ဒီနေ့မနက်နေရောင်ဟာ ခါတိုင်းလို ပူပြင်းရှတမနေဘဲ ခပ်ဖျော့ဖျော့ ပါးပါးလွှင့်လွှင့်နဲ့ လေအေးကြားမှာ ယိမ်းထိုးကခုန်နေလေရဲ့....။ ဒါဟာ မိုးကုန်ခါနီး ဆောင်းဦးကို ကူးဖို့ လက္ခဏာများလား......။ အခါတိုင်း ဒီလမ်းကြားလေးဆီကို လျှောက်လာတာနဲ့ နဖူးမှာ ချွေးစို့နေပေမယ့် ဒီနေ့တော့ လေအေးနဲ့ နေလို့ကောင်းနေတယ်...။
မင်းဘယ်ဆီမှာလဲ အိန်ဂျယ်.........လို့ မင်းကိုမတဖြစ်တာ ဘယ်လောက်ကြာပြီလဲ... ရက်ပေါင်း ခြောက်ဆယ်ကျော်ရောပေါ့...။ မင်းကို အားလုံးမေ့ပျောက်ကုန်ကြပြီလားလို့ ကိုယ်စိုးရိမ်တကြီးရှိလိုက်ရတာ... သူတို့တွေက မင်းကို မမေ့ကြသေးဘူးတဲ့..။
မင်းကတော့ တိတ်တဆိတ်စာဖတ်သူတစ်ယောက်အနေနဲ့လာပြီး ကိုယ့်ကို စိတ်ထဲကနေ
“ဒီတစ်ခါလဲ အိန်ဂျယ်သေသွားပြီနော်”လို့ ရွတ်ဆိုသွားခဲ့ဦးမလားပဲ...။
မင်းသိလား ဒီမနက် ကိုယ်အဲဒီလမ်းကြားလေးထဲကဖြတ်လာတော့ နေရောင်တွေက လဲပင်ရွက်ကြားထဲကနေ ပျောက်တိပျောက်ကြားထိုးတော့ မင်းကို သတိရပြန်တယ်...။ မင်းနဲ့အတူ ဒီလမ်းထဲကိုလျှောက်ဖူးခဲ့ကြတုန်းက နေရောင်အစားလရောင်တွေဖြစ်ခဲ့တာပေါ့...။
အိန်ဂျယ်..မင်းရော ခုဘယ်တွေရောက်လို့ ဘာတွေလုပ်နေလဲ...။ ကိုယ့်ဖုန်းထဲမှာသိမ်းထားတဲ့ အိန်ဂျယ်ပုံနဲ့ မင်းနံပါတ်ကို တလောက ဖွင့်ကြည့်ဖြစ်နေသေးတယ်...။ ခု ကိုယ်မင်းဆီကို ဖုန်းခေါ်ရင် မင်းကိုယ့်ကိုတောင် မှတ်မိနေသေးပ့ါမလား.....။ ရက်ပေါင်း တစ်ထောင့်သုံးရာရှစ်ဆယ်ကျော် လပေါင်းလေးဆယ်ကျော်သွားခဲ့ပြီပဲ....။
မင်းကတော့ ကိုယ့်ဆီမှာ အမြဲတမ်းပျောက်ပြယ်သွားခြင်းမရှိတဲ့....... အိန်ဂျယ်တစ်ပါး...။
အောက်တိုဘာဟာ ဇာပဝါပါလေး လစ်ဟဖွင့်ပြီးကြိုဆိုနေပြီ...။ သိပ်မကြာခင်မှာပဲ မင်းကိုယ့်ကို ထားသွားခဲ့တဲ့ နိုဝင်ဘာ....ပြီးတော့ မင်းအတွက် ချိုမြိန်တဲ့စကားလုံးတွေနဲ့လက်ဆောင်ပေးဦးမယ့် ဒီဇင်ဘာရောက်လာကြတော့မှာ.......။
နှစ်လရာသီတွေအလီလီပြောင်း ကိုယ်ကတော့မပြောင်းမလဲ မင်းကို တမ်းတလွမ်းဆွတ်ဆဲပေါ့ အိန်ဂျယ်..။
မိုးငွေ့
4 comments:
စာရေးသူရဲ့အတွေး အရေးလေး သရုပ်ဖော်ပုံလေးနဲ့ အံဝင်ဂွင်ကျလွန်းတယ် ....
စကားလုံးလှလှပပတွေနှင့် လွမ်းမောဖွယ် အိန်ဂျယ်.
ချစ်သော အိန်ဂျယ် ပြန်လာပြီ
စကားလုံးလှလှလေးတွေ ဖတ်ရတော့မယ်
သူ့ပို့စ်တွေဖတ်ရင်း ဖတ်ရင်းနဲ့ အိန်ဂျယ်ပါကိုယ့်ရင်ဘတ်ထဲ ရောက်ချင်လာသလိုဖြစ်နေပြီ တော်သေးတယ် အိန်ဂျယ်က အထီးမို့း)
ခင်မင်စွာဖြင့်
မှောင်ရေးကြိုင်
Post a Comment