Monday, 10 August 2020

အကြောင်းတရားလေးပါး.....


ခန္ဓာရှိရင် ဝေဒနာရှိတယ် ဝေဒနာရှိတော့ နာရတယ်....လူသာနာပါစေ စိတ်တော့မနာစေနဲ့တဲ့ ဟိုနေ့က ဝါဆိုသင်္ကန်းကပ်တော့ တိုက်အုပ်ဆရာတော်က မိန့်သွားခဲ့တာ....။ ရောဂါဝေဒနာဖြစ်ရင် လူတွေက အဲရောဂါဆီကိုပဲစိတ်ရောက်ပြီး သောကဖြစ်ကြတယ် စိတ်ဆင်းရဲရတယ်.....။ စိတ်ဆင်းရဲသောကရောက်တယ်ဆိုတာ ဒေါသဖြစ်တာပဲ ဒေါသဆိုတာ အကုသိုလ်စိတ်ပဲလေ...။ အဲဒါ ကျွန်မဖတ်မှတ်လေ့လာနေဆဲ ဒေါက်တာစိန်လင်းရေးသားထားတဲ့ "ရွှေစင်မြင်းမိုရ်အဘိဓမ္မာ" စာအုပ်ရဲ့ စိတ်အပိုင်းမှာပါတယ်....။ အရင်တုန်းက ကျွန်မ လူတစ်ယောက်ကိုမုန်းဖူးတယ် သူသေရင်တောင် အသုဘမပို့ဘူးလို့ ကျိန်းထားခဲ့ဖူးတယ်....။ အခုပြန်စဉ်းစားတော့ ကျွန်မအဲတုန်းက ဒေါသစိတ်တွေနဲ့ အကုသိုလ်တော်တော်ပွားခဲ့တာပဲလို့ နောင်တရမိတယ်...။ အဲဒီလူလည်းခုမသေသေးပါဘူး...။ လောကမှာ ဘယ်သူအရင်သေရမယ်ဆိုတာကို တိတိကျကျမသိဘဲနဲ့ ထင်ရာလျှောက်တွေး လျှောက်ပြောကြတာ သိပ်မှားတယ်....။ တကယ်လို့ သူမသေသေးဘဲလဲ ကိုယ်အရင် အနိစ္စရောက်သွားနိုင်တာပဲ...။ ခုတော့ အားလုံးကို မေတ္တာထား ခွင့်လွတ်တတ်သွားပါပြီ...။ ဘုရားဟောထားတဲ့ ပိဋိကတ်သုံးပုံထဲက အဘိဓမ္မာကိုလေ့လာရတာ အင်မတန်နက်နဲတယ်....။ တော်ရုံဉာဏ်နဲ့ နားမလည်နိုင်ဘူး....။ ပြီးတော့ ကျွန်မက သင်္ချာသိပ်ညံ့ခဲ့တော့ အဘိဓမ္မာမှာ နံပါတ်စဉ်တွေမှတ်ရတာတော်တော်လည်းများတယ်....။ အဲမှာစတွေ့တာပဲ....။ ကျွန်မလည်းဖတ်မှတ်လေ့လာနေရင်းက ဉာဏ်မှီရဲ့လားလို့ ကိုယ့်ကိုယ့်ကို မကြာခဏ သံသယဝင်မိတယ်....။ အဲလိုနဲ့ နားနားပြီး ဖတ်နေတာ နှစ်ပေါက်နေပြီ..... :)


ခုကျွန်မ မနှစ်ကဒီလို မိုးတွင်း ဝါတွင်းကာလမှာပဲ ဒီလို ဩဂုတ်လမှာပဲ ဖြစ်ခဲ့ဖူးတဲ့ လက်ဖမိုးရောင်တာထပ်ဖြစ်တယ်....။ သတိထားမိတာ နှစ်တိုင်း ဒီလိုအချိန်မှာပဲဖြစ်တတ်တယ်... ။ မနှစ်က ဒီမှာ ရေးခဲ့ဖူးသေးတယ် ...။ ဖြစ်တာကြာတာနဲ့ မကြာတာပဲကွာတာ...။ မနှစ်ကဆိုလချီကြာသွားတယ် ဆေးခန်းလဲစုံ သွေးတွေလဲစစ် နောက်ဆုံး ရေခဲအိတ်ကပ်ပြီး တရားမှတ်တာနဲ့ပြန်ပျောက်သွားတယ်....။ အဲဒါပြောချင်တာ လူဆိုတာ ကံ စိတ် ဥတု အဟာရ ဆိုတဲ့ အကြောင်းတရာလေးပါးနဲ့ မကင်းသရွေ့ကတော့ ရောဂါဝေဒနာတွေကိုခံစားနေရဦးမှာပါပဲ...။ ဆိုတော့ ကျွန်မအခု အရမ်းနေတတ်သွားပြီ အဲဒီလက်ရောင်တဲ့ဆီကို အာရုံသိပ်မစိုက်တောဘဲ လုပ်စရာရှိတာလုပ်တယ် ရေခဲအိတ်ကပ်တာတို့ ဗိုက်တာမင်စီစားတာတို့လုပ်တယ်....။ စိတ်ကိုအေးအေးငြိမ်ငြိမ်ထားတယ် ခုအရောင်ပြန်ကျသွားတယ် နှစ်ရက်ပဲကြာလိုက်တယ်...။ ကျွန်မအထင် ကျွန်မစားလိုက်တဲ့အစာနဲ့ ရာသီဥတုနဲ့တိုက်ဆိုင်လို့ဖြစ်သွားတာပဲ....။ ခုစားနေတဲ့အစာတွေ ဆောင်းရာသီ နွေရာသီတုန်းကလည်းစားတာပဲ ဘာမှမဖြစ်ဘူးလေ....။ အဲဒါကို သဘောပေါက်သွားတော့ အရင်လို ဗျာများပြီး ဟိုဆေးခန်းပြ ဒီဆေးခန်းပြတွေလုပ်မနေတော့ဘူး....။ 





ဒီလိုဖြစ်ရပ်ဟာ အလာဂျီတစ်မျိုးပါပဲ.... ။ အပူစာတွေစားတာများလို့ ကန်ထွက်တာ....။ ကျွန်မသတိထားမိတာ အဲလိုမဖြစ်ခင် နှစ်ရက်လောက်အလိုမှာ အညောင်းပြေအောင်ဆိုပြီး ကျွန်မ ခြေထောက်ကို ရေနွေးနဲ့ဆားစိမ်တာလုပ်တယ်....။ ပြီးတော့ ကျွန်မသက်တမ်းတစ်လျှောက် အကြွပ်ကြော်အစားများခဲ့တယ်....။ အဲဒါအပူစာတွေလေ....။ ချို ချဉ် ဖန် စပ် ခါး အငံဆိုတဲ့ အရသာခြောက်မျိုးရှိတယ်...။ အဲကမှနေပြီး ကြော်လှော် ဖုတ်ကင် ကြပ်တိုက်တာတို့ တာရှည်ထားခံအောင် အခြောက်ခံတာတို့ဆိုတာ အကုန်အပူစာတွေချည်းပဲ....။ စည်သွပ်ဗူးတို့ အသားပြား အသားလုံးတို့လို ရယ်ဒီမိတ်အစားစာဟာလဲ အပူစာတွေချည်းပဲနော်.....။ အရသာခြောက်မျိုးမှာတောင်မှ ချို ဖန် စပ် အငံကို ရှောင်ပြီး ချဉ် ခါး တွေကို ပိုစားပေးရတယ်....။ ဥပမာ တစ်ပတ်ကို သီးစုံချဉ်ဟင်းလိုမျိုး ချဉ်ပေါင် ကင်မွန်းချဉ်လိုဟင်းချိုမျိုး သုံးခါလောက်စား အခါးကိုလည်းအဲလိုပဲ...။ အအေးစာဖြစ်တဲ့ ဗူးသီး ကျောက်ဖရုံသီး ဖရဲသီးနဲ့ ဖီးကြမ်းငှက်ပျောတို့လိုမျိုးကိုစားပေးပါ...။ အကြော်ကို ကြာကြာနေမှတခါစားပေါ့ နေ့စဉ်ရက်ဆက်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် မကောင်းဘူး....။ ရောဂါဝေဒနာတွေကို ဖိတ်ခေါ်သလိုဖြစ်မယ်...။ အခါးမှာတောင် ပူခါးနဲ့ အေးခါးနှစ်မျိုးရှိတဲ့အထဲ အေးခါးကိုပဲစားပေးပါ...ဥပမာ ဂွေးတောက်ရွက်လိုဟာမျိုး ကြက်ဟင်းခါးသီးတို့ ကြောင်ရှာသီးတို့ဆိုတာက ပူခါးတွေမို့ ခဏခဏမစားရင်ပိုကောင်းတာပေါ့...။ ငရံ့ပလူရွက်တို့ သခွပ်ပွင့်တို့လိုမျိုးတွေ သုပ်စားတာကောင်းတယ်...။ ဝမ်းကျန် ဆီးကျန်တွေမဖြစ်ရအောင်လည်း မကျည်းဖျော်ရည်တို့ ဒိန်ချဉ်တို့လိုဟာကို နေ့စဉ်သောက်ပေးသင့်ပါတယ်...။ ရေမချိုးခင် နာရီဝက်အလိုလောက်ကို ရေနှစ်ခွက်သောက်ပြီး ဆီးသွားပြီးမှချိုးပါ....။ ခေါင်းလျှော်မယ်ဆို ရေအရင်ချိုးပေးပါ ....ခေါင်းလျှော်ပြီးမှရေချိုးရင် အပူကခေါင်းပေါ်တက်စောင့်တော့ မျက်လုံးတိမ်ဖြစ်တာတို့ ဆံပင်ကျွတ်တာတို့ဖြစ်တတ်တယ်...။ ဒါတွေက ပင်လုံစာပေက တိုင်းရင်းဆေးဆရာကြီး ဦးရန်အောင်ရဲ့ ကျေးဇူးကြောင့်သိရတာ....။ 


တန်ဆေး လွန်ဘေးဆိုတာကိုလည်း အမြဲနှလုံးသွင်းထားရမယ်....။ ဆရာကြီးဦးရန်အောင်ဆီမှာ ဆီးချိုကျအောင်လို့ဆိုပြီး တမာရွက်နေ့စဉ်နဲ့အမျှစားခဲ့လို့ သွေးတိုးရောဂါရကြောင်းမေးထားတာကို နားထောင်ရတယ်...။ ဘုရားဟောထားသလို အရာရာတိုင်းမှာ အလယ်လတ်လမ်းစဉ်ကိုပဲလိုက်တာကောင်းတယ်....။ အရာရာတိုင်းကို ညီညွတ်မျှတအောင် နေထိုင်စားသောက်ဖို့လိုတယ်....။ ခုချိန်မှာ အထူးသဖြင့် ကျွန်မတို့လို အသက်လေးဆယ်ကျော်လာရင် အစားအသောက်အနေအထိုင် ပိုဂရုစိုက်လာရပြီ....။ ငယ်ရွယ်စဉ်ကလို စားချင်တာစားလျှာကို အလိုမလိုက်သင့်တော့ဘူး.....။ သွေးသားပြောင်းလဲချိန်လဲဖြစ်တော့ ပိုသတိထားရတယ်....။ အိုချင်အိုပါစေ မနာချင်ဘူးဆိုသလိုပေါ့...။ ဘယ်သူကမှ ရောဂါဝေဒနာကို မခံစားချင်ကြဘူး...။ ဆိုတော့ ခန္ဓာရှိနေချိန်ကာလပတ်လုံးကတော့ တစ်နေ့မဟုတ် တစ်နေ့ ဝေဒနာကိုရင်ဆိုင်တွေ့ရမှာပဲ အဲလိုဖြစ်တဲ့အခါ သေးတာကိုမကြီးအောင် အနာသက်သာအောင် ဆင်ခြင်မျှတစွာနေထိုင်စားသောက်နိုင်ကြပါစေလို့ ဒီပို့စ်လေးနဲ့သတိပေး မျှဝေလိုက်ပါရစေ....။


မိုးငွေ့


No comments: