Wednesday, 13 October 2021

စေတန်နှင့်ဖုန်းပြောဖြစ်သောည.....





မိုးနှောင်းကာလ ညကအိုက်စပ်ပေမယ့်   ဒီညကလှတယ်.......
တိမ်ငွေ့တွေပြန့်ကျဲနေတဲ့ ကောင်းကင်မှာ တခြမ်းကွေးလလေးက    ကပိုကရိုနဲ့ ခြေချိတ်ထိုင်နေတဲ့ မိန်းမပျိုလေးနဲ့တူတယ်....။

ကျွန်မ..... သူ့ဆီဖုန်းခေါ်ဖို့ သူ့ဖုန်းနံပါတ်ကို အကြာကြီးစိုက်ကြည့်နေခဲ့တာ ၄၉မိနစ်.....။

၉နာရီ ၉မိနစ်တိတိမှာ သူ့နာမည်နဲ့မှတ်ထားတဲ့ ဖုန်းနံပါတ်ပေါ်ကို လက်ညှိုးနဲ့ဖိချလိုက်တယ်...။ Ring သုံးခါမြည်ပြီးချိန်မှာ သူ့အသံကိုကြားရတယ် ....။ 

"ဘယ်သူလဲ" တဲ့ ....

အေးလေ ရုတ်တရပ်ကြီး ဘယ်တုန်းကမှလည်းဖုန်းပြန်ဆက်မှာမဟုတ်ဘူးလို့ တရားသေမှတ်ထားတဲ့ သူတစ်ယောက်ဆီက အသံကြားရတော့ စိတ်လှုပ်ရှားသွားမှာ အသေချာပဲ....။

သူမပြောနဲ့ ကျွန်မလည်း သူ့ဖုန်းကိုမခေါ်ခင် App နဲ့ နှလုံးခုန်နှုန်းတိုင်းကြည့်သေးတယ် တစ်ရာကျော်သွားလို့ လန့်ပြီး Heart rate app ကို delete ပြန်လုပ်ပစ်လိုက်တယ်....။

​သူကတော့ စီးကရက်နှစ်လိတ်နဲ့ ကုစားလိုက်တယ်ပြောတယ်...။ 

ကျွန်မနှလုံးခုန်သံကိုမကြားရလောက်ဘူးလို့ ယုံကြည်စိတ်အပြည့်နဲ့ လွတ်လပ်ပေါ့ပါးစွာပဲ သူနဲ့ စကားပြောဖြစ်ကြတယ်....။ အကြာကြီးပဲ ကျွန်မတို့စကားမပြောဖြစ်ခဲ့ကြတဲ့ ကာလတွေ....။

ဟိုအရင်ချိန်တွေတုန်းကဆို ဖုန်းဘေလ်ကုန်တဲ့အထိ စကားပြောခဲ့ဖူးတဲ့ ညတွေရှိတယ်.....။ ကြာခဲ့ပါပြီ သူလည်းမှတ်မိမယ်မထင်တော့ပါဘူး.... ။

ဒါပေမယ့် ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်သတိရနေလျက်နဲ့ လုံးဝအဆက်အသွယ်မလုပ်ဘဲ နှစ်နဲ့ချီနေနိုင်ခဲ့ကြတာပဲ ....။

ဒီတစ်ခါ ဖုန်းပြောကြတော့ မတွေ့တာကြာလို့ထင်တယ် ပြောစရာတွေက စကားစပြတ်ပြတ်သွားတယ် တဒင်္ဂတိတ်ဆိတ်သွားတဲ့ စက္ကန့်ပိုင်းလေးတွေမှာ သူ့ရဲ့မှင်သက်မှု စိတ်လှုပ်ရှားရင်ခုန်မှုတွေကို အမှောင်ထဲကနေ ခံစားမိနေချိန် ကျွန်မပြုံးဖြစ်သွားတယ်...။ 

သူ့စကားသံတွေ အရင်ကထက်ပိုလန်းဆန်းလတ်ဆတ်လာတယ်...။ အချိန်နဲ့ အသက်အရွယ်က သူ့ကိုပိုရင့်ကျက်လာစေခဲ့ပုံရပါတယ်...။ သူကတော့ လူကြီးပိုဆန်လာတယ် ကျွန်မကတော့ သူ့အတွက်အမြဲတမ်း ကလေးလေးပဲဖြစ်မယ်ထင်တယ် 😊

Good night…. ပါ Saturn 🪐 
ကျွန်မတို့တွေ အသက်ရှင်နေသရွေ့တော့ လူချင်းဆုံဖြစ်ကြဦးမှာပါ....။

12.10.2021
10:29 pm


____________________
Revolution will prevail 
မိုးငွေ့


No comments: