Tuesday, 18 February 2020

သတိရတယ်.....




ကျွန်မတို့က မိုးနဲ့ဆောင်းရာသီနှစ်ခုမှာသာ ဆုံဆည်းခွင့်ရခဲ့လို့ နွေပျောက်ခဲ့တဲ့ သူတွေပေါ့....။

ကျွန်မတို့ မဆုံခဲ့ဖူးတဲ့ နွေဟာ အဝါရောင်ဆို ကျွန်မတို့အမှတ်တရများစွာနဲ့ ဆုံဆည်းခဲ့ဖူးတဲ့ မိုးရာသီက ခဲသားဖျော့ရောင် ဆောင်ရာသီကတော့ ငွေမှင်ရောင်ပေါ့နော်.....

မိုးရွာရင် သတိရတယ်....

မြူတွေဝေရင်လည်း သတိရတယ်...

မိုးရေထဲ သဲကြိုးပျက်နေတဲ့ အနီရောင်သိုင်းကြိုးဖိနပ်လေးကို သတိရတယ်....

ကျွန်မကို အိမ်ပြန်ပို့ခဲ့တဲ့ မြူတွေဆိုင်းနေတဲ့ ဆောင်းမနက်ခင်းလေးကို သတိရတယ်....

ကြယ်တွေမစုံတဲ့ ဆောင်းညတစ်ခုမှာ ချိန်းတွေ့တုန်းက ခြင်ပြေးတဲ့ APP လေးကို ဖုန်းထဲကနေ အသည်းသန်ရှာခဲ့တဲ့ ညကို သတိရတယ်....

စာအုပ်ဆိုင်မှာ မဂ္ဂဇင်းသွားငှားပြီး သူစားနေကျ လမ်းထိပ်က ထမင်းကြော်ဆိုင်မှာ အတူစားခဲ့ကြတာကို သတိရတယ်....

စပ်ခွန်ဇ ကတော့ "နွေဟာရူးပစ်ချင်စရာပဲ" တဲ့..... ကျွန်မတို့မှာ နွေမရှိခဲ့ဘူး....  ဒါပေမယ့် ကျွန်မက ရူးနေတုန်းပဲ..... "အရူး"လို့ စိတ်လိုလက်ရ ကျွန်မကို စိတ်တိုတဲ့အခါတိုင်း ပြောတတ်တဲ့သူ့ကို သတိရတယ်....

စွန့်စွန့်စားစား လုပ်ရတာကို ကြိုက်လို့ ကျွန်မသူ့ကိုတွဲခဲ့တယ်...... တစ်နေ့တစ်မျိုး မရိုးအီနိုင်သော ခံစားမှုများ အတွေ့အကြုံများနဲ့ ဒီနေ့ထိ ကျွန်မသူ့ကို သတိရတယ်.....

ကျွန်မတို့ဟာ တစ်ယောက်ကိုတစ်ယောက်သတိရရုံပဲ တတ်နိုင်တော့တာလား.... နှစ်ရှည်လများ သူစိမ်းတွေတကယ်ဖြစ်သွားကြပြီလား... ဟင့်အင်း တစ်ယောက်ကိုတစ်ယောက်မဟုတ်ပါဘူး... ကျွန်မတစ်ယောက်ထဲကသာ သတိရတော့တာပါ... သူကတော့ အချစ်သစ်မှာ ပျော်ပိုက်.......

ခုတော့လည်း သူ့သူငယ်ချင်းရေးတဲ့ ကဗျာစာအုပ်နဲ့သူ့ကိုလွမ်းဆွတ်ရ တမ်းတရ မျက်ရည်ကျရ... တိုက်ဆိုင်တဲ့စကားလုံးတွေကလည်း အများသားကိုး....။

ကဗျာဆရာရဲ့ အသဲကွဲသံစဉ်တွေကို နားထောင်ပြီး ....ငို
ကဗျာဆရာက......ငို
ကျွန်မကလည်း ......ငို
ကျွန်မနဲ့ ကဗျာဆရာတို့ဟာ အသည်းကွဲဖက်တွေလားလို့ အပြင်မှာတွေ့ရင် မေးကြည့်ချင်စမ်းရဲ့....။


မိုးငွေ့

No comments: