Friday, 7 June 2019

အနက်ရောင်မိုးကောင်းကင်.....




တံလျှပ်ရောင်တွေ လက်လက်ထ နေတဲ့ လမ်းမကြီးနဲ့ နေ့ခင်းတစ်ခုမှာ အနက်ရောင်မိုးကောင်းကင် ရှေ့ကနေ ကျွန်မဖြတ်သွားခဲ့တယ်...။ မြင်ကွင်းဟာ ဖြတ်ခနဲ စက္ကန့်ပိုင်းလေးပါပဲ......။

အနက်ရောင်မိုးကောင်းကင်ဆိုပေမယ့် ဆိုင်မျက်နှာစာနဲ့ ဆိုင်းဘုတ်နောက်ခံရော စာသားမှာရော အနက်ရောင်လုံးဝမတွေ့ရပါဘူး...။ အတွေးထဲဝင်လာတာက ဒီကော်ဖီဆိုင်ကလေးရဲ့ရပ်တည်မှု အချိန်ကာလ ...။ ဆယ်စုနှစ်ကျော် တစ်ခုအထိရှိနေပြီဖြစ်တဲ့ ကော်ဖီဆိုင်တစ်ခုမှာ ရက်ပေါင်း နှစ်ရာလောက်ပဲ ပတ်သက်မှုရှိခဲ့ဖူးတဲ့ လူနှစ်ယောက်ရဲ့ ရာဇ၀င်တစ်ခုရှိနေခဲ့တာ အဲဒီလူနှစ်ယောက်က လွဲလို့ ဘယ်သူမှ သိလိုက်မယ်မထင်ဘူး....။

တခါက အဲဒီအနက်ရောင်မိုးကောင်းကင်အောက်မှာ ဆံပင်ကောက်ကွေး မျက်ခုံးထူထူ မျက်လုံးစင်းစင်းနဲ့ ပြုံးလိုက်ရင် ညာဖက်ပါးမှာ ပါးချိုင့်လေးတစ်ခုပါတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆံပင်နွယ်ခွေ မျက်လုံးလက်လက် နှုတ်ခမ်းထူထူနဲ့ကောင်မလေးတစ်ယောက် ဆုံတွေ့ခဲ့ကြဖူးတယ်...။ အဲဒီတုန်းက သူတို့နှစ်ယာက်ရဲ့အနက်ရောင်မိုးကောင်းကင်က ကြယ်မှုန်မွှားလေးတွေလို သူတို့နှစ်ယောက်ရဲ့ မျက်ဝန်းတွေလည်း လင်းလက်တောက်ပနေခဲ့ကြတယ်...။ သူတို့ရဲ့အပြန်အလှန်အပြုံးတွေဟာလည်း သူတို့နှစ်ယာက်သောက်တဲ့ ကော်ဖီခွက်နားက သကြားပွင့်လေးတွေလိုပဲ ချိုမြခဲ့တယ်...။

လင်းလက်တဲ့ကြယ်မှုန်လေးတွေနဲ့အုပ်မိုးပြီး သကြားပွင့်လေးတွေလိုချိုမြတဲ့ ဆုံတွေ့မှု မိနစ်ပိုင်းလေးရဲ့ အမှတ်ရမှုဟာ... နောင်နှစ်ပေါင်းများစွာအထိ တည်တံ့စွာရှိနေခဲ့လိမ့်မယ်လို ဘယ်သူထင်မလဲ...။ အဲဒီလိုရှိနေခဲ့တယ်လို့ သိရအောင်လည်း သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က မှတ်တမ်းတင်မှသာ သိရမှာမဟုတ်လား...။ စာမတွင်နိုင်ခဲ့တဲ့ ကာယကံရှင် နှစ်ဦးနှစ်ယောက်ကလွဲပြီး ဘယ်သူမှ မသိနိုင်ခဲ့တဲ့ ရာဇ၀င်ငယ်လေးတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်များပြားလိုက်မလဲ...။

ဒါကြောင့် အနက်ရောင်မိုးကောင်းကင်အောက်က ရာဇ၀င်ငယ်တစ်ခု မှတ်မှတ်ရရ စာတွင်ကျန်ရစ်ဖို့ ကမ္ဗည်းထိုးခဲ့ပါရစေ...။


မိုးငွေ့

No comments: