မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 30 July 2018

ချစ်သူရဲ့ခြုံလွှာ.....



ဆရာမဂျူး စာအုပ်အသစ်မထွက်တာကြာပေါ့....။  ဒီစာအုပ်လေးကို Ariel Thuta ရဲ့ Instagram မှာ (အောက်ကပုံ)တင်ထားတာတွေ့တော့မှ ဟာ.... ဆရာမဂျူး စာအုပ်အသစ်ထွက်တာပဲ ဆိုပြီး ၀မ်းသာအားရနဲ့ အဲဒီနေ့က ဦးထွန်းလင်းခြံလမ်းရောက်တော့ စာပေလောက၊ အင်းဝ အဲဆိုင်တွေမှာသွားရှာတာ စာအုပ်ကုန်နေတယ်ချည်းပဲ ဖြေလွှတ်ကြတယ်..။ ဒါနဲ့ လှည်းတန်းစင်တာက စီးတီးမတ်ကိုထပ်ရောက်တော့ စီးတီးမတ်စာအုပ်အသစ်တန်းက စာအုပ်စင်ပေါ်မှာ အများကြီးတွေ့လိုက်လို့ ၀မ်းသာအားရနဲ့ဝယ်လာခဲ့တယ်...။

ဆရာမဂျူးရဲ့ စတိုင်လ်အတိုင်း စာအုပ်တစ်အုပ်မှာ အသိပညာအတတ်ပညာတစ်ခုခု အသေးစိပ် ထည့်သွင်းရေးသားလေ့ရှိတာ ခုတစ်အုပ်မှာတော့ ရက်ကန်းပညာကို ဇာတ်လမ်းဖွဲ့ပြီး ရေးထားတာဖြစ်ပါတယ်...။ ခြုံလွှာဆိုတော့ စိတ်ထဲ ခြုံလွှာတဘက်တစ်ထည်လို့ပဲထင်ထားတာ ...။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကောင်းနဲ့ မြ၀တီဆိုတဲ့ရွာလေးတစ်ခုက ရက်ကန်းသမလေး ရှင်လွန်းမယ်ရဲ့ အနုပညာမြောက်လှတဲ့ ပန်းချီကားတချပ်လို့ထင်ရတဲ့ အရောင်အသွေး မျိုးစုံကို ကစားပြီး ရက်လုပ်ထားတဲ့ သုံးဖက်မြင်ဒီဇိုင်းတွေနဲ့ မင်္ဂလာခြုံစောင်အကြောင်းကို အခြေခံပြီး ရေးထားတာပါ...။ ဒီစာအုပ်ထဲက ခြုံစောင်လေးတွေရဲ့ အမည်တွေကတော့ “ရွှေစံပယ်ခြုံလွှာ” “မိုးစက်သက်တံခြုံလွှာ” နဲ့ “မြသားယမုံခြုံလွှာ” တို့ပဲဖြစ်တယ်...။



