Thursday, 24 May 2012

နှင်းဆီည.....







အဲဒီညက…. သူကိုစောင့်နေရလို့ ကျမစူစူအောင့်အောင့်နဲ့အုတ်ခုံနိမ့်နိမ့်လေးမှာထိုင်နေခဲ့တာ…..။ ဘုရားဖူးလာတဲ့ သူတွေတိုင်းက ကျမရှေ့ကဖြတ်ဖြတ်သွားပြီး ကြည့်သွားကြတယ်…။ ကျမဘာပုံပေါက်နေလို့လဲ ဒီလိုပဲ ကျမဘေးမှာ ထိုင်နေတဲ့သူတွေဖြင့်အများကြီးကို….။ ကျမဆီကို အရိပ်တစ်ခုနီးကပ်လာနေပြီဆိုတာ ကျမမကြည့်ပေမယ့် မြင်ကွင်းရဲ့ ဘယ်ဖက်ဒေါင့်ကနေ တရိပ်ရိပ်နဲ့နီးကပ်လာနေတာကို ခံစားသိရှိနေရတယ်…။

“ကိုယ့်ကိုစောင့်ရတာကြာလို့ စိတ်ကောက်နေတာမဟုတ်လား ဟိုးး အဝေးကတည်းကမြင်နေရတယ် နှုတ်ခမ်းစူနေတာ…”

စောစောက လည်ပင်းမှာ တစ်နေတဲ့ ဒေါသခါးခါးတွေကို မြိုချပစ်ရင်း ကျမအရှေ့ဘယ်ဖက်မှာ မတ်တပ်ရပ်နေတဲ့သူ့ အကျီၤလက်ရှည်အဖျားကို ဆွဲပြီးထလိုက်တယ်….။ သူက ကျမကို ပြုံးစစနဲ့ကြည့်နေတုန်း…..။

မပြည့်သေးတဲ့လက တိမ်တိုက်ကြားကနေအလင်းရောင်ကို ထိုးဖောက်လင်းနေတယ်….။ ကြယ်ကလေးတွေကို ကျမမရှာမိတော့ဘူး….။

ကျမဘုရားရှိခိုးတော့ သူက စိတ်ရှည်လက်ရှည်ထိုင်စောင့်ပေးတယ်……။

အဲဒီညရဲ့ လရောင်ခပ်မှိန်မှိန်က ကျမတို့ ညစာအတူစားတဲ့ စာပွဲလေးဆီကိုတော့ မီးမောင်းလေးတစ်ခုလို သိသိသာသာဖြာကျနေခဲ့တယ်…..။ ဆိုင်ရဲ့ အပြင်ဒေါင့်ဆုံးစားပွဲကလေးဘေးမှာ အလှစိုက်ဝါးပင်လေးတွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ဝါးရွက်တွေကြားက ဖြာဆင်းကျလာတဲ့ လရောင်က သူ့လက်ပေါ်မှာတည့်တည့်ပဲ…..။

သူနဲ့အတူရှိနေချိန်မှာ ပလက်ဖောင်းပေါ်ကလမ်းသွားလမ်းလာတွေ လမ်းမပေါ်ကကားသံတွေကအစ အသံတွေ တိုးလျ အရုပ်တွေမှိန်ဖျော့သွားကြပြီး… ကျမမြင်ကွင်းအာရုံထဲမှာ သူတစ်ယောက်တည်းသာ ထင်ရှားကြည်လင်စွာပေါ်လွင်နေတယ်….။

ကျမတို့စကားတွေအများကြီးပြောခဲ့ကြတယ်….။ ဒီကမ္ဘာမှာ ချစ်သူနှစ်ဦးဆုံတွေချိန်မှာ အနာဂတ်အကြောင်း မပြောသူတွေ မရှိဘူးလို့ ထင်ပါတယ်….။ ဒါပေမယ့် ကျမတို့ နှစ်ယောက်ကတော့ အနာဂတ်အကြောင်းကို မပြောကြဘူး….။ ဘာကြောင့်လဲဆိုတော့ ကျမတို့နှစ်ယောက်မှာ အနာဂတ်ဆိုတာ မရှိလို့ပဲဖြစ်တယ်…။

မြောက်ပြန်လေအဝှေ့မှာ ဖွာလန်ကျဲသွားတဲ့ သူ့ဆံပင်တွေကို ကျမသပ်ပေးချင်စိတ်ပေါ်လာတယ်..။ ကျမအတွေးကိုပဲသူသိသွားလို့လားမသိ မျက်နှာတခြမ်းအုပ်သွားတဲ့ ကျမဆံနွယ်တွေကိုသာသူ သပ်သင်ပေးလိုက်တယ်….။

ဒီလိုနဲ့ ကျမတို့စကားပြောနေရင်းနဲ့ “လူဖြစ်ရတာ ဒုက္ခတစ်ခုပါ ကျမတော့ လူမဖြစ်ချင်ပါဘူးလို့” ညည်းလိုက်မိတော့ သူက ဒါဖြင့် လူမဖြစ်ချင်ရင် ဘာဖြစ်ချင်လဲ တိရစ္ဆာန်ထဲမှာဆို ဘာဖြစ်ချင်လဲ ဆင်လား ကျားလား ငှက်ကလေးလား တဲ့…။ ကျမက တိရစ္ဆာန်တော့မဖြစ်ချင်ပါဘူး… ပန်းပဲဖြစ်ချင်တာလို့ဖြေတော့…။
ကဲ…ဘာပန်းဖြစ်ချင်တာလဲ တဲ့…။

“နှင်းဆီပန်း”လို့… ကျမဖြေလိုက်တယ်…။

“တကယ်” … သူအံ့သြသွားပုံပါပဲ…။

“တကယ်ပေါ့ နှင်းဆီပန်းလေး တစ်ပွင့်ဖြစ်ချင်တယ်”

လရောင်အောက်မှာ သူ့မျက်ဝန်းတွေတောက်ပလာပြီး တဖြေးဖြေးပြုံးလာတယ်…။

“ ဘာအရောင်နှင်းဆီပန်းဖြစ်ချင်လဲ” လို့ သူကဆက်မေးတယ်….။ ကြည့်စမ်း ကျမဖြစ်ချင်တာကို သူကတကယ်စိတ်ဝင်တစားဖြစ်ပုံများ…။

“ပန်းနုရောင်”…

“တကယ်ပြောနေတာလား” လို့သူကသေချာအောင်ထပ်မေးတယ်…။

ကျမခေါင်းသာ ညိတ်ပြလိုက်မိတယ်….။ ဟုတ်တယ် ကျမနှင်းဆီပန်းတွေထဲမှာ ပန်းနုရောင်နှင်းဆီတွေကို အချစ်ဆုံး..။ သူက ကိုယ်ကိုကိုင်းပြီး ကျမရှေ့နားကို တိုးတိုးကလေး ကပ်ပြောလိုက်တယ်…။

“ဒါဖြင့် မင်း..ဆန္ဒပြည့်အောင် ကိုယ်ကူညီနိုင်ပါလိမ့်မယ်” တဲ့….။

သူနောက်နေတယ်လို့ပဲထင်ရပေမယ့် သူ့မျက်နှာမှာ နောက်ပြောင်လိုတဲ့ အမူအရာမျိုးမတွေ့ရ…။ နွေးထွေးတဲ့ အပြုံးသာတွေ့ရတယ်…။ ပြီးတော့ ပြောသေးတယ် …

“တခြားနှင်းဆီပန်းအရောင်တွေဖြစ်ချင်ရင်တော့ ကိုယ်လဲ မတတ်နိုင်ဘူး ပန်းနုရောင်နှင်းဆီပန်းလေးဖြစ်ဖို့တော့ ကိုယ်တာဝန်ယူပါတယ်” တဲ့…။

“တကယ်ပြောနေတာလား…ဘယ်တော့ဖြစ်ခွင့်ရှိမှာလဲဟင်”

“ဒီညပဲ ဟုတ်တယ် ဒီညမှာပဲ မင်း ပန်းနုရောင်နှင်းဆီဖြစ်ခွင့်ရမယ်”

“မင်းတခြားမှာ ပန်းနုရောင်နှင်းဆီဖြစ်ခွင့်မရဘူး ကိုယ့်အိမ်မှာပဲ ဖြစ်ခွင့်ရှိတယ် ကြားလား..ဒါကြောင့် မင်းကိုယ့်အိမ်ကိုလိုက်ခဲ့ရမယ်” …။

အဲဒါဘာအဓိပါယ်ပါလိမ့်…။ ကျမရင်ထဲ နွေးခနဲတုန်ရီလှုပ်ရှားသွားတယ်…။ သူကမ်းပေးတဲ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ရင်း ခပ်သဲ့သဲ့ပြုံးနေမိတယ်…။

သူ့အခန်းက သိပ်မကျယ်လှပါဘူး….။ ပရိဘောဂပစ္စည်းသိပ်များများစားစားမရှိ…. ။ အိပ်ခန်းဖွဲ့ထားတဲ့နံရံဖြူဖြူတစ်ခုဆီကို သူလျှောက်သွားလိုက်တယ်…။ နောက်တော့ သူက မီးကိုမှိန်ဖျော့ချလိုက်တယ်…….။ ပရိုဂျက်တာစက်ကလေးကနေ အလင်းတန်းက နံရံဖြူဖြူပေါ်ကိုကျသွားတယ်…။

အိုးးး ပန်းနုရောင်နှင်းဆီပန်းခင်းကြီး လှလိုက်တာ……။ ကျမတစ်သက်မှာ ဒီလောက်များတဲ့ ကျယ်ပြန့်တဲ့ ပန်းနုရောင်နှင်းဆီခင်းကြီးကို မမြင်ဖူးခဲ့တာသေချာပါတယ်….။ တကယ်ကိုယ်တိုင် နှင်းဆီဥယျာဉ်ကြီးထဲ ကို ရောက်သွားသလိုခံစားလိုက်ရတယ်…..။

မွှေးပျံ့ထုံသင်းတဲ့ နှင်းဆီရနံ့လေးတွေကိုတောင်ရလာသလိုလို…။

ကြည့်ပါဦး လိပ်ပြာတစ်ကောင်ပျံဝဲလာပြီ……။ အတောင်ပံမှာအဝါဖျော့နဲ့အနက်စပ်ကျားလေး….။

“ပန်းခင်းလေးဆီကိုတော့ ရောက်ပါပြီ မင်းကဘယ်ပန်းပွင့်ကလေးလဲ” သူက ကျမဘေးကနေ အဲလိုမေးလိုက်တော့မှ ဟုတ်ပါရဲ့ ပန်းနုရောင်နှင်းဆီလေးဖြစ်နေတဲ့ ကျမက ဘယ်မှာလဲ… ကျမနှင်းဆီအဖူး အငုံ အပွင့်တွေကြားထဲကိုယ့်ကိုယ်ကိုရှာကြည့်လိုက်တယ်…။

ဟော…တွေ့ပြီ….ဟို…အပွင့်ကြီးကြီးနှင်းဆီရဲ့ အနောက်က ဖူးပွင့်ခါနီးပန်းနုရောင်နှင်းဆီလေး……။
ကျမ သူ့ကိုလက်ညိုးထိုးပြလိုက်တယ်……။ တဆက်တည်းမှာပဲ စောစောက လိပ်ပြာကလေး ဘယ်အပွင့်မှာ နားမလဲလို့ စိတ်ဝင်တစားကြည့်လိုက်တယ်….။ ကြည့်စမ်း သူက လည်တယ် အကြီးဆုံးနဲ့အလှဆုံးနှင်းဆီပန်းပေါ်မှာ နားလိုက်တယ်……။

ကျမသိချင်စိတ်နဲ့….

“အဲဒီလိပ်ပြာလေးက ခုနကရွေးထားတဲ့အပွင့်လေးပေါ်ကိုနားမှာလားဟင်… ဒါရှင်ကိုယ်တိုင်သွားရိုက်ထားတာဆိုတော့ နားမနား ရှင်ကြိုသိနေမှာပေါ့”

“ကိုယ်မမှတ်မိတော့ဘူး..”

“ဟင်…”

ကျမ နည်းနည်း စိတ်ကထိကအောက်ဖြစ်သွားတယ်..။ လိပ်ပြာလေးကိုလဲ မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေမိတယ်…။ လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံဟာ ဒီလောက်ခမ်းနားစွာ ကြည့်ကောင်းနေလိမ့်မယ်လို့ ဟိုတုန်းက ကျမဘာကြောင့် သတိမထားခဲ့မိပါလိမ့်…။ အဲဒီအတောင်ပံတွေရဲ့ ထိတို့လှုပ်ခတ်မှုကို မခံစားရရင် ပန်းတစ်ပွင့်ရဲ့ အလှဟာ ဘယ်လိုများ အဓိပါယ်ရှိနိုင်ပါ့မလဲ…။

“မင်းက လာစေချင်လို့လား”

ကျမ ခေါင်းညိတ်လိုက်တယ်…။ သူရယ်မောလိုက်မယ်လို့ ကျမထင်ခဲ့ပေမယ့် သူ့ရယ်သံကိုမကြားရဘူး..။ သူပြုံးနေလိမ့်မလားမသိ..။

“မင်းလာစေချင်ရင် သူလာမှာပေါ့”

ဖြစ်နိုင်ပါ့မလားကွယ်…။ သူ့မှာ ရွေးစရာပန်းတွေ အလှဆုံးပန်းတွေမှအများကြီး။ ကျမရုတ်တရက်ဝမ်းနည်း အားငယ်မိသွားတယ်…။ သူခံစားမိသွားလေမလား…။ ကျမ စိုးရိမ်စိတ်ကလေးဖြစ်နေချိန်မှာပဲ လိပ်ပြာကလေးက ကျမဆီကိုတကယ်ရောက်လာခဲ့ပါတယ်…။ ကျမပျော်သွားသလား…။ ပျော်တယ်ဆိုတာထက် ရန်ခုန်စွာ မိန်းမောသွားတာပါ…။

သူကိုယ်တိုင်ရိုက်ယူထားတဲ့ပန်းခင်းလေးကို ကြည့်အပြီးမှာ…ကျမကို သူလိမ္မော်ရည်တစ်ခွက်နဲ့ ဧည့်ခံပါတယ်…။ ကျမလက်ကောက်ဝတ်ကနာရီကိုတချက်ကြည့်လိုက်တယ်….။ မိုးချုပ်လှပြီ ကျမအိမ်ပြန်ရတော့မယ်…..။

“ကိုယ်ပြန်ပို့ပေးပါ့မယ်”

သူကျမထိုင်တဲ့ ကြိမ်ခုံဝိုင်းလေးရှေ့မှာ ဒူးထောက်ချလိုက်။ ကျမလက်ထဲက ဖန်ခွက်အလွတ်ကလေးကို ယူပြီး အနောက်ဖက်စားပွဲဝိုင်းပေါ်ကိုလှမ်းတင်လိုက်တယ်...။ သူမျက်နှာနဲ့ ကျမနီးနီးကပ်ကပ်လေးဖြစ်သွားတယ်....။ ကျမမျက်လုံးတည့်တည့်ကို စူးစိုက်ကြည့်နေတဲ့သူ့အကြည့်ထဲမှ ဆွဲငင်မှုတစ်ခုခုပျော်ဝင်နေတယ်….။

“မင်းမျက်လုံးတွေက သိပ်အင်အားကြီးတာပဲ.. အဲဒီမျက်လုံးတွေ အနည်ထိုင်ပြီး ကြည်လင်နေပြီးသား ရေပြင်တစ်ခုကို ဂယက်ထပြီး နောက်ကျိသွားအောင် မွှေနှောက်ပစ်နိုင်တယ်…၊ ငြိမ်နေတဲ့ သစ်ပင်တစ်ပင်ကို လှုပ်ခတ်သွားအောင် ခါယမ်းပစ်နိုင်တယ်.. အဲဒါမင်းသိရဲ့လားဟင်”

ကျမတစ်ချက်ရယ်ပြီး ကိုယ်ကိုကျုံ့ပစ်လိုက်မိတယ်…။

“ဒါဆို မကြည့်နဲ့တော့ပေါ့”

“မရတော့ဘူးလေ…နောက်ကျသွားပြီ”

သူ့အပြုံးက မသေမသပ် တစ်ခုခုစွန်းထင်နေသလိုလို….။ ကျမ သူ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အသာတွန်းလိုက်တော့ ကြမ်းပြင်ပေါ်သူထိုင်လျက်လေးဖြစ်သွားတယ်...။ ကျမတံခါးဝဆီကို လျှောက်သွားလိုက်တော့တယ်…။

လက ကျမတို့နှစ်ယောက်စီးလာတဲ့ ကားကလေးနောက်ကနေ မမြင်ရပေမယ့် တရိပ်ရိပ်ထပ်ကျပ်လိုက်ပါလာခဲ့တယ်…..။

ကျမကို သူအိမ်ရှေ့ထိလိုက်ပို့ခဲ့တယ်…။ ဆောင်းညကတိတ်ဆိတ်အေးချမ်းလို့….အိမ်ရှေ့ချုံပင်ကလေးက အဖြူရောင်ပန်းပွင့်တွေ ပင်လုံးကျွတ်ပွင့်နေကြတယ်….။

ဂွတ်နိုက်... ဒီညလေးအတွက် ကျေးဇူးတင်ပါတယ် မောင်....။



မိုးငွေ့
ဝန်ခံချက်။ ။ ဆရာမဂျူးရဲ့ “ချစ်သူရေးသောကျွန်မ၏ည” စာအုပ်ကိုပြန်ဖတ်ပြီး ကျမစိတ်ကူးလေးနဲ့ ရီမစ်လုပ်ပြီးရေးထားပါတယ်....။



10 comments:

Candy said...

ခံစားချက်တွေ တသီကြီးနဲ့ ၀တ္တုတိုလေးက အရမ်းလှတယ် :D

စံပယ်ချို said...

ဟုတ်တယ်မိုးငွေ့ရေ
တခါတလေတော့လဲ ဒေါသခါးခါးတွေက မြိုချလိုက်တာ
ကောင်းတယ်
သိပ်ပြီးအင်အားကြီးတဲ့မျက်လုံးတစုံအကြောင်းကို သေသေချာချာဖတ်ခဲ့ါတယ်

သက်ဝေ said...

Remix လေးကို ချစ်သွားတယ် ညီမရေ... ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေက ဂျူးရဲ့ စာအုပ်တွေထဲမှာ အကြိုက်ဆုံး စာအုပ်တအုပ်ပါပဲ...း)

Snow May said...

ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ ကို အရမ်းကြိုက်တယ်. မမရဲ့ remix ကလည်း အရမ်းမိုက်တယ်.. အဲလိုခံစားချက်နုနုလေးတွေကို ရေးတတ်ချင်တာ

...အလင်းစက်များ said...

စိတ်ကူးလေး ကောင်းစ်

လွင်ပြင်လှိုင်းငယ် said...

အရမ်းခံစားလို့ကောင်းတဲ့ ၀တ္ထုတိုလေးပါ။

အားပေးလျက်ပါ

မြသွေးနီ said...

ချစ်စရာနှင်းဆီညလေး...
နုနွဲ့နေလိုက်တာ....
စိတ်ကူးလေးကို သဘောကျမိတယ်..

ညီရဲ said...

နူးညံသိမ်မွေ့ ပြီး နှစ်လိုဖွယ်ကောင်းတဲ့ ချစ်သူနှစ်ဦးရဲ့ တွေ့ ဆုံမှုလေးပါဘဲ...

ဟန်ကြည် said...

ရေးဟန်ပြောင်းသွားတယ်လို့ စဉ်းစားနေတာ နောက်ဆုံးရောက်မှ ဂျူးသွေးဝင်သွားမှန်း သိတော့တယ်...အဲဒီအချက်တွေကြောင့် စာအုပ်တွေဖတ်ရမှာ တစ်ခါတစ်ခါ ကြောက်တယ်...သူရို့စာတွေကို ဖတ်ရင်းနဲ့ သူရို့ရေးဟန်တွေ ကိုယ့်ဆီရောက်လာရော...သူရို့ရေးဟန်တွေ အသားကျသွားပြန်တော့ ကိုယ့်ရေးဟန်ကို ပြန်ရေးချင်ပြန်ရော...

ဒါပေမယ့် ဖတ်လို့ကောင်းပြီး စာကြောင်းဖွဲ့စည်းပုံ ကြိယာဝိသေသနသုံးပုံ လိုက်လျောညီထွေရှိတာတော့ ကျေနပ်စရာကောင်းသားပဲ မိုးငွေ့ရေ...

blackroze said...

မကြီးမိုးငွေ့
ရေးထားတာလေးကောင်းတယ်