Monday, 25 May 2020

မိုခါး(Mocha).....




ခေါင်းရင်းဘေးနားက ဖုန်းမက်ဆေ့သံမြည်လာလို့ နာရီကြည့်လိုက်တော့မှ မနက် ၇ နာရီ ၄၅မိနစ်ရှိပြီ....။ ဖုန်းယူကြည့်ရင်း ကိုယ်တစ်ချက်ပြုံးလိုက်မိတယ်...။ သူ့ဆီက မက်ဆေ့....။ မနေ့က ကိုယ်သိချင်တဲ့ အချက်လက်တစ်ခုကိုမေးထားလို့ သူပြန်ဖြေပေးထားတာ...။ အောက်ဆုံး တစ်ကြောင်းမှာတော့....
" ဒါနဲ့ မင်္ဂလာနံနက်ခင်းပါ .... ကောင်းသောနေ့လေးဖြစ်ပါစေ...." တဲ့....

ကိုယ်တို့ အွန်လိုင်းမက်ဆေ့နဲ့ စကားပြောတာဖြင့်ကြာလှပြီ တစ်ခါမှ သူ့ဆီက တကူးတကန့် ဒီလိုနှုတ်ဆက်တဲ့ မက်ဆေ့မရဖူးဘူး....။ ကိုယ်ကသာ ဂွတ်မောနင်းတွေ ဘာတွေ လုပ်ဖြစ်သေးတယ်...။ ကိုယ်နဲ့စကားလာပြောတိုင်း လိုရင်းတွေကိုပဲ တုံးတိတိပြောတတ်တဲ့သူက ဒီနေ့တော့ ထူးထူးခြားခြားမို့ ကိုယ်သဘောကျစွာ ပြုံးမိသွားခဲ့တာ...။

"ကျေးဇူးပါ.... တစ်ရက်လောက် မင်းကို ကော်ဖီတိုက်ပါ့မယ်..."

Active မှာ မီးစိမ်းနေတာမတွေ့လို့ ကိုယ်စာချန်ထားခဲ့လိုက်တယ်.....။

" ကျွန်တော် ဘာကော်ဖီကြိုက်လဲဆိုတာ ခင်ဗျားသိလို့လား...."

မက်ဆေ့သံလေးကြားလို့ ဖုန်းပြန်ယူကြည့်တော့ သူဖြစ်နေတယ်...။ ခုလို ကိုယ်ပြောတာကို စိတ်လိုလက်ရ ပြန်ပြောဖော်ရတာ ကမ္ဘာရှား....။ တခါတလေ ကိုယ်ပြောထားခဲ့တဲ့ မက်ဆေ့တွေကို နှစ်ရက် သုံးရက်နဲ့မပြန် တစ်ပတ်လောက်နေမှ စာပြန်တတ်တဲ့သူ.....။

" Coffee Latte or Americano ?  "

"No... ကျွန်တော်က အစွဲမရှိဘူး ဘာကော်ဖီဖြစ်ဖြစ်သောက်တယ်.... ကော်ဖီဆိုင်ထိုင်ရတာကို သဘောကျတာ... ဒါကြောင့် ခင်ဗျားကော်ဖီတိုက်မှာကို စိတ်ဝင်စားသွားတာ တစ်ရက်တွေ့မယ်လေ ဒါပေမယ့် ခင်ဗျားကိုပဲ ကျွန်တော်တိုက်မယ် ခင်ဗျားရောဘာကော်ဖီကြိုက်လဲ..."

"Mocha...."

"မိန်းကလေး တော်တော်များများ Mocha ကော်ဖီကြိုက်တတ်တယ်ထင်တယ် ချောကလက်ပါလို့လေ.."

" ဘာဆိုင်လို့လဲ ကိုယ်ကလုံး...ဝ ချောကလက်မကြိုက်ဘူး ဒါပေမယ့် မိုခါးကိုတော့ကြိုက်တယ်..."

"ဒါဆို ကျွန်တော် ခင်ဗျားကို ကော်ဖီတိုက်ဖို့အကြွေးရှိတယ်ဆိုတာ မှတ်ထားပေး
ခင်ဗျား အခုမှအိပ်ယာထတာမဟုတ်လား  ဒါပဲ မျက်နှာမသစ်ရသေးဘဲ စကားလာပြောနေတယ်..."

ကြည့်စမ်း ကိုယ်ခုမှ အိပ်ယာနိုးပြီး မျက်နှာမသစ်ရသေးတာကို သူက အကြားမြင်ရနေတယ်...ဟွန့်....။

Mocha ကော်ဖီကို မိန်းကလေးတွေကြိုက်တတ်တယ်ဆိုတဲ့ သူ့မှတ်ချက်ကြောင့် ပျိုးယုဝသုန်ရေးထားတဲ့ "အပြာရောင်တောင်တန်းများသို့လွမ်းချင်း"ထဲက မြတ်မင်းဧရာက ရှင်မင်းခကိုပြောတဲ့ အပိုဒ်လေးသွားအမှတ်ရမိတယ်...။

"မိုခါး ကော်ဖီမှာ နှပ်ထားတဲ့ ကော်ဖီရယ် ချောကလက်မှုန့်ရယ် သကြားရယ် နို့ရယ်ပါတော့ မိုခါးကော်ဖီက ပျော့ပျောင်းနူးညံ့တဲ့အရသာလေးထပ်ပေါင်းထားတော့ ညင်သာတဲ့အနံ့အရသာတစ်ခုကိုပေးတယ်..။ ပြီးတော့ အရောင်က အညိုရင့်ရောင်ရှိတယ်... အပေါ်က မြှုပ်အဖြူလေးတွေနဲ့ဆိုရင် ရှင်မင်းခ မျက်လုံးတွေလိုပဲဗျ...။ ခင်ဗျား မျက်လုံးတွေက အညိုရင့်နဲ့ အဖြူပေါင်းထားသလိုမျိုးလေ...။ ပြီးတော့ မိုခါးကော်ဖီရဲ့ ညံ့သက်တဲ့အရသာက ခင်ဗျားလှုပ်ရှားမှုတွေလိုပဲ စိတ်မဆိုးနဲ့ဗျာ ကျွန်တော့်စိတ်ထဲ ဖြစ်လာတာကို ပြောပြတာပါ..."(Credit to ပျိုးယုဝသုန်/ ကော်ဖီရနံ့)

ကိုယ် ရေချိုးခန်းထဲမရောက်သေးဘဲ တစ်ယောက်ထဲ အတွေးများနေတုန်း မက်ဆေ့သံလေးထပ်ပေါ်လာလို့ ပြန်ကြည့်မိတော့...

" ခင်ဗျားနဲ့ Mocha ကော်ဖီနဲ့လိုက်ဖက်တယ် သိလား..." တဲ့....

အမလေးနော်....ဒီနေ့တော့ ရေမိုးချိုးပြီး ထီသွားထိုးမှပါပဲ...။ သူ့ဆီက ကိုယ့်ကို အရောတဝင် စိတ်ရလက်ရ မက်ဆေ့တွေ ပြန်ပြောနေလို့လေ...။ သေချာတာကတော့ အပြာရောင်တောင်တန်းထဲက မြတ်မင်းဧရာက ရှင်မင်းခကို ပြောသလို မင်းကိုယ့်ကို ဘယ်တော့မှပြောမှာမဟုတ်ဘူးဆိုတာပဲ....။

ရေချိုးခန်းထဲဝင်ပြီး မှန်ထဲမှာ ကိုယ့်မျက်ဝန်းတစ်စုံကို ကိုယ်သေချာပြန်ကြည့်မိတယ်...။ အညိုရင့်ရင့်မျက်ဆံကြီးကြီးနဲ့ မျက်သားဖြူဖြူတွေ ...ဓါတ်ပုံရိုက်တိုင်း ဝိုင်းစက်နေတတ်တဲ့ မျက်ဝန်းတွေ....။ ရှည်မျောမျော မျက်အိမ်ကျဉ်းကျဉ်း မျက်ဆံနက်နက်တွေနဲ့ သူ့ကိုပြန်မြင်ယောင်မိတော့ ကိုယ် ရယ်ချင်မိသွားတယ်...။

ကိုယ်တို့ စတွေ့တွေ့ချင်းတုန်းက လေယာဉ်ပေါ်မှာ အမှောင်ထဲ ကိုယ့်မျက်လုံးတွေကို သူက သဘောကျကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ဖူးတယ်...။ အဲတုန်းက သူ့ကို ပြန်ရန်တွေ့ပြီး စူးစိုက်ကြည့်ခဲ့တုန်းကပေါ့...။ လေယာဉ်ပေါ်မှာ ကျန်းမာရေးကဒ်ပြားဖြည့်ရတော့ ဖြည့်ပြီးသားကဒ်ကို ကိုယ်က အရှေ့ထိုင်ခုံနောက်ကျောထဲ ဒီတိုင်းလေးညှပ်ထည့်ထားတာကို သူက သက်သက် ရန်လာစတာ...။

"ခင်ဗျား ဖုန်းနံပါတ်ကို ကျွန်တော် လုံးဝစိတ်မဝင်စားဘူးနော် ရေလာမြောင်းပေးလုပ်တာ ရပ်တော့..."

ကိုယ်ကြားနိုင်ရုံသလောက် တိုးတိုးကပ်ပြောပြီး ကိုယ့်ကို အရှက်ရစေတဲ့ အထက်စီးလေသံနဲ့ပြောတာကြောင့် ကိုယ်ဖြည့်ထားတဲ့ စာရွက်ကို လုံးချေပစ်လိုက်တယ်...။

"ဟာ  ဘာလို့ အဲလိုလုပ်လိုက်တာလဲ  လေယာဉ်ဆိုက်ရင်ပေးရမှာလေ ပြန်ဖြည့်ထားမလား ကျွန်တော် ခင်ဗျားအတွက် အသစ်တစ်စောင်ပြန်တောင်းပေးမယ်..."

ကိုယ်သူ့ကိုဘာမှပြန်မပြောဘဲ ပြူတင်းပေါက်ဘေးမှာထိုင်နေတဲ့ ကိုယ်နဲ့ဘေးချင်းကပ်လျက် သူ့ကို သေချာလှည့်ပြီး ဒေါသထွက်ထွက်နဲ့ စူးစိုက်ကြည့်လိုက်တယ်...။

"မိုက်တယ်.... ခင်ဗျားမျက်လုံးတွေက အမှောင်ထဲမှာတောင် တောက်ပနေတာပဲ အဲဒါတော့ သဘောကျတယ်..."

"ဘာရယ်...."

"ရှူး...တိုးတိုးပြောလေ ခရီးသည်တွေ အိပ်နေကြတာ တချို့..."

အဲကတည်းက ကိုယ့်ဖုန်းနံပါတ်ကို သူက ဖုန်းနဲ့ခိုးရိုက်ထားပြီး နောက်ပိုင်း ကိုယ့်ဗိုင်ဘာကို လာအက်ပြီး စကားလာပြောရင်းက ကိုယ်တို့ ခင်မင်သွားခဲ့ကြတာဆိုပါတော့....။


@@@@@@@@


ဆောင်းဝင်စမို့ထင်ပါရဲ့ ညနေလေညှင်းက အေးအေးစိမ့်စိမ့်....။ ကောင်းကင်ကြီးကလည်း မှုန်မှိုင်းပြာဝေနေတယ်...။  ကိုယ်တို့ ကော်ဖီသောက်မယ်လို့ မှန်းထားတဲ့ ဆိုင်မှာ မသောက်ဖြစ်တော့ဘဲ... အပြင်ရာသီဥတုကို ခံစားချင်တာနဲ့ အပြင်ဖက် ခုံခင်းထာတဲ့ ကော်ဖီဆိုင်လေးကိုပဲ ရွေးထိုင်လိုက်ကြတယ်...။  ကိုယ်တို့ထိုင်တဲ့ စားပွဲဝိုင်းက အားလုံးထဲမှာ အစွန်ဆုံးဝိုင်း....။ အဲနားမှား ဘတ်စ်ကားဂိတ်ရှိတော့ ခရီးသည်တွေနဲ့ ယောက်ယက်ခတ်လို့... တစ်ဖက်လမ်းကိုကူးလိုက်ရင် အင်းလျားကန်ဘောင်ရောက်ပြီ...။

"ခင်ဗျားအတွက် မိုခါးလက်တေးအပူတစ်ခွက်နဲ့ ငှက်ပျောကိတ်တစ်ခုမှာထားပေးတယ်...."

"မင်းရော..."

"ကျွန်တော်က hot latte  စီးကရက်နဲ့မြည်းမယ်လေ...ဒီနေရာလေးက smoking zone ဆိုတော့
ဒါနဲ့ ခင်ဗျား စီးကရက်နံ့ခံနိုင်ရဲ့လား..."

" ရပါတယ် သောက်ပါ..."

"ဆောင်းဦးပေါက်မို့ထင်တယ် နေစောစောဝင်သွားတာ မဟုတ်ရင် ဒီနေရာကနေ Sun Set ကြည့်ပြီးကော်ဖီသောက်ရရင် ပိုမိုက်မှာ.."

သဘာဝတရားကြီးကို ခံစားပြောဆိုနေတဲ့ သူ့ကို ကိုယ်သဘောကျလို့ ပြုံးလိုက်မိတယ်....။

"ဘာပြုံးစေ့စေ့လုပ်နေတာလဲ ခင်ဗျားက..."

"ဘာမှမဟုတ်ပါဘူး... မင်းလို လူမျိုးလဲ ဒါတွေကို စိတ်ဝင်စားတတ်သေးတာပဲလို့ တွေးမိလို့ပါ..."

"ဘာလဲ  ခင်ဗျားက ကျွန်တော့်ကို ကွန်ပြူတာတစ်လုံးနဲ့ပဲ အလုပ်ရှုပ်ပြီး တခြားဘာမှ စိတ်မဝင်စားတတ်တဲ့ သူလို့ ထင်နေတာလား.."

"မဟုတ်လို့လား...."

သူမှာထားတဲ့ ကော်ဖီနှစ်ခွက်နဲ့ မုန့်ရောက်လာတော့ စကားစပြတ်သွားခဲ့တယ်...။ သူက ကော်ဖီတကြိုက်သောက် အိတ်ထဲက စီးကရက်ထုတ်ပြီး မီးညှိလိုက်တယ်....။ တဖွာလောက်ရှိုက်ပြီး ကိုယ့်ကို သူလှမ်းကြည့်တယ်...။ ကိုယ်က ငှက်ပျောကိတ်ကို ဖဲ့နေတုန်း သူ့ကိုပြန်ကြည့်တော့...။

"ဘာလို့လဲ ဘာလို့ကြည့်နေတာလဲ မုန့်စားချင်လို့လား ကိုယ်ဖဲ့ပေးရမလား.."

သူက မျက်လုံးတွေကို မှေးစင်းပြီး စီးကရက်ဆက်ဖွာတယ်....။ သူ့မျက်အိမ်ရှည်ရှည်ကျဉ်းကျဉ်းထဲက မျက်ဆံနက်နက်အကြည့်တွေက စူးစူးရှရှ....။


" ခင်ဗျား မျက်လုံးတွေ ဒီနေ့ပိုလှတယ် သိလား မိုခါး..."

"မိုခါး"  ကိုယ်က အံ့အားသင့်သွားတဲ့ဟန်နဲ့ ကိုယ့်ကို မိုခါးလို့ခေါ်လိုက်တာလားလို့ ကိုယ့်ကိုယ်ကို ပုတ်ပြတော့...

"အင်း... ဟုတ်တယ်လေ... ခင်ဗျားကို ခေါ်တာ မိုခါးဆိုတာ..."

"ဘာလို့လဲ..."

" မသိဘူး အဲဒီကော်ဖီနာမည်နဲ့ ခင်ဗျားနဲ့လိုက်ဖက်တယ်လို့ တွေးမိလို့ ဘာလဲ မကြိုက်ဘူးလား..."

"ကြိုက်ပါတယ်... ခင်ဗျား ခင်ဗျားလို့ ခေါ်နေတာထက်စာရင်..."

"ha ha.... ကျွန်တော်က အဲလိုပဲပြောတတ်လို့ပါ ခင်ဗျားကလဲ...."

ပြောနေရင်း သူက နောက်တောက်တောက်လုပ်လို့ ကိုယ်မျက်စောင်းထိုးပစ်လိုက်တယ်...။

"ဟာ.... သွားပါပြီ.."

"ဘာဖြစ်တာလဲ..."

"မိုခါး မျက်စောင်းကြောင့် ကျွန်တော့် စီးကရက်မီးသေသွားပြီ..."

" ပေါက်ကရ.... လေတိုက်လို့ သေသွားတာကို..."


သူ့နာမည်ရှည်လို့ဆိုပြီး ကိုယ်နဲ့စကားပြောတိုင်း မမူးဘဲရစ်တတ်လို့ သူ့ကို ကိုယ်က ဝိုင်(Wine)ဆိုပြီး ခေါ်ဖြစ်သွားခဲ့တာ....။ ခုတော့ သူကဝိုင် ကိုယ်ကမိုခါးကော်ဖီ ဟုတ်တော့ဟုတ်နေပြီ.....။

" အော်...ဒါနဲ့ ဟိုနေ့က ခင်ဗျားကျွန်တော်နဲ့ VC ပြောနေတုန်းက စာအုပ်ဖတ်ပြီး တရှုံ့ရှုံ့နဲ့ငိုနေတာ အဲဒီစာအုပ်ခုယူလာခဲ့လား ဘာအကြောင်းရေးထားတာမို့ ငိုရသလဲလို့ ကျွန်တော်ဖြင့်မကြားဖူး မမြင်ဖူးဘူး စာအုပ်ဖတ်ပြီး ငိုတဲ့သူကို..."

သူပြောတော့မှ အိတ်ထဲက ပျိုးယုဝသုန်ရဲ့ အပြာရောင်တောင်တန်း ဝတ္ထုလေးပါတဲ့ ကော်ဖီရနံ့ စာအုပ်လေးထုတ်ပေးလိုက်တယ်...။

"ရော့ ဒီစာအုပ်ရဲ့နောက်ဆုံးက တစ်ပုဒ်နော် အဲဒါအရင်ဖတ်ကြည့် တစ်အုပ်လုံးကတော့ ကော်ဖီအကြောင်းကို ဖွဲ့ထားတဲ့ ဝတ္ထုတွေ အက်ဆေးတွေချည်းပဲ... မင်းက နိုင်ငံခြားမှာကျောင်းတက်ဖူးတော့ ကော်ဖီယဉ်ကျေးမှုကိုပိုသိမှာပေါ့..."

"ကော်ဖီအကြောင်းအဲလောက်ကြီးတော့မသိပါဘူး ဒါပေမယ့် ကျွန်တော်ရောက်တဲ့နေရာတိုင်းတော့ ကော်ဖီဆိုင်ထိုင်ရတာကိုကြိုက်တယ်.."

"ကိုယ်နဲ့ အဲဒါတော့တူတယ်..."

"ကျွန်တော်နဲ့ မိုခါး အကြိုက်တူတာ နှစ်ခုရှိသွားပြီပေါ့ ခုတော့..."

ဟုတ်တယ် သူနဲ့ကိုယ် ခရီးသွားတာနဲ့ ကော်ဖီဆိုင်ထိုင်တာ အကြိုက်ချင်းတူတယ်....။ ကိုယ်မိုခါးကော်ဖီတငုံသောက်ပြီး ပြုံးပြလိုက်တော့...။

"နောက်ဆို ကျွန်တော်ကော်ဖီဆိုင်ထိုင်ချင်ရင် ခင်ဗျားကို အဖော်ခေါ်လို့ရပြီပေါ့..."

"ရပါတယ် ကိုယ်အားရင်လာခဲ့မှာပေါ့..."

"အင်း ပြောမယ့်သာပြောတာ ကျွန်တော်ကိုယ်တိုင် တစ်ပတ်မှာ ကော်ဖီဆိုင်တစ်ခါထိုင်ရဖို့တောင် အချိန်လုရမှာ အလုပ်ကရှုပ်မှာ ခုတလောက..."

"အင်း ကိုယ်ရော မင်းရော အားတဲ့အချိန်ဆုံရင်ပေါ့..."

အဲဒီညနေက လေတဖြူးဖြူးနဲ့မို့ သူ့စီးကရက်ကို တစ်လိတ်ပြီးအောင်တောင်မဖွာလိုက်ရဘဲ မီးငြိမ်းငြိမ်းသွားတာနဲ့ ပြာကျသွားတာနဲ့ပဲ သုံးလေးလိတ်လောက် သူ့မှာ မီးညှိလိုက် သောက်လိုက် ကိုယ်နဲ့စကားပြောလိုက်နဲ့...။ ကော်ဖီသောက်ပြီး သူက ကိုယ့်ကို သူ့ရဲ့ B M W ကားအနက်ရောင်လေးနဲ့ပြန်ပို့ပေးတယ်...။ တကယ်တော့ ကိုယ်တို့ လေယာဉ်ပေါ်မှာ ဆုံကတည်းက အပြင်မှာ ခုမှသာ လူခြင်း ပြန်တွေ့ကြတာ...။ ကြားထဲမှာ အွန်လိုင်းပေါ်မှာပဲ စကားပြောဖြစ်ခဲ့ကြတာ..။

ကိုယ်တို့ ကော်ဖီအတူသောက်ပြီး အပြင်မှာ ဆုံဖို့မပြောနဲ့ အွန်လိုင်းမှာတောင် စကားသိပ်မပြောဖြစ်ကြဘူး...။ သူလဲ အလုပ်ရှုပ် ကိုယ်လဲ အလုပ်များနေတာနဲ့လေ...။ ဒီလိုနဲ့ တစ်လလောက်နေတော့မှ သူ့ဆီကမက်ဆေ့ ရောက်လာတယ်...။

"မိုခါးရေ.... ကျွန်တော် ခင်ဗျားပေးတဲ့ စာအုပ်ဖတ်ပြီးသွားပြီ... အဲစာအုပ်ထဲက "အပြာရောင်တောင်တန်းထဲမှာ မိုခါးကော်ဖီအကြောင်းပါတယ်...ဟုတ်တယ် ခင်ဗျားမျက်ဝန်းအညိုရောင်ရင့်ရင့်တွေက မိုခါးကော်ဖီနဲ့တူတာ... ကျွန်တော်ကတော့ ဝတ္ထုထဲကလို မပြောတတ်ဘူး ခင်ဗျားကို ကျွန်တော် မိုခါးလို့ခေါ်တာ ဒီစာအုပ်ကိုဖတ်ပြီးမှ ပိုအဓိပ္ပါယ်ရှိသွားတယ်... ကျန်းမာရေး ဂရုစိုက် အလုပ်ချည်းပဲ ဖိလုပ်မနေနဲ့ဦး ဒါပဲ ကျွန်တော်အလုပ်ဆက်လုပ်လိုက်ဦးမယ်...."

သူ့မက်ဆေ့ကို စာမပြန်တော့ဘဲ " Cool..." ဆိုတဲ့ စာတန်းရုပ်လေးနဲ့ " Good Night cutie" ဆိုတာကိုပါ ပို့လိုက်တယ်...။

ကိုယ်တို့နှစ်ယောက်ကြားမှာ တွယ်တာမှု လွင့်လွင့်လေး ရှိနေပြီလား...။ ကိုယ်အမှန်တိုင်းဝန်ခံရရင် တစ်နေ့တစ်နေ့ မအားတဲ့ကြားက သူ့ Active မီးလေးစိမ်းလာမလားလို့ ဖုန်းထဲသွားချောင်းကြည့်ရတာအမော...။ သူရော ကိုယ့်လိုပဲ လာချောင်းတတ်လား...။ တခါတလေ ညသန်းခေါင် တရေးနိုးလို့ဖြစ်ဖ​ြစ် ဖုန်းဖွင့်ကြည့်တဲ့အခါ  Active 23 mins ago လို့ သူ့နာမည်လေးနားမှာ ပေါ်နေတာတွေ့ရင် ကိုယ်တို့ လွဲပြန်ပြီပဲပေါ့....။ တခါတလေလဲ Active မီးစိမ်းနေရဲ့သားနဲ့ မနှုတ်ဆက်ကြဘဲ တစ်ယောက်ကိုတစ်ယောက် ဘယ်သူအရင်စနှုတ်ဆက်မလဲဆိုပြီး ဒီတိုင်းစောင့်ကြည့်နေကြတဲ့အချိန်တွေလဲ ရှိလေရဲ့....။

သိပ်မကြာတဲ့ နောက်ရက်တစ်ခုမှာ သူ့ဆီက မက်ဆေ့ထပ်ရောက်လာတယ်...။

"ကျွန်တော် ခင်ဗျားနဲ့ VC ပြောချင်တယ် မတွေ့တာကြာပြီ မိုခါး ဝက်ပုတ်လေးဖြစ်နေပြီလား... အစားတွေစားပြီး..."

သူနဲနဲအားလို့ထင်ပါရဲ့ ကိုယ်နဲ့ VC ခေါ်မယ်ဆိုလို့ စကားပြောဖြစ်ကြတယ်...။

"ဟင်...မိုခါး မျက်နှာနဲနဲချောင်နေတယ် နေမကောင်းဘူးလား..."

"လည်ချောင်းနာချင်နေလို့ အပြင်သွားပြီး အပူရှက်သွားတာနေမှာ..."

"ဟုတ်လို့လား အပူကိုတော့ရှက်တာမဟုတ်လောက်ဘူး ကျွန်တော်နဲ့  VC ခေါ်လို့ ရှက်တာနေမယ်..."

"ဟာ... အကောင်းပြောနေတာကို"

" ဆေးသောက်ထားလား ဆားရည်နွေးနွေးနဲ့ Gargle လုပ်လေ..."

"လုပ်ထားတယ်... ဆေးလဲသောက်တယ် သက်သာသွားမှာပါ..."

" ဂရုစိုက် မိုခါးရေ.... ခင်ဗျားနေမကောင်းရင် ကျွန်တော် စကားပြောဖော်မရှိဘဲနေမယ်..."

"မပြောနဲ့ပေါ့ မရှိရင် ခါတိုင်းလဲ လာပြောတာကျနေတာပဲ..."

" အော် ... တော်တော်ကြာကြာ ဘာမက်ဆေ့မှ ရောက်မလာတာ ခင်ဗျား ကျွန်တော့်ကို စိတ်ကောက်နေတာလား.."

"ဘာဆိုင်လို့လဲ..." 

"မသိဘူးလေ... ကျွန်တော် အလုပ်ရှုပ်နေလို့ပါ ဒါကြောင့် ဒီဖက်မလှည့်အားသေးတာ..."

" သိတယ် ကုလသမ္မဂ အတွင်းရေးမှူးဆိုတော့..."

" မိုခါး စိတ်ကောက်တာ သေချာသွားပြီ..."

" မကောက်ပါဘူး ဆိုနေ... ကိုယ်နဲ့မင်းနဲ့ ဘာမို့လို့ စိတ်ကောက်ရမှာလဲ..."

" မကောက်ဘူးဆိုလဲ ပြီးတာပဲ ကျွန်တော်က စိတ်ကောက်တဲ့သူကို မချော့တတ်ဘူး ဘာဖြစ်လဲ ကျွန်တော့်ကို ခင်ဗျားပြောချင်တာရှိရင် မက်ဆေ့ပို့ထားပေါ့ ခုတော့ ငြိမ်နေတယ် တစ်ယောက်ထဲ..."

" မင်းရော ကိုယ့်ဆီ မက်ဆေ့ချန်ထားလို့လား..."

"ဟောတွေ့လား မကောက်ဘူးဆိုပြီး....နောက်ဆို ကျွန်တော်ညဖက်မအိပ်ဘဲ ကွန်ပြူတာသုံးတာလျှော့မှဖြစ်မယ် ခင်ဗျားနဲ့စကားပြောဖို့အချိန်ပိုရအောင်လို့ ကဲပါ ကျွန်တော် ခင်ဗျားကို ကော်ဖီလာတိုက်ပါ့မယ် အခုတော့မဟုတ်ဘူး.."

"သိပါတယ် Some day ပေါ့ ဘယ်တော့မှန်းမသိတဲ့ တစ်ရက်ရက်ပေါ့.."

"ha ha ...ha မိုခါးစွာရင် နှုတ်ခမ်းတွေပါထော်ပြီး ကော့လန်နေတာပဲ ကလေးလေးကျနေတာပဲ ရေတစ်ခွက်သောက်လိုက်ဦး... ပြီးရင် ခင်ဗျားအခန်းမီးကို ပိတ်ပြီး စာကြည့်မီးလေးတစ်ခုပဲဖွင့်ထားပါလား.."

"ဘာဖြစ်လို့လဲ ဘာထွင်ပြန်ပြီလဲ... "

" ခင်ဗျားစကားသိပ်များတယ် ကျွန်တော်ပြောတဲ့အတိုင်းလုပ်ပါ..."

"ပြီးရော ပြီးရော..."

သူပြောတဲ့အတိုင်း အခန်းမီးပိတ်ပြီး ခေါင်းရင်းက စာကြည့်မီးအဝါရောင်တွေကိုပဲထွန်းလိုက်တယ်...။

"ရပြီလား..."

"အင်းရပြီ... wow!!!!  မိုခါးက နေမကောင်းတာတောင်မှ မျက်လုံးတွေက အရောင်တောက်ဖြာနေတာပဲ..."

သူအဲလိုပြောလိုက်တော့ ကိုယ်ဘာပြန်ပြောရမှန်းမသိဘဲ ကိုယ့်ကိုယ်ကို ကင်မရာမှာ ကပ်ကြည့်လိုက်တယ်....။

"အဲလောက်လဲမဟုတ်ပါဘူး မင်းကအပိုတွေပြောပြီ..."

"ခုန ခင်ဗျား ကင်မရာနားကပ်ကြည့်တော့ အနီးကပ်ပိုတောင်လှသေးတယ်..."

"လာမြှောက်မနေနဲ့ မင်းကို ကော်ဖီလဲမတိုက်ဘူး..."

"မမြှောက်ပါဘူး မိုခါးကို စကားသန်းနေတာ..."

"ဘာအတွက်လဲ ဘာပြောချင်လို့လဲ..."

"ရည်းစားစကားပြောမလို့လေ..."

"ဟာ......"  သူအဲလိုပြောတော့ ကိုယ်ချက်ချင်း ကင်မရာနောက်ကွယ် သူမမြင်တဲ့နေရာ ပုန်းနေလိုက်တယ်...။ လူကဘယ်လိုဖြစ်မှန်းမသိ ချွေးတွေလဲပျံလာတယ်...။

"ဟိတ်...ဘာလို့ ပုန်းတာလဲ ထွက်ခဲ့ ခင်ဗျားကို ဒီည ကျွန်တော်သေချာပြောမှရမယ်..."

"တော်ပြီ မပြောချင်တော့ဘူး ဖုန်းချလိုက်တော့မယ်.."  ကိုယ်အကွယ်ကနေပြီး လှမ်းပြောတော့...

"မရဘူးဗျ.... ခင်ဗျားကျွန်တော်ကို ကိုယ်ထင်မပြမချင်း ဖုန်းမချဘူး..."

" ဒုက္ခပဲ ဇွတ်ပဲ မင်းကတော့.."

" ကဲပါ ထွက်လာပါတော့ ရှက်မနေနဲ့တော့ ထွက်ခဲ့ ထွက်ခဲ့ မိုခါးရှက်တဲ့ မျက်နှာလေး ကျွန်တော်ကြည့်ချင်တယ်..."

ကိုယ်လက်ဝါးနှစ်ဖက်နဲ့ မျက်နှာအုပ်ပြီး ကင်မရာရှေ့ပြန်ထွက်ခဲ့တယ်...။

"ha ha.... အဲဒါက ဘယ်လိုဖြစ်နေတာလဲ လက်ဖယ်လိုက်တော့လေ ကျွန်တော် ခင်ဗျားမျက်နှာကြည့်ချင်လို့"

ကိုယ်လက်ဝါးနှစ်ဖက်ကို ဖြေးဖြေးချင်းအောက်ချလိုက်ပြီး သူ့ကိုလှမ်းကြည့်တော့ သူက ကိုယ့်ကို ပြုံးပြုံးကြီးကြည့်နေတယ်...။ 

"မိုခါး ပါးပြင်တွေ ပန်းရောင်ဖြစ်နေတယ်.... နဖူးမှာလဲချွေးတွေစို့လို့  မိုခါး တော်တော်စိတ်လှုပ်ရှားသွားတာပဲ "

"ဟုတ်လို့လား မဟုတ်ပါဘူး မဖြစ်ပါဘူး မင်းကလဲ ဒီမှာကြည့်..." ဆိုပြီး ကိုယ်က ကင်မရာနားကပ်ပြတော့ သူက ရွှတ်ခနဲ ကိုယ့်ပါးကို လှမ်းနမ်းလိုက်တယ် ကင်မရာကနေ....။

"မင်းဘာလုပ်တာလဲ..."

" နမ်းလိုက်တာလေ ခင်ဗျားရဲ့ ပန်းရောင်ပါးပြင်ကို.."

"မင်း အဲလိုထပ်လုပ်ရင် ကိုယ်အပြင်မှာလာတွေ့မှာမဟုတ်ဘူးနော်..."

"အိုကေ အိုကေ..မလုပ်တော့ပါဘူး ဟုတ်ပြီလား အပြင်မှာတော့ တွေ့ခွင့်ပြုပါ.."

"ပြီးရော ဒါပဲ အိပ်တော့မယ် ဂွတ်နိုက်.."

"ဟာ နေဦးလေ စကားပြောဦးမယ်လေ..."

"မပြောချင်တော့ဘူး ကိုယ်ရှက်နေသေးတယ် မင်းမသိဘူးလား.."

"အော် အဲလိုလား ဒါဆို ကျွန်တော် မက်ဆေ့ချန်ထားခဲ့မယ် ပြောချင်တာတွေကို good night Mocha..."

ကိုယ်တို့စကားပြောတဲ့ တလျှောက်မှာ  ဒီတစ်ခါပဲ အကြာဆုံး  VC  နဲ့ပြောဖူးတာ ခါတိုင်းက စာပဲရိုက်ကြတယ်...။ ဒီနေ့ သူရဲ့Surprise  ကြီးကတော့ လူကိုထူပူသွားစေတာပဲ...။






မိုခါး....

ကျွန်တော် ခင်ဗျားကို မြင်မြင်ချင်းချစ်ခဲ့တာလို့ပြောရင် ခင်ဗျားယုံမှာလား......
Love at first sight ဆိုတာ အရင်က စာအုပ်ထဲမှာပဲဖတ်ဖူးခဲ့တာ... တကယ်အပြင်မှာလက်တွေ့ကိုတော့ ခင်ဗျားနဲ့ဆုံတော့မှ သေချာသိသွားတာ... ဒါကြောင့် လေယာဉ်ပေါ်မှာ ခင်ဗျားနဲ့စတွေ့တော့ ခင်ဗျားကို တမင်သက်သက် စနောက်ခဲ့တာ ဒီလိုမှ ခင်ဗျားကို ကျွန်တော်အရောဝင်လို့ရမှာလေ... ခင်ဗျားက ကျွန်တော့်ဘေးမှာ တည်တည်ကြီးနေနေတာဆိုတော့ ဘယ်လိုစကားစရမလဲမှမသိတာ....

ခင်ဗျားကို ကျွန်တော်ချစ်တယ် မိုခါး........
ကျွန်တော် ဘယ်သူ့ကိုမှ ရည်းစားစာမရေးဖူးတော့ ဒီစာအဆင်မပြေတာရှိရင် ခွင့်လွတ်ပါ.. ။ အရင်ကတော့ ကောင်မလေးတွေ တစ်ယောက်နှစ်ယောက်လိုက်ဖူးပါတယ်...။ ကျွန်တော့လို ရုပ်ဆိုးကို ဘယ်ကောင်မလေးက ပြန်ကြိုက်ပါ့မလဲ...။ အဲ ဒါပေမယ့် ခင်ဗျားတော့ ကျွန်တော့်ကို ပြန်ချစ်ရမယ်နော်...။ မဟုတ်ရင် ကျွန်တော် တစ်နေ့တစ်နေ့ အလုပ်လုပ်ရတာဖြောင့်မှာမဟုတ်ဘူး ခင်ဗျားဆီကိုပဲ စိတ်ရောက်ရောက်နေတာနဲ့...။

ခင်ဗျား ကျွန်တော့်ကို အဖြေပေးဖို့ စဉ်းစားထားပါ...ကျွန်တော်တို့ တစ်ရက် ကော်ဖီသောက်တဲ့အခါ ခင်ဗျားဆီက ချစ်တယ်ဆိုတဲ့စကားကြားချင်တယ်... ဆောရီးဗျာ ကျွန်တော့်ရည်းစားစာက အမိန့်ဆန်သွားသလား...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့် ဝသီအတိုင်း ကျွန်တော်ရေးတတ်သလို ရေးလိုက်ပါတယ်...။ ခင်ဗျား ကျွန်တော့်အချစ်ကို လက်ခံမယ်လို့ မျှော်လင့်ပါတယ်....။

မိုခါးကို ကျွန်တော် ချစ်တယ်...
ကျွန်တော့်ကိုလည်း ပြန်ချစ်ပါ မိုခါး.....

ခင်ဗျားရဲ့
ဝိုင်


@@@@@@@@


မိုးငွေ့

No comments: