နေလုံးနီနီကြီးက ပင်လယ်ထဲကို တအိအိနဲ့ နစ်မြှုပ်ဝင်နေတာကို ကိုယ်ထိုင်ကြည့်နေမိတယ်…..။ တကယ်တော့ ကိုယ်ဒီတဲလေးအောက်ကို ညနေ သုံးနာရီမထိုးခင်ကတည်းက တစ်ယောက်တည်းထွက်ထိုင်နေမိတာ….။ ကမ်းခြေတစ်ခုလုံး ကိုယ့်ရှေ့မှာ အသံတိတ်ပိတ်ကားတစ်ခုလိုပဲ လှုပ်ရှားနေခဲ့တာပါ..။ ပင်လယ်ပြင်မှာ ရေးကူးသူကူး လှိုင်းလုံးစီးသူစီး သောင်ပြင်မှာလဲ ဘောလုံးကန်သူကန် ဓါတ်ပုံရိုက်သူရိုက် သဲနန်းတော်ဆောက်တမ်း ကစားသူက ကစားနေပေမယ့်လည်း ကိုယ်ကတော့ အခွံသက်သက် ထိုင်နေခြင်းသာ ဖြစ်တော့တယ်….။
ရိုးအီအပ်ကြောင်းထပ်နေပြီဖြစ်တဲ့ မြန်မာဗီဒီယိုကားတွေထဲကလို ကိုယ် မင်းအကြောင်းကို ခဏခဏ နောက်ကြောင်းမပြန်ချင်တော့…..။ ဒါပေမယ့်လည်းကွယ်…. အမှတ်ရစရာပုံရိပ်တွေကတော့ အတွေးထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက် ထွက်သွားလိုက်နဲ့…။ ရင်ဘတ်ထဲမှာ ပင်လယ်ဒီရေလိုပဲ နာကျင်မှုတွေက မြင့်လိုက်နိမ့်လိုက်နဲ့…။ တံတွေးနဲ့အတူမျိုချမိတော့ လည်ချောင်းထဲ ခါးသက်သက်နဲ့ မျက်ရည်တချို့ရောပါနေတယ်…။
ကိုယ်...အထဲပြန်မဝင်ချင်သေးဘူး ပင်လယ်ပြင်ကြီးကို အကြာကြီးငေးကြည့် ချင်နေသေးတယ် နေဝင်ပြီးသွားလည်း ကြယ်ကလေးတွေ ထွက်အလာကို စောင့်ကြည့်ဦးမယ်… ဒီညလက လပြည့်လလား လခြမ်းကွေးဖြစ်မလား ကိုယ်စောင့်ကြည့်ချင်သေးတယ်ကွယ်…။
ညနေငါးနာရီခွဲအချိန်ရဲ့ ကောင်းကင်အရောင်က သိပ်လှတာပဲ…..။ အရောင်အသွေးစုံနေတဲ့ ပန်းချီးကားလေးတစ်ချပ်အတိုင်းပဲ…..။ တိမ်မျှင်တိမ်စတွေနဲ့ နေက ပင်လယ်ထဲကို လုံးဝနစ်ဝင်ပြီးသွားပေမယ့် လိမ္မော်ရောင်ခပ်ဖျော့ဖျော့နဲ့ ခဲသားရောစပ်ထားတဲ့ အလှ ပြီးတော့ မှောင်စပျိုးချင်ချင် ကောင်းကင်နက်ပြာဖျော့ရောင်မှာ…. ကြယ်ကလေးတွေက ခပ်ပျပျလေး ဟိုနားတစ်လုံး ဒီနားတစ်လုံး မှိတ်တုတ်မှိတ်တုတ်နဲ့…. ။ မပြည့်တပြည့်လကတော့ မခို့တရို့အလင်းရောင်ကလေးနဲ့ ကောင်းကင်ပြင်မှာ..ရှက်သွေးဖြာနေတဲ့ အပျိုစင်ကလေး တစ်ယောက်လိုပဲ…။ ပတ်ဝန်းကျင်အပံ့အပိုးလှနေပါလျက်နဲ့ ကိုယ့်အတွက်တော့ မင်းမရှိရင်ဘာမှ မပြည့်စုံပါဘူး အိန်ဂျယ်…….။
နွေရဲ့ ညလေပြေက ပင်လယ်ပြင်ကိုဖြတ်တိုက်လာလို့ ခပ်အေးအေးလေး ကိုယ့်ဆံနွယ်တွေကြား တိုးဝေ့လိုက်တယ်….။ မျက်လုံးစုံမှိတ်ပြီး ညရဲ့ ရနံ့ ပင်လယ်ရဲ့ရနံ့ကို ကိုယ်တဝကြီးရှူရှိုက်လိုက်တယ်….။ နက်ပြာရင့်ရောင်ဖက်ကို တဖြေးသန်းလာခဲ့တဲ့ ညဟာ… သူ့သဘာဝနဲ့သူ…အိန္ဒြေရရ လှလို့ပလို့ တည်ငြိမ်လို့ပါပဲ။ သည်ချိန် ညစာစားတဲ့အချိန်မို့ ကမ်းခြေမှာလူသူကင်းပြီး လှုပ်ရှားမှုမဲ့နေတယ်…။ ခဏနေကျရင်တော့ ….မီးရှူးမီးပန်းဖေါက်သူ မီးပုံးပျံကလေးများလွှတ်သူနဲ့ မီးပုံပွဲမှာစားသောက်ရင်း သီချင်းဆိုသူတွေနဲ့ ပြန်ပြီး စည်ကားလာတော့မယ်….။ ဒီညမှာတော့ “ကျွန်တော်တို့ မီးပုံပွဲကိုလာခဲ့နော် အစ်မ”လို့ လာခေါ်မယ့် အသားခပ်ဖြူဖြူနဲ့ သီချင်းအဆိုကောင်းတဲ့ ကိုယ့်ရဲ့ အိန်ဂျယ်ဖြစ်လာမယ့် မင်းလဲမရှိတော့ဘူး….။ ကိုယ့်အနားမှာ တရုတ်စကားပန်းဖြူဖြူတစ်ပွင့်မရှိတော့ဘူး…။ လင်းလင်းလက်လက်ကြယ်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိတော့ဘူး….။ တိုးတိတ်ညင်သာတဲ့ သီချင်းသံစဉ်တစ်ခုမရှိတော့ဘူး….။ ဒီလိုတွေးမိသွားတော့ ရင်ထဲပိုပြီးနာကျင်စူးနစ်သွားရတယ်….။
ကိုယ်တိုင်ရောက်မသွားဖြစ်ခဲ့ပေမယ့်လည်း စိတ်ကူးကလေးနဲ့တခဏသာ ရောက်သွားခဲ့တဲ့ ကမ်းခြေလေးအကြောင်း မင်းကို ပြောပြချင်လို့ ဒီအက်ဆေးလေးကိုရေးဖြစ်သွားတာပါ အိန်ဂျယ်…။
မိုးငွေ့
9 comments:
စစချင်း နေ၀င်ပုံလေးကို နူးညံ့စွာရေးပြလိုက်တာ ချစ်စရာကောင်းတဲ့ အက်ဆေးလေးပေါ့.....
နွေရဲ့ ညလေပြေက ပင်လယ်ကိုဖြတ်တိုက်လာတာလေးကို
ဂျက်လဲခံစားချင်လိုက်တာ
ဟိုနေ့က ဖုန်းခေါ်သေးတယ်ရှိဘူးနော်
နောက်မှမေးလ်ပို့လိုက်မယ်
နွေရဲ့ညလေပြေလေးကို ခံစားပြီး နေ၀င်ဆည်းဆာအလှကို ၀င်ရောက်ခံစားသွားပါတယ် မမရေ ...
ကမ်းခြေ၊တရုတ်စကားပန်း၊ညလေပြေနဲ့အိန်ဂျယ်....
သိပ်လှတဲ့ အက်ဆေးလေးပဲ မမိုးရ....လွမ်းစရာလေး....
တကယ်ရောက်သွားခဲ့သလို ကမ်းခြေလေးကိုရောက်ပြီး လှိုင်းလေးတွေကို ငေးမောခဲ့မိတယ်။။ တဖြည်းဖြည်း နေမင်းကြီးက ဝေး၍ ဝေး၍..............
ချစ်တဲ့သဒ္ဓါ
အိန်ဂျယ်အတွက် အက်ဆေးလေးတစ်ပုဒ် ညနေဆည်းဆာနဲ့အပြိုင် လွမ်းလွမ်းဆွေးဆွေးလေး ဖတ်သွားပြီ မိုးငွေ့ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီတစ်ခါ အိန်ဂျယ်စာစုလေးက ချစ်စရာလေး
လွမ်းမောစရာလေးးးးးး:)
ချောင်းသာကိုတောင် ချက်ချင်း သွားချင်လာမိတယ် :)
အက်ဆေးရေးထားတာ ကောင်းလို့ မျက်လုံးထဲ ပင်လယ်ကမ်းခြေရဲ့ ညခင်းဆည်းဆာကို အသေအချာ မြင်နေရသလို ခံစားရတယ်
ပြီးတော့လည်း နာကျင်လွမ်းမောသလို ခံစားလိုက်ရတယ်။
ကမ်းခြေလေးဆီ ရောက်ဖူးချင်လိုက်တာနော်။ အရမ်းလွမ်းမိမှာပဲ။
Post a Comment