Tuesday, 11 February 2014

နွေဦး (၄) .....




တရံတခါဆီက ဖေဖော်ဝါရီလို့ပြန်တမ်းတရတာကလွဲလို့ ကိုယ့်မှာ စကားလုံးခြေရာတွေပဲချန်ထားနိုင်ခဲ့တာပါ...။ ဖေဖော်ဝါရီလရဲ့ လှပတဲ့နေ့တစ်ခုမှာ ဆုံမှတ်တစ်ခု အမှတ်တရရှိခဲ့တယ်....။ စိုင်းစိုင်းသီချင်းထဲကလို ဖေဖော်ဝါရီ ကိုးရက်တော့မဟုတ်ဘူးပေါ့...။

အဲဒီနေ့က သဲသောင်မွမွဖြူဖြူလေးပေါ်မှာ ကိုယ်လမ်းလျှောက်ခဲ့ဖူးတယ်......။
ရေပြာပြာလှိုင်းလုံးဖွေးဖွေးတွေကို ငေးမောကြည့်ခဲ့ဖူးတယ်...။
ကောင်းကင်ပြာပြာအုပ်မိုး နေခြည်နုနုအောက် အညိုရင့်ရောင်ဆံနွယ်တချို့...လေထဲလွင့်ဝဲနေခဲ့ကြလိမ့်မယ်..။
အမြင်အေးအေး အဖြူရောင်လွင့်လွင့်ကလေး ကိုယ့်ဆီကို တန်းတန်းမတ်မတ်ရောက်လာခဲ့ဖူးတယ်..။ အဲဒီနေ့ ဖေဖော်ဝါရီဆယ့်နှစ်ရက်နေ့...စနေနေ့....။ သူအတောင်ပံတွေကို ဝှက်ထားခဲ့ပေမယ့် ကိုယ့်ရဲ့ အိန်ဂျယ်ဆိုတာ ကိုယ်အလိုလိုသိနေခဲ့တယ်...။ ကောင်းကင်ကနေ ဆင်းသက်လာခဲ့တဲ့ အိန်ဂျယ်ဆိုတာ ကိုယ်တစ်ယောက်တည်းပဲ သိခဲ့တယ်...။

သူ့မှာ ကြယ်ကလေးတွေလို လင်းလက်တဲ့မျက်ဝန်းတစ်စုံရှိတယ်... ထူထဲရွှန်းစိုတဲ့ နှုတ်ခမ်းတစ်စုံရှိတယ်...။ ချိုမြဝါညက်တဲ့ အသံလည်းရှိတယ်...။ အားအင်ပေးစွမ်းနိုင်တဲ့ နွေးထွေးတဲ့လက်တစ်စုံရှိတယ်...။ ဘယ်သူမှမမြင်နိုင်တဲ့ ကိုယ့်ကိုအမြဲအုပ်မိုးထားပေးတဲ့ အဖြူရောင်အတောင်ပံတွေရှိတယ်...။

တမ်းတရတာပဲရှိတာပါလေ.....။ တကယ်တော့ ကိုယ်ပြောခဲ့တဲ့ အရာတွေအားလုံးဟာ ဒဏ္ဍာရီထဲ ပုံပြင်ထဲက ဇာတ်လမ်းလေးဖြစ်နေပါပြီ.....။ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာတွေနဲ့... ဘယ်တော့မှ ပြန်ရောက်မလာတော့မယ့် မင်းကို တမ်းတလွမ်းဆွတ်ရတာဟာ..... ခါးသက်တဲ့ ကော်ဖီတစ်ခွက်ကိုသောက်ရတာနဲ့ ခပ်ဆင်ဆင်တူတယ်...။

ဘယ်တော့မှလဲ မရိုးအီနိုင်စွာ.... နွေဦးလေပြေက မြူခိုးတွေကြားထဲကနေ တိုးဝှေ့ပြီး ကိုယ့်ဆီကို တစ်နှစ်တစ်ကြိမ်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာစမြဲပဲ.......။

ကိုယ်မမေ့ပါဘူး...... ကိုယ်ဘယ်တော့မှမမေ့ပါဘူး..........နွေဦးရယ်........။



မိုးငွေ့

2 comments:

Yoemyaykya said...

နွေဦးအရောင်သန်းတဲ့ အိန်ဂျယ်အလွမ်းကို လာခံစားပါတယ်မမ။

ညီလင်းသစ် said...

ညီမမိုးရဲ့ ထုံးစံ.....

ကျစ်လစ်သိပ်သည်းတဲ့ စကားလုံးလေးတွေနဲ့ ထုဆစ်ပုံဖော်ထားလို့ တမ်းတ၊ လွမ်းဆွတ်ရခြင်းဟာ ရေကျပြီးစ သောင်ပြင်ပေါ်က ခြေရာတွေလို အထင်းသား ကြွတက်နေလေရဲ့....။