Thursday, 4 October 2012

လမ်းမကြီး.....





လမ်းမကြီးရဲ့ ဟိုး.... အဆုံးမှာ သံလျှပ်ရောင်ပြောင်ပြောင်နဲ့ သူ့နောက်ကျောပြင်ကို တဖြေးဖြေးမှိန်ဖျော့ အစက်ကလေးတစ်စက်ကနေ ပျောက်ကွယ်သွားတဲ့အထိကြည့်နေမိတယ်........။

စိမ်းပျက်လိုက်တာနော်....။ အဲလိုစိတ်မျိုးထားတတ်ချင်လိုက်တာ...။ သွားတော့မယ်လို့လဲ နှုတ်မဆက်ခဲ့ဘူး..။ ထွက်သွားနေတဲ့ သူ့ကျောပြင်ကိုတော့ မြင်နေရတာ....။ မမှိတ်မသုန်ကြည့်နေရုံကလွဲလို့ ကိုယ်မှာ မသွားပါနဲ့လားလို့လဲ တားပိုင်ခွင့်မရှိဘူး.....။ သူ့နာမည်ကို သူမနှစ်သက်ပါဘူးဆိုတဲ့ နာမည်ကို အကျယ်ကြီး အော်ခေါ်ပစ်လိုက်ချင်မိတာ......ကမ္ဘာအဆုံးထိပေါ့... သူကတော့ မကြားချင်ယောင်ဆောင်နေမှာ သေချာတယ်......။

ဒီလမ်းမကြီးက လုံးဝန်းနေတဲ့ ကမ္ဘာကြီးကိုပတ်ပြီး ဖောက်ထားတာလား....။ ဒါဆို သူပျောက်ကွယ်မသွားပါဘူး...။ ခဏပေ့ါ.....အချိန်တန်ရင် ဒီနေရာကိုသူပြန်ရောက်လာမှာ...။ ဟင်...ဒီစက်ဝိုင်းသီအိုရီက ကိုယ့်ခေါင်းထဲရောက်လာပြန်ပြီလား.......။ တသတ်မှတ်ထဲမထားတာကောင်းတယ်...။  လမ်းဆိုတာ အကွေ့အကောက်တွေများပါဘိသနဲ့...ဒီနေရာချောနေပေမယ့် နောက်တစ်နေရာမှာ ချိုင့်တွေခွက်တွေများနေမယ် ကျောက်စရစ်တွေရှိချင်ရှိနေမယ် ဗွက်ထချင်ထနေတယ်.....။

လမ်းဆိုတာ လျှောက်ဖို့ပဲမဟုတ်လား....။ ဒါဆို သူကမနားတမ်းအဆုံးထိလျှောက်ပါ့မယ်လို့ ဘယ်သူပြောလဲ..။ တစ်နေရာရာမှာ သူရပ်နားနေနိုင်တာပဲ...။ အဲဒီနေရာမှာ သူစိတ်ချမ်းသာစရာတစ်ခုခုနဲ့တွေ့ရင် သူဆက်မလျှောက်တော့ဘဲ တစ်သက်လုံးနေပျော်သွားလဲဖြစ်တာပဲ...။ ဒါဆို ကိုယ်ကဘာလုပ်ရမလဲ သူ့နောက်ဆက်လျှောက်ရမလား နောက်ပြန်ဆုတ်သွားရမလား...ဒါမှမဟုတ် ရပ်စောင့်နေရမလား...။
ရပ်စောင့်နေရမလားဆိုလို့ ခင်ဖုန်းသီချင်းလေးကို သတိရသွားတယ်... 
♫ ♫....ရပ်စောင့်နေပါမယ် တစ်နေ့ပြန်လာခဲ့....♫ ♫


အိုးးး ဘာလို့ရပ်စောင့်နေမလဲ လမ်းဆိုတာလျှောက်ဖို့ဖေါက်ထားတာ ....ခြေထောက်ဆိုတာလဲလမ်းလျှောက်ဖို့ပဲလေ...ဖိနပ်လှလှလေးတွေချည်း စီးဖို့မဟုတ်ဘူး.....။
ကိုယ်လဲ ကိုယ့်စိတ်ကူးတည့်ရာ လမ်းကို ကိုယ်လျှောက်ရမယ်လေ...။ လောကနိယာမကို ဖေါက်ဖျက်ပစ်ဖို့ မကြိုးစားချင်စမ်းပါနဲ့ကွယ်.....။ 

လျှောက်မယ်....လျှောက်မယ်......ပင်ပန်းနွမ်းနယ်လာတဲ့အခါ ခဏနားမယ်.....။

တစ်နေရာရာတော့ရောက်မှာပေါ့နော်....။ ဦးတည်ရာမယ့်လိုက်တာလို့မပြောကြပါနဲ့.........။ ကိုယ်လမ်းမကြီးအတိုင်းကိုပဲ ဆက်လျှောက်နေတာပါ....။ လမ်းမကြီးတစ်လျှောက်ကြုံတွေ့မယ် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ပေါ့...။ စိတ်ချပါ သူ့နောက်ကို ကိုယ်လိုက်နေတာမဟုတ်ပါဘူး....။ သူကလဲ ကိုယ့်ကိုတစ်နေရာရာမှာ ရပ်စောင့်နေမယ့်လူစားမျိုး မဟုတ်ပါဘူး ကိုယ်သိပါတယ်....။ 

နေခြည်လာတဲ့အခါ လမ်းမကြီးနဘေးက ပန်းပွင့်ကလေးတွေ ကိုယ့်ကိုနှုတ်ဆက်ကြလိမ့်မယ်.....။ 
လေပြေလာတဲ့အခါ ဝါပွင့်လေးတွေ လေဟုန်စီးရင်း ကိုယ့်ကိုနှုတ်ဆက်ကြလိမ့်မယ်....။
မိုးငွေ့လာတဲ့အခါ ....လျှပ်ပန်းခက်ကလေးတွေ လင်းလက်ဖြာ ကိုယ့်ကို နှုတ်ဆက်ကြလိမ့်မယ်...။
မြူနှင်းတွေဝေတဲ့အခါ  ငွေမှင်ရောင်ဇာပုဝါကြားက ကြယ်ပွင့်လေးတွေ ကိုယ့်ကို နှုတ်ဆက်ကြလိမ့်မယ်...။

ဒီလိုကျတော့လဲ....လမ်းမကြီးမှာ တစ်ယောက်ထဲလျှောက်ရတာ အထီးကျန်ဆန်တယ်မထင်တော့ဘူး......။


မိုးငွေ့

12 comments:

စံပယ္ခ်ိဳ said...

ခဏပေါ့.....အချိန်တန်ရင် ဒီနေရာကိုသူပြန်ရောက်လာမှာ...
ဟုတ်တယ် ခဏပါပဲ သူပြန်လာမှာပါ
မီးမီးလို့ပဲခေါ်တော့မယ်နော်
မီးကိုချစ်တဲ့
sis jasmine

မိုးခါး said...

တယောက်တည်းလည်း ဆက်လျှောက်ဆဲ ဒီလမ်းကြီးပေါ်ဝယ် ..း)

မြတ်နိုးသူ said...

လမ်းမကြီးကိုအားပေးသွားပါတယ်

Yoemyaykya said...

ဖတ်နေရင်းနဲ့ လမ်းလျှောက်ချင်စိတ်ပေါက်လာတယ်အစ်မရေ။အရေးအသားတွေက ညက်လိုက်တာ။

မိုးနတ်ကြယ်စင် said...

ဆက်လျှောက် ..ဆက်လျှောက်....:P
ငယ်ငယ်က ကြားဖူးခဲ့တဲ့ ဦးရင်(ရင်ဂို) သီချင်းလေးလို
ရွတ်ကြည့်တာပါ...အက်ဆေးလေးခံစားသွားတယ်နော်
ခင်မင်နေတဲ့...မိုးနတ်

မိုးနတ်ကြယ်စင် said...

ဆက်လျှောက် ..ဆက်လျှောက်....:P
ငယ်ငယ်က ကြားဖူးခဲ့တဲ့ ဦးရင်(ရင်ဂို) သီချင်းလေးလို
ရွတ်ကြည့်တာပါ...အက်ဆေးလေးခံစားသွားတယ်နော်
ခင်မင်နေတဲ့...မိုးနတ်

blackroze said...

ဒီလမ်းမကြီးပေါ်မှာတချိန်ချိန်မှာတော့
နှစ်ယောက်အတူတွဲလျှောက်ရမှာပါမကြီးမိုးငွေ့

သိင်္ဂါကျော် said...

လမ်းမကြီးမှာ တစ်ယောက်တည်း ဖြစ်ချိန်လည်း ရှိမှာပေါ့.. ပျော်ပျော်သာ ဆက်လျှောက်ပါ..။

ညီရဲသစ် said...

ဟုတ်တယ် လမ်းဆိုတာက လျှောက်ဖို့ ဘဲလေ...

Anonymous said...


လက်ခံပါအိ ...း)

Candy said...

အင်း... လမ်းဆိုမှတော့ လျှောက်ရမှာပေါ့နော်... ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် :)

San San Htun said...
