Wednesday, 10 April 2019

ပါးချိုင့်.....


သေချာပြုံးလိုက်ရင် သူ့ပါးမှာ ပါးချိုင့်လေးပါတာကို ကျွန်မသတိမထားခဲ့ဖူးဘူး...။ ကော့ပျံနေတတ်တဲ့ နှုတ်ခမ်းနဲ့ သွားစွယ်ဖွေးဖွေးတွေကိုသာ ငေးမောနေမိလို့ဖြစ်မယ်...။ တရိပ်ရိပ်နဲ့ပြန်တွေးကြည့်မှသာ သူပြုံးလိုက်တိုင်း စကားပြောလိုက်တိုင်း ညာဖက်ပါးပြင်မှာ ပါးချိုင့်ပါတာကို မြန်ယောင်လာမိတယ်...။ တကယ်တမ်း ကျွန်မက ယောကျာ်းတစ်ယောက်မှာ ပါးချိုင့်ပါတာကို သိပ်ပြီးသဘောမကျတတ်တဲ့သူ...။ ပါးချိုင့်ဆိုတာ မိန်းကလေးတွေရဲ့ မျက်နှာမှာသာ ကြည့်လို့ ကောင်းပြီး ချစ်စရာကောင်းတယ်လို့မြင်တယ်...။ ဒါကြောင့်မို့ သူ့ပါးချိုင့်ကို ကျွန်မသတိမထားဖြစ်ခဲ့တာ...။ ဟုတ်တယ် သူစိတ်ဆိုးလို့ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်လည်း သူ့ပါးချိုင့်လေး ပေါ်လာတတ်တယ်..။ 

တကယ်ဆို သူ့လိုလူမျိုးဆီမှာ ချစ်စရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ အလှတရား(ပါးချိုင့်)တစ်ခု ရှိမနေသင့်ဘူး...။ ခက်ထန်တဲ့ မျက်ခုံးနဲ့ မျက်လုံးတွေကြားမှာ ပါးချိုင့်လေးတစ်ခု ပါဝင်ရောနှော မနေသင့်ဘူး....။ ကျွန်မကတော့ သူနဲ့ အဲဒီပါးချိုင့်မလိုက်ဖက်ဘူးလို့မြင်တယ်...။ သူ မထီမဲ့ပြုံးပြုံးတဲ့အခါ သူ့မျက်လုံးတွေဟာ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လို ပြီးတော့ သူ့နှုတ်ခမ်းတွေက ပိုပြီးပါးလွှာကျယ်ပြန့်သွားကြတဲ့အချိန်မှာ ပါးချိုင့်လေးဟာ ဘယ်လိုမှ မလှနိုင်တော့ဘဲ တိမ်မြှုပ်နေရမှာ....။ ကျွန်မသူ့မျက်နှာကို ဘယ်ချိန်မှာ သဘောကျသလဲဆို သူခပ်တည်တည်ကြည်ကြည်နဲ့ နှုတ်ခမ်းစေ့ထားတဲ့အခါ သူမျက်ဝန်းတွေဟာ ညှို့ယောင်သန်းလာကြတဲ့အချိန် သွားစွယ်တွေ ပေါ်ရုံလေးပြုံးတဲ့အချိန်... စီးကရက်တစ်လိပ်ကို ဇိမ်ပြေနပြေနဲ့ မျက်လုံးတွေမှးစင်းပြီး ရှိုက်လိုက်တဲ့အချိန်....။

ဟုတ်တယ် ပြန်တွေးကြည့်တော့ သူ ကျွန်မကို မကျေနပ်တဲ့အခါ မဲ့ပြုံးပြုံးလိုက်ရင် ပါးချိုင့်ပေါ်လာတတ်တယ်...။ သူ ကျွန်မကို ချစ်ခင်မြတ်နိုးစိတ်နဲ့ တောက်တောက်ပပ ကြည့်တဲ့အခါကျရင်လည်း သူ့ပါးချိုင့်ပေါ်လာတတ်တယ်...။ အထူးသဖြင့် ပါးချိုင့်တစ်ခုဟာ အရပ်အမောင်းနဲ့မဆိုင်ပေမယ့် ရှည်ကိုင်းကိုင်းအရပ်နဲ့ အမြဲတစေ ရုန့်ရင်းဆန်ပြီး သွေးဆူနေတတ်တဲ့ လောကကြီးကို အမြဲမကျေနပ်နေတဲ့ လူငယ်တစ်ယောက်ဆီမှာ မွေးရာပါရှိနေတာကိုက အံ့သြစရာ..။


မိုးငွေ့


No comments: