
ကဗျာကြယ်တွေဝန်းရံထားတဲ့....အိမ်ကလေးတစ်အိမ်ကို ကိုယ်တွေ့ထားတယ်.......။ အဲဒီအိမ်လေးထဲမှာ ကဗျာတွေကို သိပ်ချစ်တဲ့ သူတို့အချင်းချင်းလဲ သိပ်ချစ်တဲ့ ဇနီးမောင်နှံကလေး နှစ်ယောက်နေကြတယ်.....။ သူတို့နဲ့ ကိုယ် အိမ်နီးချင်းဖြစ်တာသိပ်မကြာသေးဘူး....။
ကိုယ်တို့အိမ်ဝိုင်းထဲမှာ တောင်ကုန်းလေးမို့မောက်နဲ့ မြက်ပင်စိမ်းစိမ်းလေးတွေ အခင်းလိုက်ရှိတယ်....သူ့ဟာသူ သဘာဝအလိုက်ပေါက်တာပါ....။ အလေ့ကျပေါက်တဲ့ ပန်းပွင့် အဝါ အဖြူလေးတွေလဲ ဟိုနားဒီနားထိုးထိုးထောင်ထောင် ပွင့်နေကြတယ်...။ အရိပ်ရတဲ့ ကုက္ကိုပင်ခပ်ကြီးကြီးလဲရှိသေးတယ်.....။ သိပ်လှတာပဲ........။ နွေဦးပေါက်ဆိုရင် ကုက္ကိုပွင့်အနီလေးတွေက အဝါရောင်ပြောင်းပြီး မြက်ခင်းလေးပေါ်မှာ ကြွေကျလို့.....။ မြေပြင်မှာ အစိမ်းရောင်နဲ့ အဝါရောင်တွေက ပန်းချီကားတစ်ချပ်လိုပဲ....။
ကိုယ်အလုပ်အသွားအပြန်တိုင်း သိပ်ချစ်စရာကောင်းတဲ့ သူတို့ဇနီးမောင်နှံလေးနဲ့ဆုံလေ့ရှိတယ်....။ သူတို့နှစ်ယောက်က အနီးဆုံးရှိနေကြပေမယ့် အလွမ်းကဗျာတွေကို မဆုံးတမ်းရေးနေတတ်ကြတဲ့သူတွေ...။ ဘယ်သူပြောလဲနော် ကိုယ့်မျက်စေ့ရှေ့မှာရှိတဲ့သူကိုမလွမ်းရဘူးလို့လေ......။
ကဗျာလှလှလေးတွေကို နှလုံးသားနဲ့ရင်းပြီး ဖန်တီးတတ်ကြတဲ့ သူတို့ကို ကိုယ်သိပ်အားကျတာပဲ...။ ကိုယ့်မှာ အဲဒီပါရမီမပါလာဘူးကွယ်....။ ဒါပေမယ့် ကိုယ်...သူတို့ကဗျာလေးတွေကို ပန်းချီပြန်ရေးပေးတဲ့အခါကျရင် သူတို့သိပ်နှစ်သက်သဘောကျကြတယ်...။ ကိုယ်က ပန်းချီဆရာလဲ မဟုတ်ပါဘူး ..။ စာရေးဆရာလဲမဟုတ်ပါဘူး....။ ကိုယ့်အလုပ်နဲ့ ဘာမှမဆိုင်ပေမယ့် ....ကိုယ့်ဝိညာဉ်ကိုတော့ ဘာသာပြန်မရတဲ့ အရာတစ်ခုက ဝင်ပူးဆည်းကပ်နေတာပါ....။ အဲခါမျိုးမှာမှသာ ကိုယ့်ရဲ့ ရင်တွင်းဖန်ဆင်းမှုက အသက်ဝင်လာတတ်တော့တာ....။
ဒီနေ့မနက်တော့ မြက်ခင်းစိမ်းစိုစိုလေးပေါ်မှာ နေခြည်နုနုတွေဖြာစင်းလို့...။ ငှက်ကလေးတွေလဲ ပျော်မြူးလို့...ပန်းပင်သိပ်မရှိပေမယ့် လိပ်ပြာငယ်လေးတွေတောင် ပျံဝဲလို့....။
အလုပ်ပိတ်ရက်လေးမှာ ...သူတို့မောင်နှံလေးကို ကိုယ်ထမင်းဖိတ်ကျွေးချင်တယ်...။ ကိုယ့်လက်ရာကိုသူတို့သဘောကျမှာပြောစရာမလိုဘူးလေ...။ ကိုယ်အထူးအဆန်းတစ်ခုခုလုပ်စားဖြစ်တိုင်း သူတို့နှစ်ယောက်ကို မမေ့မလျော့ပို့ပေးနေကျလေ...။ ဘယ်ဘဝက ရေစက်ကြောင့်မသိ သူတို့ကလေးတွေမောင်နှံကို ကိုယ်သံယောဇဉ်ဖြစ်နေမိတော့တာ...။
အဲဒီ ကဗျာကြယ်ကလေးနှစ်ပွင့်ကလေ...ဖော်ရွေကြတယ် ခင်တတ်ကြတယ်...ပြီးတော့...သိမ်မွေ့တယ်....။ သူတို့နဲ့ချစ်ခင်ရင်းနှီးပြီးနောက်ပိုင်း ကိုယ်ကတော့ ကိုယ့်ကိုယ်ကို အထီးကျန်တယ်လို့ တခါမှမတွေးမိတော့ဘူး...။ ကိုယ့်ရဲ့ တကယ့်အရင်းနှီးဆုံးမိတ်ဆွေလို... ငယ်ပေါင်းလိုခံစားမိတယ်.....။ သူတို့လေးတွေကလဲ ကိုယ့်ကို ချစ်ခင်ကြတယ်....။ မေတ္တာပေးရင် မေတ္တာပြန်ရတယ်ဆိုတာ ကိုယ်တကယ်ယုံကြည်သွားပြီ.....။
အဲဒီနေ့က ကောင်းကင်ကြီးတခုလုံးမဲမှောင်လို့ ခဲသားပုပ်ရောင်သန်းနေတယ်...။ မိုးတွေက ဘယ်လိုအငြိုးနဲ့များ ထစ်ချုန်းရွာနေတယ်မသိ......။ အိမ်တံခါးတွေအကုန်ပိတ်ပြီး ကိုယ်ကော်ဖီတစ်ခွက်နဲ့ ဧည့်ခန်းထိုင်ခုံမှာနှပ်နေလိုက်တယ်.....။ ခဏကြာတော့ တံခါးခေါက်သံကြားရတယ်.....။ ဒီလောက်မိုးတွေသည်းနေတာ ဘယ်သူများမပါလိမ့်လို့...။ တံခါးဖွင့်လိုက်တော့ ထီးခပ်ကြီးကြီးတစ်လက်ကို နှစ်ယောက်အတူမိုးပြီး မိုးတွေရွှဲနေတဲ့ သူတို့ မောင်နှံ....။ ကိုယ်မျက်လုံးပြူးသွားတယ်။
တကယ်တော့ တစ်ယောက်တည်းဖြစ်နေတဲ့ ကိုယ့်ကို ကြောက်များနေသလား တစ်ခုခုဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့ သူတို့ရောက်လာကြတာပါ....။ တကယ်ချစ်စရာကောင်းပါတယ်..။ မိုးရေတွေရွှဲနေတဲ့ မျက်နှာနှစ်ခုမှာ ရောင်ပြန်နေတဲ့ မျက်ဝန်းနှစ်စုံကို ကိုယ်တစ်ပြိုင်တည်းတွေ့လိုက်ရတယ်......။ တဆက်တည်းမှာ ကိုယ့်ဆီကို ကူးစက်သွားကြတယ်...။ ကိုယ့်မျက်ဝန်းဒေါင့်က ခပ်လက်လက် အရည်လေးလှိမ့်ဆင်းမကျမီ သူတို့ကို မိုးရေခြောက်အောင် တဘက်နဲ့ လဲစရာအဝတ်သွားယူပေးလိုက်တယ်.....။
ကိုယ့်လက်ရာ ကော်ဖီပူပူတစ်ခွက်ဟာ သူတို့ရင်ထဲက စိုးရိမ်မှုနဲ့ သူတို့ခန္ခာအပြင်ပန်းက အေးစိမ့်မှုကို ခပ်နွေးနွေးလေးနဲ့ နွေးထွေးစေမှာပါ ကိုယ်ယုံကြည်တယ်လေ.....။ ဟောဒီ....ကော်ဖီခွက်လေးထဲမှာ မေတ္တာတွေအပြည့်ရှိတယ် ဂရုဏာတွေအပြည့်ရှိတယ်... သံယောဇဉ်တွေအပြည့်ရှိတယ်...။ သူတို့ရဲ့ ကဗျာလေးတွေထဲမှာလဲ အဲလိုအရာမျိုးတွေနဲ့ချိပ်ဆက်ထားတာ အမြဲတွေ့ရလေ့ရှိတယ်.....။ တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်းလဲ ကဗျာတိုင်းမှာ ကျဲပက်ထားတတ်တယ်......။
*************************
ကြည့်ပါဦးကွယ်... ကောင်းကင်မှာ ကြယ်မှုန်မွှားတွေများလိုက်တာ.....။ သူတို့တွေစုဝေးပြီး ဘာတွေပြောကြသလဲ..။ ကိုယ့်အကြောင်းလား......။ သိပ်ချစ်ကြတဲ့ သူတို့မောင်နှံအကြောင်းလား...။ အမှန်တော့ ကိုယ်တို့ရဲ့ ခင်မင်မှုက အဲဒီကြယ်အစုအဝေးလေးလိုပဲ အမြဲ စုစည်းနေတာ အမြဲလင်းလက်နေတာ အမြဲတောက်ပနေတာပါ........။
မှတ်ချက်။ ။ “လွင်ပြင်လှိုင်းငယ်” အတွက် အမှတ်တရမွေးနေ့လက်ဆောင်လေးပါ....။ ခေါင်းစဉ်လေးက လွင်ပြင်ကိုယ်တိုင်ပေးတာပါ အစ်မအဲဒီခေါင်းစဉ်လေးနဲ့ အက်ဆေးတစ်ပုဒ် အမှတ်တရရေးပေးပါဆိုလို့...။ မွေးနေ့မှစပြီး ချစ်တဲ့ဇနီးလေးနဲ့အတူ ခိုင်မြဲသောတွဲလက်နဲ့ ဘဝခရီးလမ်းကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းခြွေလိုက်ပါတယ်....။
မိုးငွေ့
8 comments:
အက်ဆေးလှလှပေးတဲ့ မိုးငွေ့ကို ကျေးဇူးအကြီးကြီးပါ
အဲ့ဒီကဗျာမောင်နှံကတော့ ချစ်တတ်တာ သူတို့အပြင်မရှိဘူး :D :D
ရေးတတ်လိုက်တာမိုးငွေ့ရေ
ဂျက်တစ်ကယ်ကိုပြောတာပါ အဲလိုလုံးဝမရေးတတ်ပါဘူး
ခံစားလို့လဲရတယ် ကြိုက်တယ်
လွင်ပြင်ကိုယ်စားကျေးဇူးတွေလဲအများကြီးနော်
(အားကျတယ် ရေးတတ်လွန်းလို့)
ကော်ဖီပူပူလေးလဲသောက်ခဲ့တယ်နော်
အက်ဆေးလေးကပုံပေါ်လိုက်တာ။
မိုးတွေရွှဲနေတဲ့မျက်နှာလေးနှစ်ခုနဲ့ ရောင်ပြန်နေတဲ့မျက်ဝန်းနှစ်စုံ..မှာတကယ်ကိုဘဲစိုးရိမ်စိတ်ပူနေတဲ့မျက်ဝန်းနှစ်စုံကို
မြင်ယောင်မိတယ်။ ပြီးတော့မမြင်ဘူးတဲ့ဂျက်နဲ့ လွင်ပြင်ပုံကိုကိုယ့်ဖာသာကဗျာနဲ့ အတူလိုက်မြင်ကြည့်လိုက်မိတယ်။
သုံးယောက်စလုံးပျော်ရွှင်ပါစေ။
ခင်မင်မှုအဓွန့် ရှည်ပါစေ။
အိုင်အိုရာ
မိုးငွေ့ရေ လွင်ပြင်လေးရဲ့ မွေးနေ့အတွက် သီကုံးထားတဲ့ အက်ဆေးလေး အားပေးသွားတယ်နော်။
မွေးနေ့ရှင်လေးလည်း ချစ်ခင်ကြင်နာရတဲ့ ဂျက်လေးနဲ့ ဘဝခရီးတစ်လျှောက် ပြုံးပျော်ကြည်နူးနိုင်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပို့ စ်လေးထဲမှာ မိတ်ဆွေတွေရဲ့ ခင်မင်ရင်းနှီးမှုကို ခံစားလိုက်ရတယ်..ပို့ စ်လေးဖတ်ရတာ ကော်ဖီခွက်လေးသောက်ရသလို နွေးထွေးသွားတယ်..
အဲဒါမိုးငွေ့ပါလို့ပြောလို့ရတဲ့ ပို့စ်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများကရေးခိုင်းတိုင်းကိုယ့်မှာ ခံစားချက်မပါရင် ရေးလို့မဖြစ်ပါဘူး။ ခံစားချက်ရှိရင်တောင် ရေးတတ်ရပါဦးမယ်။ အခုအဲဒီနှစ်ခုနဲ့ပြည့်စုံပါတယ်။ မရောက်တာကြာလို့တစ်မျိုးမမြင်ပါနဲ့။ ကျွန်တော်အလုပ်တော်တော်ရှုပ်နေလို့ပါ။ အားရင်တော့ မိတ်ဆွေတွေဆီအချိန်ပေးပြီးလည်နေချင်တာပါပဲ။ မိုးငွေ့ရဲ့ အရေးအသားက ဘယ်တော့မှ မပြောင်းလဲအောင် ထိန်းထားတာ တွေ့ရလို့ ချီးကျူးပါတယ်။ စာရေးသူဆိုတာကိုယ့်စတိုင်လ်နဲ့ကိုယ်ရှိနေရင် အောင် မြင်တာပါပဲ။
နွေးထွေးမှုကို ခံစားရတယ် .. ကြည်နူးမှုတွေ ကူးစက်သွားတယ် ..း))
Post a Comment