Friday, 12 October 2012

ကုမ္မာရီဂိုဏ်းအတွက် လျှို့ဝှက်စာတစ်စောင်.....




နင့်အသက်ငါ့ပေးဆရာကြီးရဲ့ အစွမ်းကြောင့် လွန်ခဲ့တဲ့အနှစ်ငါးဆယ်ကလူတွေက 
အချိန်တွေရွေ့လျားလို့ ၂၀၁၂ကိုရောက်လာခဲ့ကြတယ်….။

နပ်စ်မလေးမိုးငွပ် အလုပ်ကအပြန်ရေမိုးချိုးနေတုန်း…အပြင်ဖက်က သီချင်းသံလေးကြားလို့…ခပ်တိုးတိုးလိုက်ညည်းမိပါသေးတယ်….။ ဘာတဲ့ ဟစ်ပ်ဟော့ပ်အဆိုတော်မလေး စန္ဒီမြင့်လွင်ရဲ့ သီချင်းပါတဲ့….။ အဲအဲ…ဒါ ဖုန်းလာနေတာကလား…။ လာပေ့စေတော့ ရေချိုးပြီးမှပဲကိုင်တော့မယ်…။ မဟုတ်မှလွဲရော… ဟိုကျွန်းနိုင်ငံကခဏအလည်ပြန်လာတယ်ဆိုတဲ့ တစ်ယောက်ပဲဖြစ်မယ်…။

တကယ်တော့ အဲဒီလူကို မိုးငွပ်လည်း အပြင်မှာတစ်ခါမှမမြင်ဖူး…။ သို့ပေမယ့် ဒီခေတ်မှာ မသုံးတတ်ရင်ပဲ ဘာမှ မသိနားမလည် လူရာမဝင်သလိုဖြစ်နေတဲ့ ဖွဘုတ်ဆိုလား ဖေ့ဘုတ်ဆိုလား အဲဒါကြီးထဲကတော့ ဒီလူ့ပုံတွေကို မြင်ဖူးထားပါရဲ့…။

ရေချိုးအဝတ်အစားလဲပြီး ဟမ်းဖုန်းကိုကောက်ဖွင့်ကြည့်တော့ ဟုတ်တာပါ့ သူပါပဲ…။ ပြန်ဆက်ကြည့်တော့ မြေနီကုန်းမှာပါတဲ့…ဘယ်နားလဲမေးတော့ ဟို အယ်လ်စီတီကြီးထောင်ထားတဲ့နားမှာတဲ့…။ အော်သိလိုက်ပြီ ဒဂုံစင်တာအဟောင်းရှေ့က…။ ဒီတိုင်းတော့ရပ်မနေနဲ့လေ ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်မှပေါ့…။ ထိုင်ပြီးပြီတဲ့ ကျွန်တော်တို့ဘယ်ကိုလာရမလဲတဲ့…။ ကျွန်တော်တို့ဆိုတော့ ဒီလူတစ်ယောက်တည်းမဖြစ်နိုင်တော့ဘူး…။ အင်းလေ….မြန်မာပြည်ကို နှစ်ရှည်လများစွန့်ခွာသွားတော့ တစ်ယောက်တည်းမသွားတတ် မလာတတ်ဖြစ်နေရောပေါ့…။ ဒါနဲ့ စီးတီးမတ်ထဲစောင့်နေပါ… အဲမှာထိုင်စရာခုံလည်းရှိတယ် အေးလဲအေးတယ်ပေါ့…။ ဟုတ်ကဲ့ ဟုတ်ကဲ့တဲ့…။ 

မိုးငွပ်လဲ အမြန်ရောက်ချင်ဇောနဲ့ တက်စ်ဆီလေးငှားသွားလိုက်တယ်…။ အိမ်နဲ့သိပ်မဝေးဘူးဆိုပေမယ့် လမ်းလျှောက်ရင်တော်တော်လှမ်းသေးတာမို့ သူတို့စောင့်နေတာလည်းကြာနေပြီဆိုတော့ အားနာပြီးကားငှားလိုက်တာ…။
စီးတီးမတ်ရောက်ပါပြီတဲ့….။ သူ့ကိုအရိပ်ယောင်တောင်မတွေ့ရဘူး…။ ဟမ်းဖုန်းနဲ့လှမ်းခေါ်ကြည့်တယ် ...။ ဒဂုံစင်တာအပေါ်ထပ်မှာတဲ့...။ ကဲခုနက...အဲဒီလာရမလားဆိုတော့ ရတယ် စီးတီးမတ်ပဲလာမယ်ဆိုပြီး...။ ခု စတားမတ်ရှေ့မှာ အဝင်ပေါက်မှာတဲ့ ...။ နေပေ့စေတော့ မိုးငွပ်ပဲလာခေါ်ပါတော့မယ်...။ စီးတီးမတ်ကနေ ပြည်လမ်းဟိုဖက်ကိုကူး.... တပြန် ဗားကရာလမ်းကိုထပ်ကူး...ရောက်ပါပြီ...။ ရောက်ပါပြီဆိုတာ မိုးငွပ်ရောက်တာက ဒဂုံစင်တာအသစ်ဖက်က စတားမတ်ကို ...ဟိုကြည့်ဒီကြည့်ဟိုရှာဒီရှာ ကော်ဖီအမိုရာထဲချောင်းကြည့်...။ 
ကျွတ်....လုပ်ပြီ ဒီလူဘယ်ရောက်သွားပြန်ပြီလဲ...။ တွေ့လား လူကိုမတွေ့သာမတွေ့သေးတာ အရင်အမောင်းခံနေရတယ်....း)

ဟမ်းဖုန်းကိုထပ်ဆက်...။ ဒဂုံစင်တာအဟောင်းဖက်မှာလားဆိုတော့ ဟုတ်တယ်တဲ့...။ 
ဒီတစ်ခါတော့တွေ့ပါပြီ။ လှေကားထစ်နားက ကွန်ကရစ်တိုင်ကိုမှီထားတဲ့ ဆံပင်ရွှေဝါရောင်ကြောင်ကြောင်နဲ့လူ...။ တစ်ကယ်တော့ သူနဲ့လူကြုံပါးလိုက်တဲ့ စာတစ်စောင်လာယူတာပါ..။ နှစ်ဆယ့်တစ်ရာစုမှာ ဓါတ်လိုင်းတွေနဲ့စာအသွားအပြန် စက္ကန့်နဲ့အမျှ အလျင်အမြန်ဆက်သွယ်နိုင်တဲ့ ခေတ်ကြီးမှာ...လက်ရေးမူစာတစ်စောင်ဆိုတာကတော့ အထူးအဆန်းဖြစ်နေကြမှာပါ...။

ဒီလူကပြောသေးတယ်....။ စာအိတ်ထဲမှာဘာမှပါပုံမရဘူးတဲ့...။ သူက စာအိတ်ကို အသေအချာစစ်ဆေးကြည့်ပြီးပုံရတယ်...။ မိုးငွပ်လည်း တနိုင်ငံကလာတဲ့ ရွှေဝါရောင်ကိုရွှေဧည့်သည်ကို တဖန် စီးတီးမတ်ကိုပြန်ခေါ်သွားလိုက်တယ်...။ ဟက်ပီးခေါက်ဆွဲဆိုင်မှာ...ခေါက်ဆွဲကျွေးမလို့ပါ...။ သူတို့နှစ်ယောက်သား မိုးငွပ်နောက်ကို တကောက်ကောက်လိုက်တယ်...။ ကားတွေတစ်သီတစ်တန်းကြီးကြားထဲ ရွှတ်ခနဲ အလျင်အမြန်ကူးလူးသွားလိုက်တာ... ပြီးမှ ကိုယ့်ကိုယ်ကိုပြန်သတိထားမိပြီး သူတို့ကိုစောင့်ခေါ်လိုက်တယ်...။

ခေါက်ဆွဲမှာရင်းနဲ့ စာအိတ်ကိုသူ့တို့ရှေ့မှာပဲဖေါက်လိုက်တယ်...။ အော်..သူတို့ဆိုတာ သူနဲ့ပါလာတာက သူ့တူလေး ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်ပါ...။ စာအိတ်ဖြူဖြူထဲကထွက်လာတာက... စာရွက်ဖြူဖြူတစ်ရွက်...။ ဟင်....ဘာမှလည်းမရေးထားပါလား...။ မိုးငွပ်ကိုနောက်နေတာလား...။ မဖြစ်နိုင်ဘူး....ဒီလိုပလိန်းစာရွက်တစ်ရွက်ကို တကူးတကန့်တော့ ပို့မပေးလောက်ဘူး...။ ဒါ Magic ink နဲ့ရေးထားတဲ့ လျှို့ဝှက်စာတစ်စောင်ဖြစ်နိုင်တယ်....။ ဒါပေမယ့်ဒီစာကိုဖော်ထုတ်ဖို့ ရေစိမ်ပြီးဖတ်ရတဲ့နည်းတော့ကြားဖူးတယ်....။ စားသောက်ပြီး ဟိုလူတွေကို နှုတ်ဆက်အိမ်မပြန်သေးဘဲ...။ ဆိုင်ဝင်လိုက်တယ်...။ ဒီစာကိုရပြီဆိုတဲ့အကြောင်းဘယ်လိုဖတ်ရမလဲဆိုတာကို သိဖို့ ဓါတ်လိုင်းကတဆင့်မေးရဦးမယ်လေ...။

ဟောာ...သူ့ကိုမြင်ရပါပြီ....။ တော်သေးတာပေါ့...မီးလေးစိမ်းနေပေလို့...။ စကားပြောလို့ရလားလို့မေးကြည့်တော့...ဘာမှပြန်မပြောဘူး........။
တအောင့်မှ ရောက်လာတယ်...။ စာရပြီ ဘာမှမပါဘူး...။ သိပ်အားနေတယ်ထင်ပြီး နောက်လိုက်တာလားကွယ်...။

မနောက်ရပါတဲ့.... အိမ်ရောက်ရင် မီးပူတိုက်ဖတ်ရမယ်တဲ့ကွယ်...။ ဟဟ...မကြားဖူပေါင်...။
မီးပူကိုတအားမပူစေနဲ့လောင်သွားလိမ့်မယ်ဆိုလို့ အိမ်ရောက်တော့ မီးပူကိုမီးလျှော့ပြီးတိုက်တယ်...။ ဘာမှမထူးခြားဘူး...ဘာစာမှမပေါ်လာဘူး...။ စာရွက်အောက်ခြေမှာတော့ အဖြူရောင်ခပ်ရေးရေး သင်္ကေတတစ်ခုပေါ်လာတယ်.....။ ဒါက သူ့သင်္ကေတလေးပါ....။ အော်ပြောလိုက်ပါသေး... အဲဒါကဗျာတစ်ပုဒ်ပါတဲ့....။ မီးပူကို ထပ်တလဲလဲတိုက်တယ်...။ စာလုံးနဲ့တူတာဆိုလို့ဘာမှပေါ်မလာတာနဲ့ မိုးငွပ်လဲ စိတ်ပျက်လက်ပျက်နဲ့ စာရွက်ကိုခေါက်ပြီး စာအိတ်ထဲပြန်ထည့်သိမ်းထားလိုက်တော့တယ်...။

နောက်တစ်နေ့ သူနဲ့ဓါတ်လိုင်းပေါ်ထပ်တွေ့တော့ အဲဒါဖယောင်းတိုင်မီးနဲ့အပူပေးပြီးဖတ်ရမယ်တဲ့လေ...။ အဲလိုဆို မီးလောင်သွားမှာစိုးလို့ မီးပူတိုက်ခိုင်းကြည့်လိုက်တာပါတဲ့...။ လုပ်ပြီ...။ အော်....လျှို့ဝှက်စာဆိုတော့လည်း တကယ်လျှို့ဝှက်တာပါပဲ...ခက်ခက်ခဲခဲဖတ်ရတယ်...။
ညနေအိမ်ပြန်ရောက်တော့ ဖယောင်းတိုင်တစ်တိုင်ထွန်း...စာရွက်ကိုဖြန့် မီးမလောင်အောင် မထိတထိလုပ်ကြည့်တော့ စာလုံးတွေက မီးခိုးဟတ်ပြီး အညိုရောင်တွေထင်းခနဲပေါ်ပေါ်လာတယ်...။ ဟယ်....ထူးဆန်းပါပေ့....။ ဒါမျိုးရေးတတ်ဖို့..မီးလျှံမြေခွေးက ဓါတ်လိုင်းဆရာကြီး ဦးဦး ဂူဂယ်လ်ဆီကမေးထားရတာပါတဲ့။ အော်ကွယ် ငါ့မလဲ ဒီဆရာကြီး ဦးဦးဂူဂယ်လ်ကိုကျေးဇူးပဲတင်ရမလား စိတ်ပဲဆိုးရမလားဖြစ်ရတယ်...။

ကဗျာဆရာပြောတဲ့ကဗျာဆိုတာ ဆိုလိုတာပါ....။ တကယ်ပေါ်လာတာက နင့်အသက်ငါ့ပေးဆရာကြီးရဲ့ လူချစ်လူခင်ပေါများအောင် ရွတ်ဖတ်သရစယ်ရတဲ့ ဂါထာတစ်ပုဒ်ပါ....။ ဘာကြောင့်သိရသလဲဆို ဒီစာမဖတ်ခင်...ဆရာကြီးကိုယ်တိုင် နပ်စ်မလေးမိုးငွပ်ကို အခက်အခဲတွေ့နေပြီလို့ အာရုံရပြီး မိုးငွေ့ရဲ့ ဟမ်းဖုန်းကိုဆက်ပြီး အရင်ပြောပြထားတာကိုးး...။ ကုမ္မာရီဂိုဏ်းဝင်အားလုံး မဝါဒီလက်ကိုင်မစွဲဘဲ...သဘာဝနဲ့နီးစပ်စေဖို့....အရှင်းဆုံးပြောရရင် အပျိုကြီးဘဝက ကျွတ်လွတ်စေကြဖို့ ရည်ရွယ်ပြီး ရွတ်ဖတ်ရတဲ့ ဂါထာပါတဲ့ရှင်....။



မိုးငွေ့

12 comments:

~ဏီလင်းညို~ said...

မမိုးတစ်ယောက်တော့ တော်တော်လေး အလုပ်ရှုပ်သွားမှာပဲ....ဟိဟိ

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

ညီလင်းသစ် said...

အိုင်ဆေး... ဖယောင်းတိုင် ထွန်းရပုံပေါက်ရင် ဇတ်လမ်းကတော့ လောကဓာတ် အစီအရင်တွေ ပါလာပုံပဲ..၊း)

Yoemyaykya said...

တော်သေးတာပေါ့။စာကိုဖတ်ကြည့်လို့ရသေးလို့။ ဂါထာလေးကဘာတဲ့လဲအစ်မ

blackroze said...

မကြီးမိုးငွေ့ရယ်
ဂါထာလေးပါတခါတည်းရေးပေးထားတာ
မဟုတ်ဘူးကွယ်..

မိုးသက် said...

ဟားဟားဟားဟား...။ ဖတ်ရတာ ရင်တစ်ထိတ်ထိတ်နဲ့ပဲ..။သို့လော သို့လောနဲ့..။

မိုးသက် said...

မမိုးငွေ့.. ။ ကျွန်တော့်လင့်ခ်လေးပြန်ပြောင်းပေးပါဦးဗျာ.။ အားတော့နာပါတယ်.။ နွေမိုးနာမည်က ဆရာဆောင်းလုလင် ရဲ့ကလောင်နဲ့တူနေလို့ပါ.။ http://maymyomoe90.blogspot.com ပါ

ညိမ်းနိုင် said...

ဟွင်း....ဟွင်း... ပီယဆေး ဖော်နည်းကားထင်ပါ့....
ဒီတိုင်းဆို ကုမ္မာရီဂိုဏ်း အဆက်တောင် ရေးရမယ့်ပုံ....:)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ခုနက ကွန်မန့်လေး အယ်ရာ ဆိုပြီးပျောက်သွားတယ်.. ဟင့်

ဒါ လှို့ဝှက်ဂိုဏ်တွေကနေ လှို့ဝှက်စွာ စီရင်နေတာနေမှာ ..ဖျားဖျား

စံပယ်ချို said...

အလုပ်ရှုပ်နေတာတွေနောက်မှပြီးအောင်လာဖတ်ပါ့မယ်
ဂျက်လဲရှုပ်နေလို့ အူး မောထှာနော်
အာလူးကတ်သလိတ်ကြော်.....လာရှာနေတာလေ
ကြော်စားမလို့ ကြော်ပြီးရင်ဖဘ မှာလာကျွေးမယ်နော်
ခုမှတွေ့တယ် လုပ်နည်းလေ
c- box မတွေ့လို့ ဒီမှာပဲအော်ခဲ့ပြီနော်
ပေါ်ကပိုစ့်လေးနဲနဲမြည်းခဲ့သေးတယ်
ချစ်တဲ့ jasmine

ချော(အစိမ်းရောင်လွင်ပြင်) said...

အဲဒီ ဂါထာလေး လိုချင်လိုက်တာ ခိခိ

မောင်ဘုန်း said...

ဖြစ်ရမယ် ဗျာ ... ။ မီးပူတိုက်ကြည့်တာ မပေါ်ပဲ ဖယောင်းတိုင် ထွန်းကြည့်မှ ပေါ်တယ် ...တဲ့ ... ထူးထူးဆန်းဆန်ပါလား ဗျာ ... အဲ့လို စာရွက်မျိုးလိုချင်တယ်ဗျာ .... ။

Candy said...

အို.... ဟတ်ဟတ် ဒါဆို မကြာခင် စားရတော့မှာလား :P xD