမ်းမှာ နွားအုပ်တွေတွေ့တော့ ကျွန်မက ရှမ်းလို နွားကို “ဝိုး...ဝိုး ”ဆိုပြီး ခေါ်တာကို သူက မှတ်မိနေတယ်...။ ပြောချင်တာက ကညွှတ်ကွင်းမှာနေတဲ့ ဖေဖေ့ အမေ ဖွားဖွားက မနက် (၁၁)နာရီလောက်ဆို ရေမိုးချိုးပြီး တစ်ကိုယ်လုံးသနပ်ခါးအဖွေးသား လိမ်းထားလို့မွှေးကြိုင်နေတာပဲ လို့ မေမေကပြောပြဖူးတယ်...။ ဒါကိုတွေ့လို့ မေမေက သူ့အမေကိုလည်း သနပ်ခါးတွေလိမ်းစေချင်တာ...။ အဖွား(မေမေ့အမေ)က ဗီယက်နမ် ကွန်မြူနစ်ဝါဒီဆိုတော့ ဘယ်လိုမှ နှလုံးသွင်းလို့မရခဲ့...။
သနပ်ခါးအကြောင်းပြောရင် စစ်ကိုင်းကောင်းမှုတော်စေတီက ဆိုင်းတန်းတွေမှာ ရောင်းတဲ့ သနပ်ခါးသည်တွေကို အရင်ပြေးမြင်မိတာပဲ...။ ကျွန်မဆို ကောင်းမှုတော်ဘုရားရောက်တိုင်း သနပ်ခါးမဝယ်ဖြစ်ရင်တောင် ဝင်လိမ်းခံလိုက်တာပဲ..။ သူတို့ ကျောက်ပျဉ်အကြီးကြီးနဲ့ သနပ်ခါးတုံးကြီးကို အားရပါးရသွေးထားတဲ့ သနပ်ခါးနှစ်ဝါဝါတွေက ပါးပြင်ပေါ်ရောက်ရင် မွှေးပြီးအေးမြနေရောပဲ...။ ဒီတစ်ခေါက် ပုဂံမှာ သနပ်ခါးသည်တွေတွေ့တော့ သူတို့ကိုလည်း သူတို့ရောင်းတဲ့ ပစ္စည်းကို ကျောက်ပျဉ် ကြီးကြီးတစ်လုံးနဲ့ ဝယ်ဝယ်မဝယ်ဝယ် သနပ်ခါးလေးသွေးလိမ်းပေးပြီး Promote လုပ်သင့်တယ်လို့ တွေးမိသွားတယ်..။ တလောက ညီမတစ်ဝမ်းကွဲတစ်ယောက် ဘယ်သွားလို့လဲမသိဘူး instagram မှာ သနပ်ခါးရောင်းတဲ့ ကလေးမလေးတစ်ယောက်က သစ်ရွက်ပုံပါးကွက်ကွက်ပေးနေတဲ့ ပုံလေးတင်ထားတာ သိပ်ချစ်စရာကောင်းတာပဲ...။ တကယ်တမ်း သနပ်ခါးမှာ ပခုက္ကူထွက်သနပ်ခါးက အကောင်းဆုံးလို့ပြောတယ်...။ စာဆိုထဲမှာတော့ ရွှေဘိုသနပ်ခါးက နာမည်ကြီးပေမယ့် ပခုက္ကူသနပ်ခါးကိုတော့ မမီဘူးတဲ့...။
ကလေးဘဝတုန်းကတော့ သနပ်ခါးကို စိတ်ပါတဲ့အခါ ပါးပြင်ပေါ် ပုံစံမျိုးစုံပါးကွက်ကွက်လိမ်းတာပဲ သစ်ရွက်ပုံ ပုလင်းဖုံးလေးတွေနဲ့ အကွင်းလေးတွေ သုံးလေးငါးခုထပ်ပြီး အပွင့်ပုံဖော်တာတွေရော အဝိုင်းတွေရော လေးဒေါင့် ပါးကွက်တွေပါ အစုံလိမ်းတာပါပဲ...။ မြန်မာနဲ့ဗီယက်နမ်သွေး တစ်ဝက်ဆီ ပါပေမယ့် မြန်မာသွေးစူးသွားလို့ထင်ပါ့ ကျွန်မက မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးဓလေ့ကို ပိုချစ်မြတ်နိုး မိတယ်...။ မြန်မာပြည်မှာနေလို့လည်း ပါပါလိမ့်မယ်...။ သနပ်ခါး၊ မြန်မာချည်လုံချည်၊ အချိပ်ဆင် ကတ္တီပါခြေညှပ်ဖိနပ်၊ ပုံတော် စတာတွေကို သိပ်ကြိုက်တယ်...။ မြန်မာနိုင်ငံရဲ့ အမျိုးသားဝတ်စုံကိုကြိုက်တယ်...။ အမျိုးသားတစ်ယောက်ဟာ ရုပ်ရည်ဘယ်လောက်ပဲ မချောပါစေ... ပုဆိုးနဲ့တိုက်ပုံလေးဝတ်လိုက်ရင် ကျက်သရေကိုရှိသွားတာပဲ..။ ကျွန်မမှာ ဗီယက်နမ်ဝတ်စုံကောင်းကောင်း တစ်စုံမှမရှိသေးဘူး။ ဒီတစ်ခါ ဗီယက်နမ်သွားလည်ဖြစ်ရင် တစ်စုံလောက် ဝယ်ဝတ်ဦးမယ် စိတ်ကူးတယ်..။
မိုးငွေ့
1 comment:
မိုးငွေ့ရေ သတိရတယ် တီတင့်ရဲ့ဘလော့ကို အလည်သွားဖတ်လိုက်ပါနော်။
လာမည့် ဒီဇင်ဘာလ ၃-ရက် (စနေနေ့)မှာ တီတင့်စာအုပ်မိတ်ဆက်ပွဲရှိတယ်။
အဆင်ပြေရင်လာခဲ့ဘို့ ဖိတ်ချင်တယ် မိုးငွေ့ကို ဘယ်လိုမှဆက်သွယ်လို့မရဘူးကွယ်။
Post a Comment