ကျွန်မနှင့်မောင် အိမ်ထောင်သက် ငါးနှစ်ပြည့်တော့မည်….။ ကလေးယူဖို့ ကျွန်မတို့နှစ်ယောက် သည်ခေါင်းစဉ်နှင့် ဆွေးနွေးသည့်အခါ အမြဲတစေ စကားများရန်ဖြစ်ခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်မှာ အဆန်းတကြယ် မဟုတ်တော့…။ ယခုလည်း ညစာစားပြီး တီဗီထိုင်ကြည့်ရင်းက ဇာတ်လမ်းထဲပါလာသည့် ချစ်စဖွယ် ကလေးဇာတ်ရုပ်ကလေးကို သဘောကျမဆုံးရှိကာ ကျွန်မကပဲ အမှတ်သည်းမရှိစွာ မောင့်ကို စပြောခြင်းဖြစ်သည်…။
“မောင်… မီတို့ကလေးလေးတစ်ယောက်လောက်ယူရအောင်နော်…. နော်..မောင်” ကျွန်မက ပြောရင်း အားမလိုအားမရစွာ ဘေးမှာထိုင်နေသည့် မောင့်လက်မောင်းကို ခပ်သာသာလှုပ်လိုက်သည်။ မောင့်လို အသားဖြူဖြူကြည်ကြည်နဲ့ ကျွန်မလိုဆံပင်ခွေလေးတွေနဲ့ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းထူထူနဲ့သားကလေး တစ်ယောက်လောက်လိုချင်ခဲ့တာ ကျွန်မအလွန်မဟုတ်ဘူး မဟုတ်လား…။ မောင့်ကိုယ်ပွားလေး တစ်ယောက် ကျွန်မတို့နှစ်ယောက်ကြားထဲ တိုးလာခဲ့လျှင် ဘယ်လောက် ပျော်ရွှင်စရာကောင်းလိုက်မလဲ….။ မောင်နဲ့ကျွန်မတို့ကြား ပို၍ခိုင်မာအောင် ချည်နှောင်ပေးသော သံယောဇဉ်ကြိုးမျှင်လေးလည်းဖြစ်ဦးမည်လေ…။
ကျွန်မတို့နှစ်ယောက်မှာ တကယ်တော့ ကလေးမရခြင်းမျိုးမဟုတ်ဘဲ… မောင်ကိုယ်တိုင်က မလိုချင်ခဲ့လို့သာ ကျွန်မကလေးရူးနေသည့်ကြားက တားဆီးထားရခြင်းဖြစ်သည်…။ သူငယ်ချင်း အိမ်ထောင်သည်တွေကတော့ အဲလို ဆေးစား ဆေးထိုးပါများလျှင် တကယ်ကလေးယူချိန်မှာ ကလေးမရတတ်တော့လို့ ကလေးယူပါလားလို့ စကားဆုံတိုင်း လူချင်းဆုံတိုင်း သတိပေးတတ်ကြသည်..။ နောက်ဆုံးကျွန်မက မောင်မသိအောင် ဆေးထိုးဆေးစားမလုပ်ဖြစ်တော့ဘဲ… ရက်ရှောင်ခြင်းဖြင့်သာ ကလေးမရအောင်တားဆီးခဲ့ရသည်…။ တွေးကြည့်လေ ခါးသီးစွာကောင်းလေပါပဲ…..။ ကျွန်မက ကလေးအင်မတန်ချစ်တတ်သူ ကလေးရူးနေသူလေ…။ သူကတော့ အသိမိတ်ဆွေကလေးတွေကိုတွေ့လျှင်ပင် ချီပွေ့ဖို့မပြောနှင့် လှည့်ပင်မကြည့်တတ်ပေ…။ အဲလောက်ထိ သူအသည်းမာသူတည်း…။ ထူးခြားသည်က ကလေးအများစုမှာ သူ့ကိုတွေ့လျှင် စိတ်ဝင်တစားငေးကြည့်တတ်ကြခြင်းပင်..။ အဲလိုကလေးတွေစိတ်ဝင်စားတတ်တဲ့ သူသာ ကလေးတစ်ယောက်ကို ချစ်ခင်ကြင်နာယုယတတ်လျှင် ဘယ်လောက်ကောင်းလိုက်မည်နည်း…။
တခါက သူ့အစ်မတစ်ဝမ်းကွဲရဲ့ သမီးကလေးကို ပြောမရ၍ ကလေးကို ဟန့်သည့်အနေဖြင့် လည်ပင်းညစ်ဖူးသည်တဲ့…။ ဘုရားရေ…မောင်တော်တော်ရက်စက်တယ် မတော်ကလေးတစ်ခုခုဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ ပြန်လျော်ပေးလို့ရသည့် ကိစ္စလည်းမဟုတ်…။
“မောင်……. ” ကျွန်မက သံရှည်စွဲခေါ်ပြီး မောင့်ပါးကိုလိမ်ဆွဲလိုက်သည်…။ မောင်က တီဗီကြည့်နေရင်းက စိတ်မရှည်တော့သည့်အကြည့်မျိုးနှင့် ကျွန်မကို မျက်စောင်းလှည့်ထိုးပါသည်…။ တွေ့လား…မောင်ဟာလေ ….။
“မီ..ကလေးတစ်ယောက်လောက်မွေးမယ်နော်…”
ဒီတစ်ခါတော့ ကျွန်မက ဘေးတစောင်းလှည့်ကာ မောင့်နောက်ကျောထဲလက်ထိုးထည့်ပြီး မောင့်ခါးကိုတအားဖက်ပြီး ခပ်ချွဲချွဲပြောကြည့်သည်….။ မောင်များစိတ်လည်လာလေမလားဆိုသည့် မျှော်လင့်ချက်နှင့်ပေါ့…။
မောင်ကျေနပ်အောင် တစ်ယောက်လောက်ဟုသာပြောလိုက်ရသည် တကယ်တမ်းကျွန်မက အမွှာကလေးတောင် လိုချင်သေးတာ…။
“မောင့်လို အသားဖြူဖြူ ပါးပြင်မှာ သွေးကြောစိမ်းမျှင်လေးတွေ ယှက်နေတဲ့ မောင့်နှုတ်ခမ်းလိုမျိုး မောင့်အပြုံးမျိုးရှိတဲ့ သားသားလေးတစ်ယောက်မွေးမယ်ကွာ နော်…” ကျွန်မက ပြောလည်းပြောရင်း မောင့်ပါးပြင်တွေ မောင့်နှုတ်ခမ်းတွေကို လက်ချောင်းတွေနှင့်လိုက်တို့ထိတော့ မောင့်မှာတီဗီကြည့်နေတာကို ကောင်းကောင်းမကြည့်ရ ကောင်းလား
ဆိုပြီး စိတ်တိုလာတော့မည်…။ မောင့်ခါးကိုဖက်ထားသည့် ကျွန်မလက်မောင်းကို မောင့်က တစ်ချက်ဖျစ်လိုက်ရင်း….။
“ကဲ… ကလေးရူးမလေး…. ဇာတ်လမ်းကပြန်စပြန်ပြီလား…. ခုလောလောဆယ်တော့ ကိုယ်ပဲကလေးခဏလုပ်မယ်ဟုတ်လား ကဲဟိုဖက်တိုး ခင်ဗျားလေးပေါင်ပေါ်မှာ ခေါင်းအုံးပြီး ကြည့်မယ် ကျောညောင်းလာပြီ….” တဲ့… သူ့စကားလမ်းလွဲပုံက…။
သည်လိုနှင့် ကျွန်မ၏ ကလေးရူးတမ်းချင်း တခန်းရပ်ကာ တီဗီထဲကိုသာမောင်နှင့်အတူ နစ်မျောလိုက်ရသည်…။ ဇာတ်သိမ်းတော့ ကလေးလေးသေသွားတာကိုကြည့်ရင်း ကျွန်မငိုပါတော့သည်..။ နဂိုကမှာ မျက်ရည်မခိုင်သူမို့ ရုပ်ရှင်ကြည့်တိုင်း စာအုပ်ဖတ်တိုင်း ဝမ်းနည်းစရာအရိပ်အယောင်ပြတာနှင့် သူများမငိုခင် ကိုယ်ကကြိုပြီး မျက်ရည်ကျတတ်သူ မဟုတ်လား…။ မျက်ရည်တွေက ကျွန်မပေါင်ပေါ်အိပ်နေသည့် မောင့်မျက်နှာပေါ်ပေါက်ခနဲကျသွားပါလေရော..။
“ဟောဗျာ…ငိုပြီလား..ကလေးကျနေတာပဲ” ဆိုပြီး မောင်က ချက်ချင်းထလိုက်ပြီး ကျွန်မကိုကြည့်ပြီး ရယ်ပါတော့သည်…။ ပြီးတော့ ကျွန်မပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးသည်…။
“မငိုပါနဲ့ကွာ…. ဒီလိုပုံနဲ့ ကလေးအမေဖြစ်ရင် ကလေးငိုတာနဲ့မီကလိုက်ငိုဆို ကလေးကို ဘယ်လိုချော့မလဲဗျ…”
“မောင်ကလည်း မောင်ကူချော့ပေးပေါ့…. မောင့်ကိုဆို ကလေးလေးကသိပ်ချစ်မှာ… ဟုတ်တယ် မောင့်မျက်နှာက ကလေးတွေချစ်တဲ့မျက်နှာမျိုး… မောင်ဘာမှမလုပ်ပြခင် သူတို့က မောင့်အနားမှာ ငြိမ်ကုတ်နေကြမှာ…မောင့်ပြောစကားလည်းနားထောင်မှာ သေချာတယ်….”
“အမလေးဗျာ.. ကလေးကဖြင့်ဘယ်ဆီနေမှန်းမသိ ချက်ချင်းကြီးပဲ ကျွန်တော်က ကလေးအဖေဖြစ်သွားပါလား”
“လုပ်ပါ…မောင်ရယ် ကလေးအဖေလုပ်ပါနော်….နော်…မီ မွေးပေးချင်လွန်းလို့ပါ… မောင်တို့များ ပြောင်းပြန် သူများတွေယောက်ျားက မိန်းမ ကလေးမမွေးပေးနိုင်ရင် နောက်မိန်းမတောင်ယူပြီးမွေးရတာ…”
ကျွန်မက မကျေမချမ်း နှှုတ်ခမ်းစူပြီးပြောတော့ မောင်က ကျွန်မနှှုတ်ခမ်းကို လက်သီးဆုပ်နဲ့ ခပ်ဖွဖွလာတို့ထိပြီး…
“မောင့်အတွက်က မီရှိရင်လုံလောက်ပြီလေ…..ဘာမှမလိုတော့ဘူး…” တဲ့……။
“မဟုတ်ဘူးလေ မောင်ရဲ့ မောင်မှားနေပြီ… မီက မောင့်အနားတစ်သက်လုံးနေနေမယ်လို့ ဘယ်သူအာမခံမလည်း…. မီ မောင့်အရင်သေချင်သေသွားမှာပဲလေ…..အဲခါကျရင် ဒါမှမဟုတ် အသက်ကြီးလာရင် မီတို့ကို ပြန်ပြီး ပြုစုစောင့်လျှောက်ဖို့ သားသမီးဆိုတာလိုကိုလိုတယ်လေမောင်ရဲ့..”
“အိုခေ အိုခေ… မီ ကိုယ့်ကို ဓါတ်ပြားဟောင်းပဲဖွင့်ပြမှာပဲ… ကိုယ်နားလည်တယ် သဘောပေါက်တယ်… ကိုယ်က တစ်ဦးတည်းသောသားမို့ တကိုယ်ကောင်းဆန်ချင်ဆန်လိမ့်မယ်… မီဖြစ်ချင်တဲ့ ကိစ္စကိုကိုယ်စဉ်းစားပေးမယ် ဟုတ်လား.. ဒီလောက်ဆိုကျေနပ်လား….” တဲ့…။
မဆိုးဘူးလို့ပဲပြောရမလား…… ကျွန်မတို့ အိမ်ထောင်သက်တမ်းတလျှောက်တော့ ကျွန်မမောင်နဲ့ ကလေးယူဖို့ပြောဆိုကြလျှင် ရန်ပွဲနှင့်သာအဆုံးသတ်လေ့ရှိခဲ့တာ ခုတခါတော့ မောင်က စဉ်းစားပေးမယ်ဆိုတော့ အဆင့်တော်တော်တက်လာပြီ ပြောရမည်လား… အသက်ရလာလို့ မောင့်အတွေးတွေ ပြောင်းလဲလာခဲ့လေသလားမပြောတတ်ပါ..။ ကျွန်မအသက် သုံးဆယ်ငါး မောင်က ကျွန်မထက်နှစ်နှစ်ငယ်တော့ သုံးဆယ်သုံး တကယ်ဆို ကျွန်မတို့ ကလေးယူဖို့ တော်တော်တောင် နောက်ကျနေခဲ့ပြီဆိုတာလည်း မောင်ထည့်တွေးသင့်သေးသည်….။ ခုတော့ ကျွန်မ မောင့်ဆီက ထွက်လာမည့်အဖြေကို မျှော်လင့်ချက်ကြီးစွာဖြင့် ရင်ခုန်စွာစောင့်မျှော်ရပေဦးမည်…။
မိုးငွေ့
2 comments:
အဲလိုယောင်္ကျားမျိုးတွေ့ဖူးတယ်... မိန်းမကခလေးလိုချင်လို့အမျိုးမျိုးကြိုးစားပေမဲ့ယောင်္ကျားကမလိုချင်တာမျိုး.... အဲဒီမိန်းမလုပ်တဲ့သူကို ကိုယ်ကသနားနေမိတာ....
ချည်နှောင်လှည့်ပါတဲ့ ခေါင်းစဉ်ပေးလည်း ပေးတတ်တယ် အစ်မရယ် အရမ်းလိုက်ဖက်တာပဲ :D
Post a Comment