Tuesday, 22 January 2019

ရင်ခုန်သံတိမ်းသစ်.....





ကျွန်မ စာအုပ်ဗီဒိုလေးကိုရှင်းလင်းတဲ့အချိန်မှာ စာအိတ်ကလေးတွေကိုပြန်ဖွင့်ဖောက်ဖတ်မိတယ်...။ စာအုပ်ဗီဒိုရှင်းတိုင်း ဖတ်ဖြစ်တဲ့စာတွေဖြစ်ပေမယ့် ဖတ်ခဲ့တဲ့အကြိမ်တိုင်း ကျွန်မကို ရင်ခုန်သံအသစ်တွေ ပေးစွမ်းနေတတ်တုန်း...။ နှလုံးသားကို တိမ်းညွှတ်ယိမ်းယိုင်စေတုန်း..။

စာအိတ်ကလေးတွေက ကောင်လေးနဲ့ ကောင်မလေး ချစ်သူစုံတွဲပုံ ဂျပန်ကာတွန်းရုပ်လေးတွေ ကြောင်ကလေးတွေ လိပ်ပြာကလေးတွေ ပန်းပွင့်လေးတွေပါတဲ့ အညိုရောင် ပန်းနုရောင် အစိမ်းနုရောင် စာအိတ်ကလေးတွေ...။ သူ့ရဲ့ ခပ်သော့သော့ လက်ရေးတွေကို ဖတ်ရတာ အသစ်ဖြစ်နေတုန်း...။

စာတစ်စောင်မှာတော့ အနီရောင်ခြယ်ထားပြီး ခဲခြစ်ထားတဲ့ သူကိုယ်တိုင်ဆွဲထားခဲ့တဲ့ ကျွန်မရဲ့သိုင်းကြိုးဒေါက်ဖိနပ်လေး...။ သေချာကြည့်ရင် ဖိနပ်တစ်ဖက်က သဲကြိုးလေး ပြတ်နေလိမ့်မယ်...။ ဟုတ်တယ် အဲဒီနေ့ညနေက ကျွန်မကို သူလာကြိုရင်း မိုးကလည်း ရုပ်တရက် သည်းလိုက်တဲ့အချိန်... ကျွန်မတို့နှစ်ယောက် ထီးတစ်ချောင်းအောက်မှာ မိုးခိုဖို့ ပြေးလွှားရင်း ကျွန်မစီးထားတဲ့ အနီရောင်သိုင်းကြိုးဖိနပ်ရဲ့ ဘယ်ဖက်ဖိနပ်လေးပြတ်သွားခဲ့တယ်...။ တကယ်ဆို ဖိနပ်က သိုင်းကြိုးနဲ့မို့ အရှေ့က ခေါင်သဲကြိုးပြတ်သွားပေမယ့် ထိန်းစီးလို့ရပါသေးတယ်...။ ဒါပေမယ့် သူက ကျွန်မကို ဖိနပ်အတင်းချွတ်ပေးပြီး ခြေဗလာနဲ့ ကျွန်မက ကျွန်မခြေဖနောင့်ထက် တစ်လက်မလောက် ထွက်နေတဲ့ သူ့ရဲ့မန္တလေးဖိနပ်ကို စီးလိုက်ရတယ်...။ ပြတ်သွားတဲ့ သိုင်းကြိုးဖိနပ်ကို လက်ကကိုင်ထားရင် အရှေ့နား သိပ်မဝေးတော့တဲ့ ဖိနပ်ဆိုင်ကိုရောက်တော့ ကျွန်မက အညိုရောင်ခြေညှပ်သဲကြိုးအဖြူနဲ့ သရေစိမ်းဖိနပ်တစ်ရံ ၀ယ်စီးလိုက်တယ်...။ ဖိနပ်ဖိုးကို သူရှင်းပေးခဲ့လိုက်တယ်...။  အဲဒီကစပြီး ကျွန်မတို့ နှစ်ယောက်ရဲ့  ပတ်သက်မှုတွေဆီကို ကံမကောင်းခြင်းတွေ တစတစ တိုးဝင်လာခဲ့တယ်...။

ဖိနပ်လက်ဆောင်ပေးတာ ချစ်သူစုံတွဲတွေကို ကွေကွင်းစေတယ်ဆိုတဲ့ ဆိုရိုးကို ကျွန်မရော သူရော အယုံအကြည်မရှိခဲ့ကြဘူး...။ ဒါပေမယ့် အချိန်ကျရောက်လာတဲ့အခါ ကျွန်မတို့နှစ်ယောက် ကွဲကွာသွားခဲ့ကြရတယ်...။ ဖိနပ်ကြောင့်လို့ ကျွန်မတို့ ယိုးမယ်မဖွဲ့ခဲ့ကြပါဘူး....။ ကံတရားကြောင့်... ဟုတ်တယ် ကံတရားကြောင့်သာ ကျွန်မတို့ကွဲကွာသွားခဲ့တာပါ...။ ကံဆိုတာလည်း လူကလုပ်တာပဲ မဟုတ်လား...။

သူဆွဲထားတဲ့ ဖိနပ်ပုံလေးရဲ့အောက်နားကို မျက်ရည်စက် ပေါက်ခနဲကျပြီး စွန်းထင်းသွားခဲ့တယ်...။ ကျွန်မ ကိုယ်ဘာသာကို လန့်ဖျတ်ယာင်ယမ်းပြီး ပါးပြင်ပေါ်ကမျက်ရည်စက်ကို ကမန်းကတန်း သုတ်လိုက်မိတယ်..။ စာရွက်ပေါ်က မျက်ရည်စကတော့ စာရွက်သားထဲကို စိမ့်ဝင်သွားခဲ့ပြီ...။ မျက်ရည်စက် ခြောက်သွေ့သွားခဲ့ရင် မျက်ရည်ကွက်အရာလေး ကျန်ခဲ့လိမ့်မယ်...။ ဘယ်တော့မှ ပြန်ဖျက်ပစ်လို့ မရတော့တဲ့ သမိုင်းတစ်ခု...။

စာရွက်လေးကိုအသာပြန်ခေါက်ပြီး စာအိတ်ထဲကိုထည့်လိုက်တယ်...။ ပန်းနုရောင်စာအိတ်လေးကို ကျွန်မထပ်ဖွင့်ကြည့်မိတယ်...။ “ကိုယ့်ကို ထားမသွားပါနဲ့ ကိုယ်တောင်းပန်ပါတယ် မင်းမရှိရင် ကိုယ်နေတတ်မှာမဟုတ်ဘူး” သူ့လက်ရေးတွေက အခါတိုင်းထက်ပိုပြီးသော့နေသေးတယ်....။ စာထဲမှာ တမ်းတမှုတွေက နင့်နင့်နဲနဲ...။ သူ့နှုတ်ဖျားက စကားသံတွေကို ပြန်ကြားယောင်လာမိတယ်...။ လှေခါးရင်းနားမှာ ကျွန်မကိုတင်းတင်းကျပ်ကျပ်ဖက်ပြီး သူငိုခဲ့တဲ့နေ့တစ်နေ့....။ မျက်ဝန်းမှာ ရိပ်ခနဲ မှုန်ဝါးလာလို့ စာကိုဆက်မဖတ်ဖြစ်တော့ဘဲ ပြူတင်းမှန်အပြင်ဖက်ကို ကြည့်နေလိုက်တယ်.....။ ဒီနေ့ကျမှ ရာသီဥတုက အုံ့မှိုင်းနေလိုက်တာ...။ သစ်ပင်အစိမ်းရောင်တွေလည်း မီးခိုးရောင် တိမ်တွေလည်းမီးခိုးရောင် တိုက်တာအဆောက်အအုံတွေကလည်း အဖြူနဲ့မီးခိုးတွေ....။ ကျွန်မက အသုံးအဆောင် အ၀တ်အစားတွေဆိုရင် မီးခိုးရောင်ကြိုက်လေ့မရှိဘူး ဒါပေမယ့် ပတ်ဝန်းကျင်အရောင် ဒီလိုဖြစ်နေတာကိုတော့ ကျွန်မကြိုက်တယ်..။ စိတ်တွေကို နစ်မျောဆွဲဆောင်သိမ်းသွင်းတဲ့အရောင် ယစ်မူးရီဝေစေတဲ့အရောင်.... ခံစားမှုပေးနိုင်လွန်းတဲ့အရောင်.....။

ကျန်တဲ့ စာအိတ်တွေကို ထပ်ပြီးဖေါက်ဖတ်ဖို့ မစွမ်းတော့တာနဲ့ ကျွန်မစက္ကူသေတ္တာငယ်လေး တစ်ခုထဲကို စုပြီးထည့်လိုက်တယ်...။ သေတ္တာလေးမပိတ်ခင်မှာ စာအိတ်ပေါ်က သူ့လက်ရေးလေးတွေ ကျွန်မမျက်ဝန်းမှာ ပုံရိပ်ထင်ကျန်ခဲ့တယ်...။

ရင်ခုန်သံတွေက တိမ်းသစ်........

မိုးငွေ့


No comments: