Sunday, 19 January 2020

အဖွားလုံ.....



ချောင်းစပ်နားမေးတင်ဆောက်ထားတဲ့ တက်ကဲမိုးဝါးလုံးခြေတံရှည်အိမ်လေးထဲမှာ အဖွားလုံတို့သားအမိနှစ်ယောက်အတူနေကြတယ်...။ ခြေတံရှည် အိမ်လေးပေါ်တက်ဖို့ ဝါးလှေခါးရင်းရဲ့မနီးမဝေးမှာ လုံးပတ်ကြီးကြီး လက်ပံပင်ကြီးရှိတယ်....။ နွေဦးရောက်ပြီဆို အပင်ပေါ်မော့ကြည့်လိုက် လက်ပံပွင့်တွေ နီရဲနေတာများဆို...။ အိမ့်အောက်ခြေပတ်ပတ်လည် မြေသလင်းပြင်က မြေနီမြေဝါမို့ မာကျစ်ပြီး အဖွားလုံသမီးက ခြံစည်းရိုးပင်ရိုးတွေနဲ့လုပ်ထားတဲ့ တံမြက်စည်းနဲ့လှည်းထားတာ အမှိုက်တစ်စ ခဲတစ်လုံးမရှိအောင် ပြောင်နေရော....။

အဖွားလုံကို ကျွန်မက ရှမ်းလို "မယ်ထောက်လုံ"လို့ခေါ်တယ်....။ မယ်ထောက်ဆိုတာ ရှမ်းလို အဖွားလို့ အဓိပ္ပါယ်ရတယ်....။ ကျောင်းအားရက်နဲ့ ကျောင်းအားချိန်တွေဆို ကျွန်မက အဖွားလုံအိမ်သွားသွား လည်တတ်တယ်....။ အဖွားလုံက ကွမ်းစားတော့ သွားတွေဆို မဲနေပြီ....။ အဖွားလုံကွမ်းယာတာကို ထိုင်ကြည့်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်....။ ကလေးဆိုတော့ ဘာရယ်မဟုတ် အိုးပုတ်ကစားသလိုပဲ စိတ်ထဲ ခံစားပြီး ကြည့်တာ....။ အဖွားလုံက ကွမ်းအစ်ကြီးကို အရှေ့ချ ကွမ်းရွက်ကို လက်ဝါးပေါ်ဖြန့် ထုံးထည့် ရှားစေးကျတော့ ကွမ်းယာဆိုင်ကလို အရည်နဲ့မဟုတ်ဘူး ....။ ကျွန်မတို့အိမ်မှာရောင်းတဲ့ ရှားစေးက အလုံးလေးတွေလုပ်ထားတာ...။ အဖွားလုံက ရှားစေခဲလေးတွေဖြစ်အောင် သေးသေးစိပ်စိပ်လေးတွေလုပ်ထားတာထည့် ကွမ်းသီးညှပ်ထားတာလေးတွေထည့်ပြီး ပါးစပ်ထဲထည့်ဝါးလိုက်တာ....။ ကွမ်းတွေဝါးပြီးလို့ ကုန်ပြီဆို အမျှင်လေးတွေလုပ်ထားတဲ့ ဆေးရွက်ကြီးကို လက်မနဲ့ လက်ညှိုးမှာညှပ်ပြီး သွားတွေကို တိုက်နေတော့တာ....။ ဘာအတွက် အဲလိုလုပ်ရတယ်ဆိုတာ ကျွန်မနားမလည်ခဲ့ဘူး...။ အဖွားလုံသွားတွေကတော့ မဲပြောင်လို့ရယ်....။

အဖွားလုံရဲ့ မီးဖိုချောင်နဲ့ ရှမ်းဟင်းလေးတွေအကြောင်းလဲ နဲနဲပြောပြချင်သေးတယ်....။ အဖွားလုံတို့မီးဖိုက သစ်လုံအခြမ်းတွေကို လေးဒေါင့်စပ်စပ် အကာအရံလုပ်ထားပြီး အထဲမှာ မြေနီတွေကို ဖြန့်ခင်း အဲဒီပေါ်မှာမှ အုတ်ခဲတွေနဲ့ သုံးမြှောင့်ပုံ ဖိုခနောက်လုပ်ပြီး ထင်းမီးနဲ့ ကောက်ညှင်းပေါင်း ဟင်းတွေချက်ကြတာ...။ ထင်းမီးခိုးတွေကြောင့် မျက်နှာကျက်နဲ့ ဝါးထရံတွေမှာ ကျပ်ခိုးတွေအပြည့်နဲ့ပေါ့...။ မီးဖိုထုတ်တန်းတွေပေါ်မှာလည်း ကြက်သွန်ဖြူနီတွေကို အစည်းလိုက် ချိပ်ဆွဲထားသေးတယ်...။ အိမ်ကြမ်းခင်းက ဝါးကပ်နဲ့ဆိုတော့ လမ်းလျှောက်ရင် ဂျိုးဂျိုးဂျွပ်ဂျွပ်နဲ့ပေါ့....။ အဖွားလုံတို့က မနက် နေ့လည် ညနေစာကို ထမင်းသိပ်မစားကြဘူး ထမင်းအစားကောက်ညှင်းပေါင်းကိုပဲ ဟင်းနဲ့စားကြတယ်.....။ မနက်အာရုံမတက်ခင်ကတည်းက မီးမွှေးပြီး ညကစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ဝါးပေါင်းအိုး ပေါင်းချောင်ထဲထည့်ပြီး အရင်ပေါင်းတယ်....။ ထင်းမီးပြာပူအောက်ထဲ ကြက်သွန်ဖြူ ကြက်သွန်နီဉတွေထည့်ထား ငရုတ်သီးစိမ်းတောင့်ကြီးတွေကို သီတံနဲ့ မီးနဲတဲ့နေရာမှာ ကင်ထားလိုက်တယ်....။ အဲဒီကင်ထားတဲ့သုံးမျိုးကို သစ်သားဆုံထဲထည့်ထောင်း အရသာ ဆားအချို့မှုန့်ခတ်ပြီး နံနံပင်လေးပါထည့်ထောင်းပြီး ပန်းကန်ထဲခတ်ထားလိုက်တယ်....။ အဲဒါ ရှမ်းငရုတ်သီးထောင်း...။  ချောင်းထဲကရတဲ့ ငါးသေးသေးလေးတွေကို ရေဆေး ဆား နနွင်း ငရုတ်သီး ရှမ်းနံနံ ပင်စိမ်း စပါးလင်တွေထောင်းထားတာ ထည့်နယ်ပြီး ငှက်ပျောဖက်ရွက်နဲ့ထုပ် ပြာပူအောက်မှာပဲ အုန်းထားလိုက်တယ်....။  ကောက်ညှင်းပေါင်းရတော့ အဲဒီဖက်နံ့လေးသင်းနေတဲ့ငါးအုန်းနဲ့ ငရုတ်သီးထောင်းစပ်စပ်လေးနဲ့စားကြတယ်....။ တခါတလေ ပဲပုပ် ငရုတ်သီးထောင်းပြီး ခတ်ထားတဲ့ ရေနွေးဆူဆူအိုးထဲ အရွက်စိမ်းပေါင်းစုံ ခတ်သောက်ကြတဲ့ ဟင်းချိုအရည်သောက်လေးနဲ့လည်း စားကြတယ်....။ ကျွန်မကတော့ အဖွားလုံဆီသွားရင် အမြဲတမ်း ထမင်းစားပြီးမှပြန်တယ်...။

ဆောင်းတွင်းရောက်လို့ မုန်ညင်းရွက်ပေါတဲ့ ချိန်ဆို မကျည်းသီးမှည့် ခရမ်းချဉ်သီး ကြံသကာတို့နဲ့ထည့်ချက်ရတဲ့ မုန်ညင်းစောလုပ်စားတတ်ကြတယ်....။ မုန်ညင်းစောလေးခပ်စားလိုက် ငရုတ်သီးခြောက်မီးကင်လေးတစ်ကိုက်ကိုက်လိုက် ကောက်ညှင်းပူပူလေးတစ်လုတ် ပါးစပ်ထဲထည့်လိုက်နဲ့  ချဉ်ချဉ်စပ်စပ် ရှူးရှူးရှဲရှဲလေးစားကြတာ....။  ကျွန်မမှတ်မိသလောက်တော့ အဖွားလုံတို့အိမ်မှာ ငါးကလေးနဲ့ တခါတလေ ငါးဉ ငှက်ပျောဖက်အုန်းနဲ့ ဟင်းသီးဟင်းရွက်တွေပဲချက်စားတာများတယ် ကြက် ဝက် စားတာသိပ်မတွေ့ရဘူး....။ ရွာမှာ အလှူရှိတော့မှာ ကြက်သား ဝက်သားကို အဝစားကြရတာလေ.....။ အဲတုန်းက ခုခေတ်လို အသားတွေက ဈေးထဲ ပေါပေါလောလောမရဘူးလေ.....။ အဲ...ဝက်သားရရင်တော့ ဒီလိုလေးလုပ်စားတတ်ကြတယ်..... ။ ဝက်သားကို ပါးပါးရှည်ရှည်လေးတွေလှီးပြီး ဂျင်းထောင်းထားတဲ့အရည်ညှစ်ထည့် ဆားအချိုမှုန့်နယ်...ခနနှပ်ထားပြီး  မီးငွေ့ငွေ့မှာကင်လိုက်တယ်...။ အဲဒီကင်ထားတဲ့ အသားကို စားခါနီး ရေနွေးဆူဆူးပေါင်းအိုးနဲ့ ပြန်ပေါင်းပြီး ကောက်ညှင်းနဲ့စားကြတယ်...။ အသားလေးက နူးအိပြီး မီးကင်ထားတဲ့အနံ့လေးမွှေးမွှေးနဲ့ စားလို့သိပ်ကောင်းတယ်...။ ရှမ်းလို ''နေ့ရောင်း''လို့ခေါ်တယ်....။

တကယ်တော့ အဖွားလုံတို့က ဆင်းရဲတယ် တနေ့လုပ်တစ်နေ့စားရတာ...။ မနက်ဈေးရောင်းပြီးရင် ကျွန်မတို့အဖွားကုန်ဆုံဆိုင်က ဆား အချိုမှုန့် နနွင်းမှုန့်ထုပ်တွေကို ကူထုပ်ပေး မီးကူတို့ပေးတယ်....။ အိမ်ကအဖွားညော င်းရင် နှိပ်ပေးရတာ အဖွားလုံပဲ.....။ အဖွားပြောတော့ အဖွားလုံက လက်ပေါက်တယ် အနှိပ်ကျွမ်းကျင်အဆင့်ပေါ့....။ ကျွန်မတို့ အိမ် ဗီဒီယိုရုံပြပြီးသွားရင် ရုံထဲက နေကြာစေ့အခွံတွေ အမှိုက်တွေကို အဖွားလုံက လှဲကျင်းပေးရတယ်....။ အဲဒီအတွက် ကျွန်မတို့အဖွားက အဖွားလုံကို စားစရာတေွ အဝတ်တွေ မုန့်ဖိုးတွေပေးတတ်တယ်...။ အဖွားလုံတို့က ဂုံရှမ်းလူမျိုးတွေ....။ ဂုံရှမ်းလူမျိုးက ခွဲခြားရတာလွယ်တယ်....။ နောက်ပြီး သူတို့ပြောတဲ့ ရှမ်းလေသံက တစ်မျိုးလေး နားထောင်လို့ကောင်းတယ်....။

အဖွားလုံက ဝါတွင်းသုံးလဆို ဘုန်ကြီးကျောင်းမှာ ဝတ်ဖြူစင်ကြယ်နဲ့သွားပြီး သီလယူ ဉပုသ်စောင့်တယ် ဘုန်းကြီးကျောင်းမှာ တစ်ညအိပ်ပြီး တရားထိုင်တယ်...။ အဲလိုနေ့မျိုးဆို အိမ်က အိမ်သားတွေက ဉပုသ်သည် အဖိုးဖွားတွေအတွက် ၁၂နာရီမကျော်ခင် ထမင်းဟင်းတွေကို ကြိမ်ဒေါင်းလန်းကြီးပေါ်မှာတင်ပြီး ဘုန်းကြီးကျောင်းသွားပို့ကြတယ်....။ ဘုန်းကြီးကျောင်း ဘုရားရှိခိုးခန်းမဆောင်ထဲ ဉပုသ်ယူထားတဲ့ အဖိုးအဖွားတွေ တန်းစီပြီး အိပ်ရတယ်...။ အဖွားလုံကို ကျွန်မရန်ကုန်ကျောင်းသွားတက်တော့မတွေ့ရတော့ဘူး...။ အဖွားလုံဆီကိုတော့ လူကြုံရှိရင် စားစရာတွေ မင်းသားမင်းသမီးပုံပါတဲ့ ပြက္ခဒိန်တွေ ဝယ်ပို့ပေးတတ်တယ်...။ အဖွားလုံက သူအခန်းဝါးထရံလေမတိုးအောင်ကပ်ကပ်ထားတာ....။ ဆောင်းဆို လေအေးတွေတိုးတော့ အိပ်မရဘူးပေါ့....။

ဆောင်းမနက်ခင်းတွေမှာဆို ကျွန်မတို့အိမ်ရှေ့က ကုက္ကိုရွက်ကြွေတွေကို တံမြက်စည်းစုလှဲ သစ်ရွက်ခြောက်တွေကို မီးရှို့နေတတ်တဲ့ ခြေထူထူစွပ်ပြီး သိုးမွှေအနွေးထည်ခပ်နွမ်းနွမ်းနှစ်ထပ်ဝတ် ခေါင်းပေါင်းထားတတ်တဲ့အဖွားလုံကိုတွေ့ရတတ်တယ်....။ ဈေးရောင်းရင်းနဲ့လည်း ကျွန်မမောင်လေးတွေကို အားရင်အားသလို လာထိန်းပေးတတ်သေးတယ်....။ ကျွန်မဆယ်တန်းဖြေပြီးလို့ အိမ်ပြန်တော့ အဖွားလုံ ကျန်းမာရေးက တော်တော်ဆိုးနေပြီ....။ ကျောက်ကပ်လို့ပြောကြတာပဲ မျက်နှာတစ်ခုလုံး အမ်းနေတာ.....။  အဲလိုရောင်အမ်းပြီး အောက်ပိုင်းထိရောက်သွားရင် အသက်ပါပါသွားရောလို့ လူကြီးတွေက ပြောကြတယ်..... ။ တကယ်လဲ အဖွားလုံ သိပ်မနေလိုက်ရဘူး သုံးလေးရက်မှာပဲ ဆုံးသွားရှာတယ်....။

အသုဘချတော့ တာလေသင်္ချိုင်းက အရင်နေရာမဟုတ်တော့ဘူး.....။  အရင်က ရွာထိပ်ရောက်ရင် ဘယ်ဘက်ချိုးလိုက်တာနဲ့ တာလေတောင်ကုန်းစေတီ မိုးဖြတ် ကျိုင်းတုံအဝေးပြေးလမ်းနဲ့ ချောင်းစပ်ကြားက တောအုပ်လေးထဲမှာပါ....။ ခုတော့ နဲနဲထပ်သွားလိုက်ရင် နတ်ပေါင်းစုံရှိတဲ့ နတ်နန်းရောက်ရင် ညာဖက်တောအုပ်ထဲကို ချိုးဝင်သွားတဲ့လမ်းကလေး သင်္ချိုင်းအသစ်က အထဲကို တော်တော်ဝင်ရတာ..... ။ အဖွားလုံအသုဘပို့တော့ မိုးတွင်းကြီး  မြေလမ်းတွေလဲ ဒူးလောက်ရွှံ့တွေထူနေတယ်.....ကျွန်မတို့ ထောလဂျီနဲ့သွားကြရတာ....။ ကျွန်မငယ်လေးကတည်းက အဖွားအရင်းတစ်ယောက်လို ချစ်ခင်ရတဲ့ အဖွားလုံရဲ့နောက်ဆုံးခရီးကို ကိုယ်တိုင်လိုက်ပို့ခွင့်ရတဲ့အတွက် အဲဒီတုန်းကထက် ခုပြန်တွေးကြည့်တော့ တော်တော်လေးကျေနပ်မိတယ်...။ အဝတ်ဖြူဝတ်ထားတဲ့ အဖွားလုံ ခန္ဓာကိုယ်ပေါ်ကို ထင်းတွေပုံလိုက်ကြတယ်....။ မီးသဂြိုလ်တော့ ကျွန်မမကြည့်တော့ဘူး ပြန်လာလိုက်တယ်.....။ ရှမ်းပြည်မှာက များသောအားဖြင့် ဂူသွင်းကြတာများတယ်....။ အဖွားလုံ ကောင်းမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ဒီပို့နဲ့အတူ ထပ်ပြီးဆုတောင်းလိုက်ပါတယ်....။


အဲတုန်းက ကော်မန့်တွေကတော့....

မောင်ဘုန်း  said (25.1.2012)
ရှမ်းရိုးရာဟင်းတွေကို အများကြီးမှတ်သားလိုက်ရတဲ့အတွက် ကျေးဇူးပါအစ်မရေ...
ငါးဒုက္ခကတော့ နမ့်ဆန်ရောက်တုန်းက  စားခဲ့ဖူးတယ်ဗျ မျှစ်ဒုက္ခဆိုတာကတော့ ခုမှသိတာ သူလဲ ငါးဒုက္ခလိုပဲနေမှာနော်...

ပျိုးယုဝသုန်  said (25.1.2012)
ဘာမှန်းမသိကို လွမ်းမိသလိုပဲ မီးမီးရေ....အရင်ငယ်ငယ်တုန်းကလိုပဲ စာလေးတွေကဖတ်ရတာ လူပါပါသွားတယ် နောက်တစ်ပုဒ်ကိုစောင့်နေမယ်နော်....

နေ၀သန်  said (25.1.2012)
:) အစ်မက ရှမ်းမို့လို့ထင်တယ် ရှမ်းလိုပဲပြောသွားတယ်....ဒေသမတူလို့ပဲထင်ပါတယ်နော် ကျွန်တော်တို့ကျတော့ အဘွားကိုနိုင်းလို့ပဲခေါ်တယ် မယ်ထောက်ဆိုတာ အဖွားကြီးလို့ အဓိပ္ပါယ်ရလို့ နဲနဲရိုင်းလို့(ကျွန်တော်တို့ဒေသလောက်ကပဲဖြစ်ပါလိမ့်မယ်) မုန်ညင်းစောနဲ့ ပါအုန်းကတော့ အကြိုက်ပဲ....နောက်အပုဒ်တွေကိုလည်း စောင့်ဖတ်ပါဉီးမယ် အကယ့်အဖြစ်ပျက်လေးကို အက်ဆေးဆန်ဆန်လေးရေးထားတာ ဖတ်လို့ကောင်းတယ်..

ခင်မင်လျက်
နေဝသန်

suly  said (25.1.2012)
မုန်ညှင်းစောပါပါဝင်တဲ့ မိုးငွေ့ရဲ့ လွမ်းချင်းတစ်ပုဒ်ကို ဖတ်သွားပါတယ်....။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

မအိမ်သူ said (25.1.2012)
ငယ်တုန်းအကြောင်းလေးတွေ ပြန်စဉ်းစားကြည့်ရင် တမ်းတစရာတွေချည်းပဲ... ဖတ်လို့ကောင်းလိုက်တာ...။ ဖတ်လို့ကောင်းလိုက်တာ  ဆက်ရေးပါအုံး ရှမ်းစာတွေကိုကြိုက်တယ်...။ မန္တလေးမှာနေတုန်းကတော့ ရှမ်းစာတွေ စားခဲ့ဖူးတယ်....။ ဆယ်တန်းတုန်းက တောင်ကြီးတို့ လားရှိုးတို့ကနေ မန္တလေးမှာ အဆောင်နေပြီးကျောင်းလာတက်တဲ့ ရှမ်းမလေးတွေနဲ့ သူငယ်ချင်းဖြစ်ခဲ့ဖူးတယ်....။ အရမ်းခင်ဖို့ကောင်းတဲ့ သူငယ်ချင်းလေးတွေ သတိရပေမယ့်လဲ အခုတော့ သူတို့တွေလဲ ဘယ်တွေရောက်နေကြတယ်မသိတော့ဘူး....။ မိုးငွေ့ရေ အွန်လိုင်းသိပ်မတက်ဖြစ်တော့ ဘလော့တွေ သိပ်မလည်ဖြစ်ဘူးဖြစ်နေတယ်....။ ဒီနေ့တော့ အကြွေးတွေလာရှင်းသွားပြီနော်....။

ညိမ်းနိုင် said (25.1.2012)
အဖွားလုံချက်တဲ့ ဟင်းတွေက စားချင်စရာလေး အဖွားမိုးရော ချက်တတ်လားဟင် ချက်တတ်ရင် ဧည့်သည်လာလုပ်ချင်လို့ :)) စတာနော် မမိုး ... မမိုးကမှ ၁၂နှစ်အရွယ်က အဖြစ်အပျက်တွေကို ခရေစေ့တွင်းကျမှတ်မိသေး ကျွန်တော်ဖြင့် တစ်ခုမှ မမှတ်မိတော့ဘူးရယ်....

Mon Petit Avator  said (25.1.2012)
Thanks for sharing sis !!

Black Rose said (25.1.2012)
အမမိုးငွေ့
အမရဲ့ငယ်ငယ်ကအကြောင်းလေးတွေကို များများရေးပါဉီးအမ နယ်က ဓလေ့စရိုက်တွေ ရှမ်းဟင်းရှမ်းထမင်းတွေရေးပါအမ ဆက်ရေးပါ အဖွားလုံကိုလဲ မျက်စိထဲမြင်ယောင်ကြည့်သွားပါတယ်အမရေ..။

မဒမ်ကိုး  said (25.1.2012)
စိတ်မကောင်းစရာလေးပဲ မမိုးရေ
ငါးဖိန်းကိုလုပ်တဲ့ ငါးဒုက္ခတော့ မိုင်းယောင်းမိုင်းဖြတ်မှာ နေခဲ့ရတဲ့ သူတစ်ယောက်ဖို့ လွမ်းမိတာအမှန်ပဲ...

ချစ်တဲ့
မဒိုးကန်

Angel Hlaing  said (25.1.2012)
ငယ်ပို့စ်လေးဖတ်ရတာ လွမ်းမောစရာပါလား မမရေ

အလင်းသစ်  said (25.1.2012)
ပြင်ဉီးလွင် လေငွန်အဝိုင်းနားက ရှမ်းထမင်းဆိုင်လေးကို သတိရသွားပြီ တစ်ပွဲ ၁၅၀၀ ဆို ဗိုက်ကိုကားလို့ စာလို့ ကောင်းမှကောင်းပဲ....

ညီရဲသစ်  said (25.1.2012)
အဖွားလုံအတွက် စိတ်မကောင်းဖြစ်မိပါတယ် တကယ်က အဖွားလုံဘဝလေးက ရိုးသားပါတယ်...

နွေတေးရှင်(မင်းဧရာ)  said (24.12.2013)
ဘဝသရုပ်
စုတ်ချက်နိုင်တဲ့ ပန်းချီဆရာ
နင့်မျောစွာထင်ကျန်နေခဲ့တယ်...


မိုးငွေ့

No comments: