Thursday, 21 June 2012

လေလွင့်သူ.....




တခါတလေ ကျမစဉ်းစားကြည့်မိတယ်..... ယောကျာၤးတစ်ယောက်ဟာ ကိုယ့်ကို မြတ်မြတ်နိုးနိုးနဲ့တိတ်တခိုး ချစ်နေတဲ့မိန်းမတစ်ယောက် ရှိနေတယ် သူ့ဘာသာသူတစ်ယောက်တည်းကြိတ်ပြီး ချစ်နေတာမျိုး ဖွင့်လဲမပြောဘူးရှေ့လဲမတိုးဘူး ဒါပေမယ့်သူဘယ်လိုချစ်ကြောင်း မြတ်နိုးကြောင်းကိုတော့ စာတွေနဲ့တဖွဲ့တနွဲ့ရေးရေးနေတတ်တဲ့သူ တစ်ယောက်ရှိနေတယ် သိလဲသိနေတယ်ဆိုရင် အဲဒီယောကျာၤးလေးတစ်ယောက်ဟာ သူကပြန်မချစ်နိုင် သည့်တိုင်အောင် လောကမှာ သူ့ကိုချစ်ခင်မြတ်နိုးနေတဲ့သူ ရှိနေပါလားဆိုတဲ့ အသိစိတ်ကလေးနဲ့ ပီတိကြည်နူးမှုလေးကို ခံစားနေရလိမ့်မယ်လို့ ကျမထင်တယ်...။ ပြီးတော့ အဲဒီမိန်းမတစ်ယောက်ကသူ့ကို ဘာအဆိပ်မှဖြစ်စေတဲ့သူမဟုတ်ဘူးလေ......။ ဟဟ... ဒါကကျမအတွေးအခေါ်သက်သက်ပါလေ....။ တစ်ဘက်သားက အဲလိုဖြစ်ချင်မှဖြစ်မှာပေါ့........။

ချစ်ခြင်းမေတ္တာမှာ တုန့်ပြန်မှုဆိုတဲ့ မှန်တစ်ချပ်ရှိတယ်လို့ ယုံကြည်ပေမယ့်... ကျမကတော့လူတစ်မျိုး ကျမကပဲပေးချင်တာ သူ့ဆီကဘာတုန့်ပြန်မှုမှမလိုချင်ဘူး......။ ကိုယ့်ကိုယ်ကိုပေးဆပ်သူသက်သက် လို့တော့မသတ်မှတ်ပါဘူး...။ တကယ်တော့ အတ္တကြီးသူတစ်ယောက်လို့ပြောရင် ပိုမှန်နေဦးမယ်....။ အပေးအယူမရှိ လောကနိယာမကို ဆန့်ကျင်သူလဲဖြစ်သေးတယ်လေ...။ ပြီးတော့ ခေါင်းကျောမာသူ တစ်ယောက်...။

ဒီနေ့ ကျမသူ့ကိုလှမ်းမြင်လိုက်တယ်....။ မြင်လျက်သားနဲ့နှုတ်မဆက်ဘဲ ဘယ်ကောင်းပါ့မလဲ...။ ကျမ ခဏစဉ်းစားလိုက်သေးတယ် နှုတ်ဆက်သင့် မနှုတ်ဆက်သင့်ပေါ့...။ ကျမအတွက်ကြောင့်နဲ့သူ စိတ်အနှောက်ယှက်ဖြစ်သွားမှာလဲစိုးရိမ်မိသေးတယ်.....။ ဒါပေမယ့် ကျမနှုတ်ဆက်လိုက်ပါတယ် သူ့ဆီကတုန့်ပြန်မှုတစ်ခုခုကို ကျမသိချင်နေလို့ပါ...။ သူမှားပြီး ကိုယ်ယောင်ထင်ပြမိတာပါတဲ့....။ ကျမလဲနှုတ်ဆက်ရုံသက်သက်ပါလို့ စကားခံပြီးပြောပြီးသားပါ...။ ဟုတ်ကဲ့လို့ပြောပြီး သူချက်ချင်းပဲ ပျောက်ကွယ်သွားတယ်...။ ကျမရင်ထဲဆစ်ခနဲနာကျင်သွားတယ်... မျက်ရည်တွေဝေ့၀ဲ တက်လာတယ်...။ သူနဲ့ပတ်သက်ပြီးကျမခံနိုင်ရည်နည်းလွန်းနေသေးတယ်......။ အေးစက်တဲ့သူ့ဆီက အမူအကျင့်ကလေးကို ကျမလိုချင်လိုက်တာ...။ ကျမရဲ့ အဖြူရောင်လေးက အရောင်များပြောင်းသွားပြီလား....။ အဖြူရောင်ကနေ အစိမ်းရောင်ဖြစ်သွားပြီလား.....။ အဖြူဆိုတာ စွန်းထင်းလွယ်တဲ့အရောင်မှန်းကျမသိပါတယ်။

နောက်တော့ ကျမကို သူစကားတွေလာပြောနေတယ်......ခနကလေးပါပဲ သူအားနေတုန်းအချိန်ကလေး တခဏကလေးက သူ့အတွက်ဘာမှမဟုတ်ပေမယ့် ကျမအတွက်တော့ အဖိုးထိုက်လှတဲ့အချိန်ကလေးပါ... သူနဲ့စကားပြောရတဲ့ အခိုက်အတန့်လေးကို လက်နဲ့ဆုတ်ကိုင်သိမ်းဆည်းထားလို့ရမယ်ဆိုရင် ကျမသိမ်းထားချင်ပါတယ်..။ သူပြန်သွားတော့ ကျေးဇူးပါ ကောင်းသောညနေခင်းလေးပါလို့ နှုတ်ဆက်လိုက်တယ်...။ သူကတော့ ရိုးရိုးတန်းတန်း ကျေးဇူးတင်တယ်လို့ထင်မှာပဲ....။ တကယ်တော့ ကျမဆီကို ရံဖန်ရံခါမျှသာ ရောက်လာတတ်တဲ့အတွက် ကျမဆိုတာ သူ့အသိဉာဏ်ထဲရှိနေတဲ့အတွက် ကျေးဇူးတင်မိခြင်းပါ။

ရာသီဥတုရဲ့အရောင်အဆင်းပံ့ပိုးမှုနဲ့ ရင်ထဲကခံစားမှုတွေက တစ်သားထဲကျသွားတယ်....။ စိတ်နဲ့လူက မကြာခဏလွင့်လွင့်သွားတယ်....။ ဝန်ခံပါတယ်....ကျမ သူနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်သေးတာ ကျမတော်တော်ညံ့နေပါသေးတယ်...။ ဒါပေမယ့် ကျမခံစားချက်တွေကို သူ့ဆီမှာ ဘယ်တုန်းကမှ မပေါက်ကွဲခဲ့ဖူးဘူး...။ ကျမနှလုံးသားက ဖြစ်ပေါ်လာတဲ့သူနဲ့ပတ်သက်သမျှခံစားချက်တွေကို စကားလုံးတွေအဖြစ်နဲ့ပဲ ကျမပြောင်းလဲပစ်ခဲ့တာပါ...။

တကယ်ဆို....ကျမတို့နှစ်ယောက်က...ဘာမှလဲမဟုတ်ကြပါဘူး...။ သို့ပေမယ့်လဲ သူကကျမအတွက်ရော သူ့အကြောင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်တော့ ဇာတ်လိုက်တစ်ယောက်လေ....။ ကျမတို့ သီချင်းအတူဆိုကြတယ် ကော်ဖီအတူသောက်ကြတယ် ကြယ်တွေအတူကြည့်ကြတယ် စကားတွေအများကြီးပြောကြတယ် စိတ်ကူးထဲမှာပေါ့....။ ကျမအိပ်မက်တွေဆက် မမက်ချင်တော့ဘူး ။ အိပ်မက်တစ်ခုကနိုးထလာရင် လန်းဆန်းနေမလား နွမ်းနယ်မနေမလား.. ကျမ မခန့်မှန်းတတ်ဘူး ...။ တဆိတ်လောက် ကျေးဇူးပြုပြီး ...အိပ်မက်ထဲကရုန်းထွက်နေတဲ့ ကျမကို အိပ်မက်ဆီခဏခဏခေါ်မသွားပါနဲ့....။ ကျမ အိပ်မက်ထဲ လမ်းလျှောက်ရတာ မောလှပြီ...။


ခေါင်မိုးပေါ်က မိုးတဖျောက်ဖျောက်ကျသံလေးနဲ့ espresso ကော်ဖီရနံ့မွှေးမြမြ(ကျမဒီကော်ဖီကို ပုံမှန်သောက်လေ့မရှိပါဘူး) တို့ရဲ့ဆွဲဆောင်ခြင်းကို ခံယူရင်း... စကားလုံးတွေကို ဟာမိုနီလိုက်ကြည့်မိတယ်......။ ရင်ထဲကထွက်ကျလာခဲ့တဲ့ သံစဉ်တွေက ကျမစိတ်တွေနဲ့အတူ လေလွင့်နေခဲ့ပြီ.......။


မိုးငွေ့


12 comments:

လွင်ပြင်လှိုင်းငယ် said...

အိပ်မက်ဆိုတာ လက်တွေ့ဘ၀ ဇာတ်ဆရာရဲ့
အနွယ်ဝင်ပဲလေ။မက်ချင်သလိုမက်လို့မရသလို
မမက်ချင်လို့လဲမဖြစ်ဘူးလေ

Mon Petit Avatar said...

When it comes to sad incidence even in the dream, I usually cry and sob while waking up. I simply wish all the best for the girl who does not want to wander off in the dream anymore.

မဒမ်ကိုး said...

အချစ်ဆိုတာအသွားအပြန်ရှိတယ်လို့ ကျနော်တော့မယုံဘူးမမမိုးငွက်


ချစ်တဲ့ ဂျာရစ်

Cameron said...

အေးဟ ဂျာရစ်...ညည်းပြောတော့လဲ ဟုတ်တုတ်တုတ်ရယ်...။

ညိမ်းနိုင် said...

အချစ်ဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန်တော့
ရှိပါတယ်လေ......တဲ့......။ငယ်ငယ်ကရည်းစား စာထဲထည့်
ရေးတာတွေပေါ့...ခုထိအမှတ်ရတုန်း....:P
အသက်ကလေးရလာတော့ အချစ်မှ မဟုတ်ဘူးဗျိုး.....
ဘယ်အရာမှ အသွားအပြန်မရှိတာသိလာတယ်....။
ပြီး တုံပြန်မှုတွေလည်းမလိုချင်တော့ဘူး။ကိုယ်ချစ်ခြင်း
ကို သူ့အတိုင်းအသာလေးထားလိုက်တယ်။အချစ်ဟာ
သူ့အတိုင်းလေးရှိနေတာ ပိုလှတယ်မဟုတ်လားမမိုးရဲ့..။

စံပယ်ချို said...

jas လဲမိုးငွေ့နဲ့ အတူ
ကော်ဖီသောက်ချင်တယ်

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

လေလွင့်သူဆိုလို့ လေးဖြူရဲ့လေလွင့်သူသီချင်းကိုအရမ်းကြိုက်တယ်...အဲဒီထဲကစာသားလေး..
" ညတိုင်းအိပ်မက်ထဲမှာ တစ်စုံတယောက်ငါ့ကိုရပ်စောင့်နေတယ်"
အဲဒီစာသားလေးလိုမျိုးပဲ ဒီဝထ္ထုတိုထဲကကောင်မလေးကလည်း
တစုံတခုကိုရပ်စောင့်နေတယ်နဲ့တူတယ်

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

လေလွင့်သူဆိုလို့လေးဖြူရဲ့လေလွင့်သူသီချင်းကိုအရမ်း
ကြိုက်တယ်...အဲဒီထဲကစာသားလေး
" ညတိုင်းအိပ်မက်ထဲမှာ တစုံတယောက်င့ါကိုရပ်စောင့်နေတယ် "တဲ့
အဲဒီစာသားလေးလိုမျိုးပဲ..ဒီဝထ္ထုထဲကကောင်မလေးကလည်းတစုံတခုကိုရပ်စောင့်နေတယ်နဲ့တူတယ်

Anonymous said...

:)))
♫ ♫ ♫ တစုံတရာရယ် ကြယ်တွေကြွေအောင်ပြုလုပ်ပေးနေတယ် ....... ♪ ♪ ♪

Candy said...

အချစ်ဆိုတာ အသွားအပြန်ရှိမရှိ မသိပေမယ့်
မေတ္တာကတော့ အသွားအပြန်ရှိတယ်နော် မ :D

မိစံ said...

“သူ”
ဒီပို့စ်ကို
(မတော်တဆ)
“ဖတ်မိသွားရင်”
ဘယ်လိုလုပ်မလဲ?
(မဆိုင်ဘဲတွေးကြည့်မိတယ်)
:P :P

သဒ္ဓါလှိုင်း said...

ကော်ဖီရနံ့သင်းသင်းလေးနဲ့ ရင်ထဲက သံစဉ်လေး.. တိတ်တဆိတ်ထွက်ကျလာတာ စိုစွတ်နေပါရောလားး..
ချစ်တဲ့
သဒ္ဓါ