ကိုယ်တို့ မနှစ်က ဆောင်းဦးပေါက်မှာနောက်ဆုံးတွေ့ခဲ့ကြတုန်းက “မမ ဆံပင်ကလဲ ဘာပုံကြီးမှန်းလည်း မသိဘူး”လို့ စတပ်အထပ်လေးတွေ ပခုံးကျော်ကျော်ညှပ်ထားတဲ့ကိုယ့်ကို မင်းက မနှစ်သက်တဲ့ဟန်နဲ့ ရှုံ့မဲ့မဲ့လေးပြောခဲ့တယ်…။
အခု ကိုယ့်ဆံပင်တွေ တော်တော်ရှည်နေပြီ အိန်ဂျယ်…။ အဲကတည်းက ကိုယ်လုံးဝမညှပ်ဘဲ အရှည်ထားခဲ့တာ..။ ကိုယ့်ရဲ့ဆံနွယ်ခွေတွေ ကျောလည်ကျော်ကျော်လောက် ရှည်နေကြပြီ…။
ခုတော့လည်း………..
ကိုယ့်ဆံနွယ်တွေကို လက်ချောင်းနဲ့ခွေပြီး ဆော့ကစားမယ့်သူ မင်းမရှိ….
ကိုယ့်နှုတ်ခမ်းထူထူတွေကို အသည်းယားလို့ လက်နဲ့တို့ကြည့် ကစားမယ့်သူ မင်းမရှိ….
ကိုယ့်မျက်တောင်ကော့ကော့တွေကို တမေ့တမော ငေးမောကြည့်မယ့်သူ မင်းမရှိ…..
ကြမ်းနေတတ်တဲ့ ကိုယ့်လက်ချောင်းတွေကို နူးညံ့သွားအောင် လက်လိမ်းခရင်မ်တွေနဲ့ စိတ်လက်ရှည်စွာ လိမ်းကျံဆုတ်နယ်ပေးမယ့်သူ မင်းမရှိ….
လမ်းလျှောက်တိုင်း ကိုယ့်ဘေးနားကနေ ကိုယ့်လက်တွေကို ဆုတ်ကိုင်အတူလျှောက်မယ့်သူ မင်းမရှိ….
ရုပ်ရှင်သွားကြည့်တဲ့အခါ ကိုယ့်ညာဖက်မှာ မှီတွယ်စရာ ပခုံးတစ်စုံမရှိ…..
ကော်ဖီဆိုင်ရောက်တဲ့အခါ ကိုယ့်ရှေ့ခုံမှာ ကော်ဖီတစ်ခွက်နဲ့အတူသောက်မယ့်သူ မင်းမရှိ…..
ကိုယ့်ဘေးမှာ မင်းမရှိတဲ့အခါ လောကကြီးဟာ ဘယ်လိုမှနေပျော်စရာမကောင်းခဲ့ဘူး…..။ ဒါပေမယ့်လည်း ဒီလိုပဲ လျှောက်လှမ်းရတာပါပဲလေ…ဘယ်တတ်နိုင်ပါ့မလဲ…….။ ကိုယ့်ဆီပြန်လာခဲ့ပါလို့ မင်းကို ကိုယ်မတမ်းတတော့ပါဘူး…..။ ကိုယ့်အတွက်နဲ့ မင်းစိတ်ပင်ပန်းစေမယ့် လုပ်ရပ်မျိုး ကိုယ်ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်လို့လေ….။
ရပါတယ် ကိုယ်နေတတ်ပါတယ်…….။ အလွမ်းတွေ ကော်ဖီတွေ အက်ဆေးတွေက ကိုယ့်ကို တစ်သက်သာလုံးအဖော်ပြုပေးသွားကြမှာပါ မင်းမရှိလည်းပဲလေ…….။
“မမက ကျွန်တော်ဘေးမှာမရှိလည်းဘဲ ဘဝကိုတစ်ယောက်တည်း ဆက်လျှောက်ဖို့သတ္တိရှိနေတာပဲ… ကျွန်တော်က လူပိုတစ်ယောက်ပါ..”ဆိုတဲ့ မင်းစကားတွေက ကိုယ့်ရင်ဘတ်ကို ထွင်းဖောက်မြင်နိုင်နေပါလျက်နဲ့ ကိုယ့်ကို တမင်သက်သက်ပြောလိုက်မှန်း ကိုယ်သိပါတယ်…။
ကိုယ်က ဒဏ်ရာတွေကိုမှ ပွေ့ပိုက်ချင်သူလေ……။ အလွမ်းတွေကို ကော်ဖီလိုသောက်ချင်သူ….။ မျက်ရည်တွေကို စမ်းချောင်းတစ်ခုလို စီးဆင်းစေလိုသူ…..။
မင်းမရှိတဲ့နောက်……. မင်းကိုယ်ပွားလေးအဖြစ် ကိုယ့်စကားလုံးတွေကတော့ ဆက်လက်ရှင်သန်နေဆဲပါ…….။
မိုးငွေ့
2 comments:
ဘာမှန်းမသိဘူး။ ဖတ်ပီး ငိုချင်သွားတယ်။
လွမ်းစရာကောင်းတယ်
မရေ . tag post လေးတစ်ခု ရေးထားပါသေးတယ်.။ အားရင် ရေးပေးပါဦးနော် ..
>>http://snowmay1987.blogspot.com/2014/02/dreams.html
Post a Comment