မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Saturday, 14 July 2018

ညမိုးသည်း.....



ကျွန်မ မျက်နှာပေါ်မှာ မိုးရေတွေနဲ့မျက်ရည်ပူတွေ ရောယှက်လို့ ..။ မိုးစက်မိုးပေါက်တွေလာရာ မိုးကောင်းကင်ကို မျက်နှာမူထားလို့လား... ကျွန်မပါးပြင်ပေါ်ကို မိုးစက်ပွင့်တွေက ခုန်ပေါက် ကျလာလိုက်ကြတာ...။  မိုးစက်လေးတွေဟာ ကျွန်မမျက်ရည်တွေကို ဆေးကြောပေးဖို့လား သောကတွေကို ငြိမ်းသတ်ပေးချင်လို့များလား...။ မျက်လုံးစုံမှိတ်ထားလို့ ကျွန်မအာရုံထဲမှာ မှောင်မိုက်မှုတွေက အတိ...။

ဘယ်လောက်ကြာနေခဲ့ပြီလဲ ကျွန်မဒီမိုးရေထဲမှာ ခြေစုံရပ်နေခဲ့တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ...?

နောက်တော့ ကျွန်မကျောပြင်ဖက်ကနေ တစ်ခုခုနဲ့လွှမ်းခြုံလိုက်တာကို ခံလိုက်ရတယ်...။ နောက်ကျောဆီကနေ တစ်စုံတစ်ယောက်က ကျွန်မကို နွေးထွေးသွားအောင် ခပ်တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်...။ ကျွန်မဘယ်ဖက်ပါးပြင်ကို ထွက်သက်ငွေ့နွေးနွေးနဲ့အတူ အေးစက်တဲ့ နှုတ်ခမ်းတစ်စုံရဲ့အထိတွေ့...။ သူပဲဖြစ်မယ်ဆိုတာ သိနေနင့်ခဲ့လို့ ကျွန်မ မရုန်းခဲ့တာလား...။ ဟုတ်တယ်...... ပိုသေချာသွားတာက ကျွန်မ နားနားကို သူခပ်တိုးတိုးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်..။ “မင်းကို ကိုယ်ပြောခဲ့သားပဲ မင်းလုပ်ရပ်တွေက သူ့အတွက်တစ်သက်လုံး နိုင်ကွက်ဖြစ်သွားလိမ့်မယ်လို့”  ပြီးတော့ ကျွန်မကို သူပြောခဲ့ဖူးတဲ့စကားတစ်ခု သူဖြစ်ချင်ခဲ့တဲ့ဆန္ဒ ခုမှ အကောင်ထည်ဖော်လိုက်တာ...။ “ကိုယ်လေ တခါတခါကျရင် မင်းကို နောက်ကျောကနေ အကြာကြီးပွေ့ဖက်ထားချင်မိတာ ” လို့ပြောခဲ့ပြီး သူကျွန်မကို ခုမှ ပထမဦးဆုံး ပွေ့ဖက်ခဲ့ဖူးတာ...။ ကျွန်မကို ဖက်ထားရင်းက သူ့ညာဖက်လက်ဖ၀ါးနဲ့ ကျွန်မရဲ့ ဘယ်ဖက်ပါးပြင်ကိုအုပ်မိုး ပွတ်သပ်လိုက်တယ်...။ ကျွန်မပါးပြင်တွေ အေးခဲထုံကျင်နေမှာပဲ...။ သူ့လက်ဖ၀ါးကတော့ နွေးထွေးလိုက်တာ..။ “မင်း အအေးပတ်ပြီး နေမကောင်းဖြစ်လိမ့်မယ်.. လာ....ကိုယ်နဲ့လိုက်ခဲ့ အ၀တ်အစားလဲပြီး ကော်ဖီပူပူတစ်ခွက် သောက်လိုက်” လို့ပြောပြီး ကျွန်မခန္ဓာကိုယ်ကို သူ့ဖက်လှည့်လိုက်တယ်...။ မိုးရေတွေနဲ့အတူ ကျွန်မပါးပြင်ပေါ် လှိမ့်ဆင်းနေတဲ့ မျက်ရည်စီးကြောင်းတွေကို သူ့လက်ချောင်းတွေနဲ့ သုတ်ပေးနေသေးတယ်...။ ကျွန်မကိုယ်ပေါ်က သူဝတ်နေကျ ဂျင်းဂျက်ကက်လည်း စိုရွှဲလို့...သူဝတ်ထားတဲ့ နို့စိမ်းရောင် ရှပ်လက်ရှည်ကလည်း မိုးတွေစိုလို့...။ မိုးရေစိုကပ်နေကြတဲ့ မျက်တောင်ရှည်ရှည်တွေ ၀န်းရံထားတဲ့  ဗာဒံစေ့ပုံမျက်လုံးမှေးစင်းစင်းတွေနဲ့ ကျွန်မကို သူ့သွားစွယ်လေးတွေ ပေါ်အောင်ပြုံးပြတယ်...။ ကျွန်မကို အားပေးလိုက်တဲ့ အပြုံးတစ်ခုမှန်း ကျွန်မခံစားသိရှိလိုက်ရတယ်...။ ကျွန်မ ခြေဖျားထောက်ပြီး သူ့လည်ကုတ်ကို လက်နှစ်ဖက်နဲ့ ရစ်သိုင်းပြီး အားရပါးရ ဖက်ထားလိုက်မိတယ်...။ ကျွန်မကို စိတ်ခွန်အားတွေပေးတဲ့အတွက် သိပ်ကိုကျေးဇူးတင်တာပဲ...။ သူက ကျွန်မကျောပြင်ကို ပွတ်သပ်လို့...။

ဒီညဟာ မိုးသည်းပေမယ့် ကျွန်မကို ကော်ဖီပူပူလေးတစ်ခွက်နဲ့ နွေးထွေးနှစ်သိမ့်ပေးတဲ့ သူ့ကို ကျွန်မတစ်သက်မေ့လို့ရမယ်မထင်တော့ဘူး...။ ဒီညဟာ...မိုးသည်းပေမယ့် လေပြင်းတွေ တိုက်ခတ်နေပေမယ့် ကျွန်မဘာကိုမှ မကြောက်တော့ဘူး... အဲဒါအသေချာဆုံးပဲ...။

မိုးငွေ့


No comments: