Wednesday, 23 May 2012

ပန်းကလေးရဲ့ ဉယျာဉ်မှူး.....





မိုးရာသီစပြီလား……
ညနေတုန်းက မိုးတွေသည်းလို့ လေတွေကြမ်းလို့……. ရှေ့တော်ပြေး ခဲပုတ်ရောင်တိမ်ညိုတွေနဲ့ မိုးချိန်းသံတဂျိန်းဂျိန်းနဲ့ လျှပ်ပန်းလျှပ်နွယ်တွေကလည်း လင်းခနဲလက်ခနဲနဲ့……။
သူ့ကို သတိရစိတ်တွေက နင့်နင့်သည်းသည်း……..။
ခုတလောဘာကြောင့်မှန်းမိသိ တခုခုဖြစ်တာနဲ့ ဝမ်းနည်းစိတ်တွေက ဝင်ဝင်လာပြီး သူ့ကိုအနားမှာရှိစေချင်တဲ့ စိတ်ကတဖွားဖွားပေါ်လာတတ်တယ်…..။
သူရှိနေရင် အနည်းဆုံးကျမကို နှစ်သိမ့်ပေးနိုင်မှာ….။ ပြီးတော့ ကျမတစ်ခုခုဖြစ်ရင်လဲ မကြောက်ဖို့ ကျမခေါင်းကိုက်နေရင်လဲ ဆေးသောက်ဖို့ ဗိုက်အောင့်နေရင်လဲ အစားမှန်မှန်စားဖို့ သတိပေးနေတတ်တာ ဂရုတစိုက်လေးပြောပေးနေတတ်တဲ့သူ့ကို လွမ်းတတ်လာတယ်…..။
တကယ်တော့ …ကျမတို့က တမြေတည်းတမိုးတည်းအောက်မှာ အတူရှိနေသူတွေပါ…….။ ဒါပေမယ့် ဟိုးအရင် မိုင်ရာနဲ့ချီဝေးတုန်းကချိန်တွေလောက် မနီးကြတော့ဘူးလို့ခံစားမိတယ်……။
ဟိုနေ့က သူနဲ့တခါတွေ့သေးတော့ သူပြန်သွားရတော့မယ်လို့သိလိုက်ရတယ်…..။ ကျမဝမ်းနည်းရမှာလား ဝမ်းသာရမှာလားတောင်မသိတော့ဘူး……။ ကျမတို့နှစ်ယောက်က ဒီလိုပဲ အကြောင်းဖန်လာလို့ဖြစ်မှာပါလို့ သူပြောသေးတယ်….။ သူအဲလိုပြောတော့ ကျမနဲနဲပျော်သွားတယ်…….။ သူပြန်သွားရင် ကျမ သူနဲ့ပိုနီးသွားပြီလို့ခံစားလိုက်ရလို့လေ……။
ပြီးတော့ သူနှလုံးသားနဲ့စိုက်ပျိုးထားခဲ့တဲ့ ပန်းပွင့်လေးတွေကို ကျမမြင်ရတော့မှာလေ…..။ ပန်းလေးတွေ ရနံ့သင်းပျံ့လို့ လှပနေရောပေါ့…..။ သူ့ဥယျာဉ်ခြံလေးဆီကိုတော့ ကျမမရောက်ဖြစ်တာကြာပြီ…….။ ဥယျာဉ်မှူးလေးပြန်အလာကို ပန်းကလေးတွေလည်းမျှော်နေရတာ မောလှရောပေါ့….။
သူနဲ့စကားပြောကြတုန်းက ကျမမှာလိုက်သေးတယ်…. ကျမကိုသတိရရင် ကျမအတွက် ပန်းလှလှလေးတွေခူးပေးနော်လို့ဆိုတော့ သူကပြုံးတယ်…..။ သူ့လက်ထဲက ပန်းစည်းလှလှကလေးကို သူပြန်မသွားခင် ကျမစိတ်ကူးယဉ်ကြည့်နေခဲ့ပြီးပြီ….။
နှလုံးသားနီနီလေးကို ဖန်ပုလင်းထဲထည့်ချိတ်ဆွဲထားတဲ့ ဥယျာဉ်ခြံလေးရဲ့ ဂိတ်ဝလေးဆီကိုတောင်ကျမ ခြေမလှမ်းမိတာ ကြာရောပေါ့….။ ကျမလက်ကိုတွဲချိတ်ပြီး ပန်းလေးတွေကြားမှာ သူကိုယ်တိုင်စိုက်ပျိုးထားတဲ့ အလှဆုံးပန်းကလေးတစ်ပွင့်နဲ့ ကျမဆံနွယ်မှာပန်ဆင်ပေးခွင့်ရချင်တယ်လို့ ပန်းကလေးတွေကဆင့် ကျမကိုသူပြောခဲ့ဖူးတယ်….။
သူကတော့ ပန်းတွေကြားမှာ အိပ်မက်ကိုအသက်သွင်းနေသူတစ်ယောက်ပေါ့……။ ကျမကတော့ပန်းလေးတွေကိုချစ်တတ်ပြီး သူ့လိုတော့ ပြုစုစိုက်ပျိုးဖို့ထိ ပါရမီမပါဘူး….။ ဘာပဲဖြစ်ဖြစ် သူကတော့ စကားလုံးလှလှလေးတွေနဲ့ သူ့ရင်ခုန်သံကို တိုးတိတ်မှုမရှိစေတဲ့ဲ့ ကျမကိုသူ့ပန်းလေးတွေနဲ့အတူယှဉ်တွဲလေ့ရှိတယ်…….။
စိတ်ကူးနဲ့တင် ပန်းလေးတွေရဲ့ သင်းရနံ့လေးကိုရနေပြီ…. အေးမြတဲ့ မိုးသက်လေရနံ့နဲ့အတူပေါ့……။


မိုးငွေ့



11 comments:

လွင်ပြင်လှိုင်းငယ် said...

အိပ်မက်ကိုအသက်သွင်းတာ ချစ်ခြင်းတန်ခိုးသာ
ပိုင်ဆိုင်မယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူး။

မဒမ်ကိုး said...

ကြည်နူးဆွတ်ပျံ့ဖွယ်ပိုစ့်လေးပေါ့ မမမိုငွေ့ရေ.

ချစ်တဲ့ ငဂျာရစ်

သဒ္ဓါလှိုင်း said...

ဥယျာဉ်ခြံလေးထဲမှာ ပန်းလေးတွေရဲ့သင်းရနံ့ကို အမြဲတမ်း ရစေချင်ပါတယ်။ တခါတရံ မိုးနံ့သင်းသင်းလေးနဲ့ပေါ့...
ချစ်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဥယျာဉ်မှူးရော၊ ပန်းကလေးတွေရော၊ ပန်းကလေးတွေကို ပန်ဆင်မဲ့သူရော ပျော်ရွှင်ချမ်းမြေ့ကြပါစေ..

Cameron said...

“ဥယျာဉ်မှူးရော၊ ပန်းကလေးတွေရော၊ ပန်းကလေးတွေကို ပန်ဆင်မဲ့သူရော ပျော်ရွှင်ချမ်းမြေ့ကြပါစေ.. ”
မချော(အစိမ်းရောင်လွင်ပြင်)လာမန့်တိုင်း ပျောက်ပျောက်သွားတယ်...။ အဲဒါပြန်တင်ပေးထားပါတယ်...။

ညီရဲ said...

ပန်းတွေ ကြားမှာ အိပ်မက်ကို အသက်သွင်းနေသူတဲ့လား...

စကားလုံးလေး သုံးသွားတာ လှလိုက်တာ... ဖတ်ရင်း ကြည်နူးမိရတယ်...

Anonymous said...

အိန်ဂျယ်ကို ပိုသံယောဇဉ်ရှိမှာပေါ့နော်

Anonymous said...

တခုမေးချင်တယ်း)
ပန်းပျိုးသူက ပန်းချစ်သူလား
ပန်းခူးသူက ပန်းချစ်သူလား
ကဲ.....

မောင်ဘကြိုင်

မြသွေးနီ said...

ပန်းကလေး ပိုးမထိုး နေမခစေဖို့
ဥယျာဉ်မှူးမှာ တာဝန်ရှိသည်... :))

Anonymous said...

မမြသွေးပြောတာလဲ ဟုတ်၏း)
ဒါပေသိ ကိုယ်ပျိုးထားတဲ့ပန်း တူညားခူးသွားရင်တော့ ဥယျာဉ်မှုးရင်ကျိုးမှာနော်း)း)


မောင်ဘကြိုင်

Anonymous said...

I think you are over rated by yourself and no one is really interested to u