တကယ်ဆို သူ့ကို ကိုယ်စကားမပြောတာ တစ်ပတ်တိတိရှိခဲ့ပြီ.....။
သူက ကားမောင်းနေရင်းနဲ့ကိုယ့်လက်ဖဝါးထဲကို တစ်ခုခုထည့်ပေးလိုက်တယ်...။
ကိုယ်သိပ်ကြိုက်တဲ့ Vic ပူရှိန်းသကြားလုံးလေးပါ...။ သူကလေ အဲလိုပဲ သူ့ကို စိတ်ကောက်နေတဲ့ ကောင်မလေးတစ်ယောက်ရှိနေတယ်ဆိုတာ မသိချင်ဟန်ဆောင်ပြီး အကြာကြီးနေနေတတ်လွန်းတယ် ပြီးတော့မှသာ ကိုယ်သတိမထားမိတဲ့အချိန်ကျမှ ကိုယ်မထင်မှတ်ထားတဲ့ အပြုအမူမျိုး ကိုယ်ကြိုက်နှစ်သက်တတ်တဲ့ အရာလေးတွေနဲ့ မသိမသာပြန်ချော့တတ်တယ်....။
သူကိုယ့်ကိုဆူတယ်ဆိုတာလည်း ကိုယ်နဲနဲလွန်သွားလို့လည်းပါပါတယ်...။ သူ့စာကြည့်စားပွဲပေါ်က ရိုးရိုးစက္ကူအဖုံးလေးနဲ့(နေ့စဉ်မှတ်စုစာအုပ်လေးနဲ့မတူတဲ့)စာအုပ်ကို လှန်ကြည့်မိလို့ပါ...။ ဘာမှတောင်မမြင်လိုက်ပါဘူး..။ ကိုယ့်စိတ်ထဲ ဝတ္ထုစာအုပ်ဟောင်းတခုခုအမှတ်နဲ့ ယူကြည့်လိုက်တာပါပဲ..။ သူကကိုယ့်ကို သူ့ကိုယ်ရေးကိုယ်တာကို စွတ်တယ်ဆိုပြီး လေသံမာမာနဲ့ပြောလွှတ်လိုက်လို့ သူ့ကို ကိုယ်စကားမပြောပဲကောက်နေခဲ့တာ...။ ဒီညနေ ကိုယ်ပန်းပင်ရေလောင်းနေတုန်း မေမေ့ကို သူတစ်ခုခုပြောနေတာတော့တွေ့လိုက်တယ်...။ နောက်တော့မှ ပန်းချီပြပွဲသွားဖို့လာခေါ်တာတဲ့...။
ပန်းချီပြပွဲဆိုတာ ကိုယ့်ဘာသာကိုယ်ဆို တခါမှသွားကြည့်လေ့ကြည့်ထမရှိပါဘူး....။ ကန်ရေပြင်နဘေးက ခန်းမတစ်ခုမှာ ညနေခင်းဆည်းဆာအချိန်မှာလုပ်တဲ့ ပွဲလေးလည်းဖြစ်တာမို့ တခြားပြပွဲတွေနဲ့ အချိန်ရော ခံစားမှုအရသာပါ ကွဲလွဲနေတယ်...။ ပန်းချီအကြောင်း ဘာမှသိပ်မသိတဲ့ ကိုယ့်အဖို့ သူကြည့်တဲ့နောက် တစ်ကောက်ကောက်လိုက်ရင်း သူကြိုက်တတ်တဲ့ ကားတွေမှာ ပန်းချီဆရာက အရောင်ကိုဘယ်လို သုံးထားလဲ ဘယ်လိုမက်ဆေ့ချ်ပေးထားသလဲ ဘယ်လိုခံစားမှုလေးကို ရစေသလဲဆိုတာမျိုးသူရှင်းပြမှသာ ပန်းချီကားတွေကိုကြည့်ရတာ အသက်ဝင်သွားတော့တယ်...။
အပြန်မိုးဦးမိုးက ဘာမှအရိပ်မှ မပြပါဘဲ သည်းကြီးမဲကြီးရွာချပါလေရော...။ ကားပါကင်နဲ့ သိပ်မဝေးလှပေမယ့် သူကိုယ့်လက်ကိုဆွဲပြီး ကားဆီပြေးတော့ ကားပေါ်အရောက်မှာ နှစ်ယောက်သား တော်တော်တော့ စိုနေခဲ့ပြီ။ သူက ကားစက်နှိုး အသက်ရှုမကျပ်အောင် လေအေးစက်ကို ခပ်ဖျော့ဖျော့ပဲဖွင့်ထားပြီး သူပါလာခဲ့တဲ့ မွှေးပွလက်ကိုင်ပုဝါလေးနဲ့ ကိုယ့်ဆံပင်တွေကိုသုတ်ပေးနေတယ်...။ သူ့မျက်လုံးတွေကို ကိုယ်ခိုးကြည့်နေတာ... သူ့မျက်လုံးတွေမှာ ဘာအရောင်အဆင်းမှမရှိ ပကတိအတိုင်း ကြည်လင်သန့်ရှင်းလို့...။ ကိုယ့်ကို ကလေးတစ်ယောက်လို သူ့ညီမလေး တစ်ယောက်လိုပဲ ပြုစုယုယနေတာပါ...။ အဲဒါလေးတွေကြောင့်ပဲ သူ့ကို ကိုယ်တစ်နေ့တစ်ခြား ပိုပိုပြီး လေးစားတွယ်တာလာခဲ့ရတာပါ....။
အိမ်မပြန်ခင် ကိုယ်တို့ ကော်ဖီဆိုင်တစ်ခုမှာ ညစာအတူစားဖြစ်ခဲ့ကြတယ်.....။ ကိုယ့်ကို ညအိပ်မပျော်မှာစိုးလို့ဆိုပြီး ကော်ဖီမမှာပေးဘဲ Hot Chocolate တစ်ခွက်မှာပေးပါတယ်..။ အဲလိုလေး သူက လူတစ်ဖက်သားကိုတော့ အမြဲဂရုတစိုက်ရှိတတ်တဲ့သူ...။ သူတကယ်ပဲ မသိလေသလား သူ့ရဲ့ အပြုအမူတွေ အမှတ်တမဲ့လုပ်ရပ်လေးတွေဟာ တဖက်သားကို တိတ်တခိုးစွဲလန်းစေခဲ့တယ် ဆိုတာ..... နုနု နယ်နယ်ကောင်မလေး တစ်ယောက်ရဲ့ နှလုံးသားမှာ သေရာပါအထိစွဲထင် ကျန်သွားနိုင်ခဲ့တယ်ဆိုတာ သူတကယ်မသိတာလား....။
အပြင်မှာတော့ မိုးကဟန်မပျက် သည်းနေဆဲပဲ....။ ခုလို မိုးသည်းညမှာ သူ့ရင်တွင်းခံစားချက်လေးကို ပုံပြင်တစ်ပုဒ်လို နားထောင်လိုက်ရရင် သိပ်ကောင်းမှာပဲလို့ ကိုယ်မချင့်မရဲတွေးမိသေးတယ်...။ ကိုယ်ကသာတောင်းတနေမိတာပါ သူရင်ဘတ်ထဲမှာ ဗလာဟင်းလင်းလဲ ဖြစ်နေနိုင်သေးတာပဲလေ....။
မီးရောင်မှိန်မှိန်အောက်မှာ ကိုယ့်ကို စိတ်လက်ရှည်စွာ အသားတုံးတွေကို ဇွန်းနဲ့ဓါးနဲ့လှီးပေးနေတဲ့ သူ့လက်ဖမိုး အကြောစိမ်းမြမြတွေ မွှေးညှင်းနုတွေက ထင်းခနဲပဲ...။ ကြီးမားကျယ်ပြန့်တဲ့ နွေးထွေးတဲ့ သူ့လက်ဖဝါးတွေနဲ့ ကိုယ့်တစ်ဘဝလုံးကို အုပ်မိုးကာကွယ်ပေးရင်သိပ်ကောင်းမှာပဲလို့ တဒင်္ဂအတွင်းမှာ စိတ်ကူးကလည်း ယဉ်ပစ်လိုက်သေးတယ်...။ အို...ကိုယ့်မှာ စိတ်ကူးယဉ်ခွင့်ရှိတာပဲ မဟုတ်လား...။ ပြီးတော့ ဒီစိတ်ကူးတွေကို အကောင်ထည်ဖော်ခွင့်လည်း ရှိပါသေးတယ်...။
အချိန်တွေကြာလာတာနဲ့အမျှ တိုးတက်မှုမရှိခဲ့ပေမယ့်လည်း ကိုယ်တို့နှစ်ယောက်ကြားက သံယောဇဉ် အမျှင်တန်းတွေဟာ ဟောင်းနွမ်းဆွေးမြေ့မသွားခဲ့ပါဘူး ပုပ်သိုးမသွားခဲ့ပါဘူး...။ ရေကြည်စက်တွေလိုပဲ ကြည်လင်သန့်ရှင်းမြဲ သန့်ရှင်းဆဲပါ....။ မိန်းကလေးတစ်ယောက်က စပြီး ထုတ်ဖော်ပြောပြခွင့်မရှိ သိုသိပ်သိမ်းဆည်းရမယ်ဆိုတဲ့ စည်းမျဉ်းကို ဖောက်ထုတ်ဖို့ထိ ကိုယ့်သတ္တိမရှိခဲ့ပါဘူး...။ ကိုယ့်အသည်းနှလုံးကိုသာ ချနှင်းခံရင်ခံလိုက်ပါ့မယ်....။ နှုတ်ဆိတ်မွှန်းကျပ်မှုဒဏ်ကို ရင်ပါးခဲ့ပြီ.......။ စိတ်အစုံကို အကျဉ်းလည်းချတတ်ခဲ့ပြီ...။ ခံစားတတ်လွန်းလို့လည်း မျက်ရည်တွေခမ်းခဲ့ပြီ...။
@@@@@ @@@@@@@@@ @@@@@
ဒီလိုနဲ့ ကိုယ်ကသာ တဖက်သတ်စိတ်ကူးတွေယဉ်ခဲ့ပေမယ့်.... မိုးသည်းညလေးဟာ ကိုယ့်အတွက် ပြန်ပြောပြဖို့ လွမ်းမောဖွယ်ကောင်းတဲ့ ပုံပြင်တစ်ပုဒ်အဖြစ်နဲ့သာ ဖြစ်တည်ကျန်ရစ်ခဲ့တာပါ...။
မိုးငွေ့
5 comments:
သူကလဲနေနိုင်လိုက်တာနော် :)
မမိုးငွေ့နာမည်အတိုင်းပဲ...
လွမ်းစရာတွေအမြဲပါနေတတ်တယ်..
အော် အဲလိုပြောလို့လဲ မဖြစ်သေးဘူး မမ ရို့စ်ရဲ့...
အဲ့တစ်ယောက်က တကယ့်သဘောရိုးဖြစ်နေခဲ့ရင်
တခြားသူတစ်ယောက်ရဲ့ခံစားချက်ကို အလွယ်တကူ
မြင်မှာ မဟုတ်ဘူးလေ...အဲ့ပုံပြင်က မဆုံးသေးဘူး
ထင်တာပဲ မမမိုးငွေ့...ဆုံးသွားပြီဆိုရင်လဲ ဆက်နား
ထောင်ချင်သေးတယ်....အက်ဆေးလေးက
ကောင်းလိုက်တာ....မ အရေးအသားတွေ
အရင်ကတည်းကမှ ကောင်းတာ...ခု ပိုကောင်းလာ
တော့ ဘာပြောရမှန်းကို သိတော့ဘူးးးး :)
ချစ်တဲ့....မိုးနတ်
အို...နေနိုင်သူကြီး နေနိုင်သူကြီးရယ်..အော်..နေနိုင်သူကြီး နေနိုင်သူကြီးရယ်...
တကယ်တော့ သူဟာ သူမကို မြတ်မြတ်နိုးနိုး ချစ်နေမိလို့
ချစ်တယ် ဆိုတဲ့စကားကို တန်ဖိုးထားပီး လွယ်လွယ်မပြောတာပါ ။
အမှန်က အမှန်ပေါ့လေ နော ... :D
Post a Comment