Wednesday, 13 March 2013

ကွန်.....





ကိုယ်ခံစားသမျှတွေ တွေးမိသမျှတွေကို ချရေးလွန်းလို့လဲ ကိုယ်ဘယ်လိုတွေးခေါ်ရှင်သန်နေသလဲဆိုတာ မင်းအလွတ်ရနေလောက်ရောပေါ့….။ ခုတလော လူမှုရေးကိစ္စတွေအရမ်းများနေတယ်….။ မတင်ဖြစ်သေးတဲ့ မင်းအတွက် နောက်ဆုံးရေးထားတဲ့ အက်ဆေးလေးတစ်ပုဒ်ကိုအထပ်ထပ်ပြန်ဖတ်ရင်း အဲဒီတစ်နေရာလေးကိုဖတ်မိတိုင်း… စိတ်ထဲဝမ်းနည်းအားငယ် နုံးချိသွားသလိုခံစားရတယ်….။ အားအင်တွေဆုတ်ယုတ်သွားသလို… ဘာဆိုဘာမှမလုပ်ချင်မကိုင်ချင်တဲ့အထိ ကိုယ့်ဝိညာဉ်ကို မင်းခုချိန်ထိ ဖမ်းစားထားဆဲပဲ အိန်ဂျယ်……။

တချို့လူတွေက မေးနေကြတယ်…အိန်ဂျယ့်ကိုအပြင်မှာမြင်ဖူးချင်လိုက်တာတဲ့….။ စိတ်မကောင်းပါဘူး… ကိုယ်ကိုယ်တိုင်တောင်မင်းကို မမြင်နိုင်တာ သူတို့ကို မင်းဟာ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိတယ်ဆိုတာ ဘယ်လိုပြရမလဲ…..။ တကယ်တော့ မင်းကို လူသိများအောင် ကိုယ်ဖန်တီးနေတာမဟုတ်သလို… အိန်ဂျယ်ဆိုတာ ဘယ်လိုလူတစ်ယောက်လည်းလို့ စိတ်ဝင်စားအောင် ဆွဲဆောင်နေတာလည်း မဟုတ်ပါဘူး…။ မင်းဟာ… ကိုယ့်ရဲ့ အိန်ဂျယ်တစ်ယောက်လို့ သတ်မှတ်ခံရတဲ့ လူသားတစ်ယောက်လို့ပဲ သိထားစေချင်ပါတယ်…။ မပြီးဆုံးနိုင်သော အိန်ဂျယ်စီးရီးရှည်ကြီး ဘယ်တော့အဆုံးသတ်မလဲလို့ တချို့ကလည်း စိတ်ဝင်စားကြပြန်ပါသေးတယ်…။ ဟင့်အင်း… ကိုယ်ပြောခဲ့ပြီးပါပြီ… အိန်ဂျယ်ကိုယ်နဲ့ လိုက်ပါနေသရွေ့ အိန်ဂျယ့်အကြောင်းကို ကိုယ်ဆက်ရေးနေမိဦးမှာပဲ…..။ ကမ္ဘာဆုံးတဲ့နေ့အထိ အိန်ဂျယ်ရှိနေမှာပါ….။

ခုလို နွေနေပူပူမှာ ကမ်းခြေကိုသတိမရဘူးလား အိန်ဂျယ်…..။ လှိုင်းစီးချင်လိုက်တာ…. အုန်ရေသောက်ချင်လိုက်တာ လာသမျှအသည်တွေဆီက ပုစွန်ကင်တွေ ငါးကင်တွေ မုန့်တီတွေ မုန့်လက်ဆောင်းတွေစားချင်လိုက်တာ…။ ကောင်းကင်က ကြယ်ကလေးတွေကို ပျင်းမှာစိုးလို့ မီးရှူးမီးပန်းတွေကို ပစ်ဖေါက်ပြီး စချင်လိုက်တာ… မီးပုံပွဲက သီချင်းချိုချိုကလေးတွေ ဆိုတတ်တဲ့ ကောင်လေးတွေကို လက်ခုပ်တီးပြီး အားပေးချင်လိုက်တာ….။ လွမ်းတယ် လွမ်းတယ်.....လွမ်းတယ်…လွမ်းတယ်….ဒီလို ခပ်တိုးတိုးကလေးပဲ ရေရွတ်ခွင့်ရှိသတဲ့လား…။

ညဖက် မင်းအကြောင်းစာရေးရင်း… ကိုယ်တော့ ကော်ဖီတစ်ခွက်သောက်ပြီးပြီ…..။ မင်းရော…အိန်ဂျယ် ကော်ဖီခွက်ဘေးမှာချရင်း အလုပ်လုပ်နေသလား…။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ သီချင်းပဲသွားဆိုနေသလား…။ အပြာရောင်မိုးသား တမိုးထဲအောက်မှာပေမယ့် မင်းရဲ့ ကမ္ဘာတဖက်ခြမ်းကနေ… မင်းကို တမ်းတနေတဲ့သူရှိနေတယ်ဆိုတာ သတိမှရနေရဲ့လား…။ ခုလို နွေရက်တွေမှာ လေတဟူးဟူးတိုက်ခတ်နေတဲ့ မြစ်ကမ်းနဘေးမှာ ကိုယ်တို့အတူသွားထိုင်ကြရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်…။ ဟိုးးး ချောက်ကမ်းပါးအောက်ဖက်မှာ တဝေါဝေါစီးဆင်းနေတဲ့ ရေပြင်တွေဟာ နွေမှာ ခမ်းခြောက်နေလောက်ရောပေါ့နော်….။ နှင်းတောထဲမှာ စိမ်းစို ယိမ်းနွဲ့နေကြတဲ့ မြက်ပင်ရှည်တွေလည်း ဝါကျင့်ခြောက်သွေ့နေလောက်ရောပေါ့…..။ အရာရာဟာ…ကိုယ့်ခံစားချက်အတိုင်း လိုက်ပါလောင်ကျွမ်းကုန်ပြီတဲ့ အိန်ဂျယ်….။

တွေးကြည့်ရုံနဲ့တင် နွေးထွေးမှုပေးတတ်တဲ့ နူးညံ့ဖြူစင်တဲ့ အတောင်ပံတစ်စုံနဲ့ ကိုယ့်ကို အေးချမ်းမှုရအောင် တချက်လောက် ခတ်ပေးပါ….။ ပူလောင်နေတဲ့နွေမှာ ကိုယ့်နှလုံးသားကိုအေးမြမှုတွေ ဆောင်ကျဉ်းပေးပါ…. အိန်ဂျယ်။ ထာဝရရုန်းထွက်မရနိုင်တဲ့ ကွန်ထဲကနေ… မင်းရဲ့ဖမ်းစားခြင်းကို ကျေနပ်စွာခံယူပါ့မယ်…။ ကိုယ့်ရဲ့ တည်တံ့သောချစ်ခြင်းများဖြင့် အိန်ဂျယ့်ဘ၀ ဆိတ်ငြိမ်အေးချမ်းမှုများဖြင့်သာ ပြည့်စုံစေသော်….။



မိုးငွေ့   



8 comments:

စံပယ္ခ်ိဳ said...

အိန်ဂျယ်ကို အပြင်မှာတကယ်တွေ့မြင်ပါစေလို့

Cameron said...

"တွေးကြည့်ရုံနဲ့တင် နွေးထွေးမှုပေးတတ်တဲ့ နူးညံ့ဖြူစင်တဲ့ အတောင်ပံတစ်စုံနဲ့ ကိုယ့်ကို အေးချမ်းမှုရအောင် တချက်လောက် ခတ်ပေးပါ…." ယပ်တောင်ယူမလား
မမိုး....ငိငိငိငိ.....
အလကားစတာပါ....၊အိန်ဂျယ်ရဲ့နောက်ဆုံးပို့စ်ရေးနေပီ
ဆိုတော့ အိန်ဂျယ်စီးရီးရှည်ကြီးအဆုံးသတ်တော့မယ့်
သဘောလားဗျာ.....။
ညိမ်းနိုင်

Cameron said...


မိုက်စ် :)))

မိုးနတ်ကြယ်စင်

Cameron said...

တောင်းတဲ့ဆုနဲ့ ပြည့်စုံစေဗျာ...

မိုးသက်

Cameron said...

ကော်မန့်သုံးခုတက်လာတာကို Publish လုပ်တာ ဘယ်လိုမှတက်မလာဘူး အဲဒါနဲ့ မေးလ်ထဲဝင်လာတာတွေကို ပြန်တင်ပေးလိုက်ရတယ်..။

အလင်းသစ် said...

လူသားချင်းပဲ ချစ်ပစ်လိုက်ပါ မမိုးငွေ့ရယ် ....
အိန်ဂျယ်ဆိုတာကြီးက တွေးကြည့်ရင်ကို လက်နောက်က အတောင်ကြီးနှစ်ဖက်နဲ့တင် အရုပ်ဆိုးလှပါတယ်...
(Just Kidding ... :P )
စိတ်ကူးထဲက အိန်ဂျယ်ကြီးနဲ့ လက်တွေ့ဘဝကို ကူးခတ်နိုင်ပါစေဗျာ.... :)

Aunty Tint said...

မိုးငွေ့ရဲ့ အမြဲတန်းနွေးထွေးတဲ့ တောင်းဆုတွေကြောင့် အပြင်မှာအိန်ဂျယ်အစစ်ကို အမှန်တကယ်တွေ့ပြီဆိုရင် တီတင့်ကိုလက်တို့လိုက်နော် ဒီတစ်ခေါက် ဖိတ်ရင်ထည့်ဖိတ်ချင်လို့ မိုးငွေ့ရေ :P

မေတ္တာဖြင့်
အန်တီတင့်

Yoemyaykya said...

အိန်ဂျယ် အိန်ဂျယ်
အော မမမိုးငွေ့နဲ့အတူရှိနေမယ့် အိန်ဂျယ်