Ariel Thuta ရဲ့ Instagram ကပုံကိုယူပါတယ်



ဧရီရယ်သူရဲ့ ပုံလေးထဲက စာအုပ်ကိုသတိမထားမိခင်မှာ ပါတိတ်စားပွဲခင်းလေးကို အရင်မြင်တာပါ...။ မနှစ်က ကျွန်မ မလေးသွားတုန်းက နက်ပြာအောက်ခံနဲ့ အပွင့်အခက်တွေပါတဲ့ ပါတိတ် စားပွဲခင်းလေးတစ်ထည်ဝယ်ခဲ့သေးတယ်...။ သူက စတုရန်းကျတော့ ရှည်မျောမျောထမင်းစားပွဲ တစ်ခုထက် ဧည့်ခန်းထဲက coffee table အတွက်ပဲ သင့်လျော်တယ်...။ ခု ဧရီရယ်သူ တင်ထားတဲ့ ပုံထဲကတော့ ကော်ဖီဆိုင်တစ်ဆိုင်က စားပွဲခင်းလည်းဖြစ်နိုင်တယ်...။ အဖြူခံလေးမို့အပေတော့မခံဘူး ဒါပေမယ့် အပွင့်အခက်တွေနဲ့ အရောင်စပ်ထားတာလေး သိပ်လှတယ်...။ ပြောလက်စနဲ့ ကြော်ငြာဝင်လိုက်ဦးမယ် အခုကျွန်မ အွန်လိုင်းဈေးရောင်းနေတယ်... မလေးက သူငယ်ချင်းနဲ့ချိတ်ပြီး ဟိုက ပစ္စည်းလေးတွေကို ပေ့ခ်ျမထောင်ရသေးလို့ လောလောဆယ်သူငယ်ချင်းက သူ့ဖဘအကောင့်မှာ ဒီတိုင်းရောင်းနေတယ်...။ မလေးရှားပါတိတ် ဇင်းမယ်ဆင်ပါတိတ် အောဂဲနစ်ပန်းပွင့်လက်ဖက်ခြောက် ဖန်ခရားအိုး၊ လက်ဖက်ခြောက်နှပ်ဖန်ခွက်၊ ချွေးပုတ်ထုတ်ရေချိုးဆေး အဲဒါတွေရောင်းတယ်...။ အမှာရှိတာတွေကိုပဲ ၀ယ်ပြီးရောင်းပါတယ်...။ ပစ္စည်းတွေကတော့ တခေါက်နဲ့တခေါက် မတူအောင်လုပ်ထားပါတယ်။ ပါတိတ်လုံချည်တွေနဲ့ ခရားအိုးတွေ ပန်းခြောက်တွေက နှစ်ခေါက်လောက် ရောင်းထားပြီးပြီဆိုတော့ ဒီတခေါက် ပိုက်ဆံအိတ်တွေနဲ့ ပါတိတ်ဆင်ပ၀ါလေးတွေ ပို့မယ်ပြောတယ် အဲဒါလေးတွေ ပို့စ်လာတင်ဦးမယ်နော်..။




ဒါလေးတွေက ဆိုင်တွေမှာနမူနာပြဖို့လက်ကျန်လေးတွေ လိုချင်သူများကိုရောင်းပေးပါတယ်နော်.. ကော်မန့်မှာမှာလို့ရပါတယ်ရှင့် ...။ ပါတိတ်တကွင်းထဲလုံချည် 18000/- ပါ...။ အဆင်လေးနဲ့အရောင်လေးတွေက သိပ်လှပြီးဆန်းပါတယ် ရန်ကုန်မှာဒီလိုအဆင်မျိုး လုံးဝမရနိုင်တာကို အာမခံပါတယ်...း)

မိုးငွေ့


Tuesday, 24 July 2018

Fenty Beauty.....

 


ကျွန်မရဲ့ Crush  Ri Ri ရဲ့  Fenty Beauty by Rihanna ကထုတ်တဲ့ အလှကုန်တွေကို Sephora က ကျွန်မဆီ အီးမေးလ်တွေပို့ကတည်းက လိုချင်နေတာကြာလှပြီ...။ ဒီတစ်ခေါက် ကျွန်မညီမ၀မ်းကွဲ စကာင်္ပူပြန်တော့ ဘာမှာမလဲဆို Fenty Foundation မှာချင်တယ်...။ အရောင်နံပါတ်ကို ကိုယ်ကလက်တွေ့မစမ်းရတော့ ဘယ်နံပါတ်ယူရမှန်းမသိ...။ ဒါနဲ့ ညီမလေးက Bobby Brown မှာတုန်းက ဘယ်နံပါတ်သုံးထားလဲလို့မေးမယ် အဲဒီနံပါတ်နဲ့သူတို့ပြန်ရှာတိုက်လို့ရတယ်တဲ့...။ ကျွန်မက Bobby Brown foundation stick ကို Honey Warm 5.5 သုံးတယ်ဆိုတော့ သူတို့အဲဒီအရောင်နံပါတ်နဲ့ ကိုက်ကြည့်လိုက်တာ Fenty Pro Filt'r soft matte longwear foundation နံပါတ် 330 ထွက်လာပါတယ်...။ အရင် ကျွန်မ အွန်လိုင်းကနေ ဒေါင်းလုတ်ပြီးရွေးကြည့်တုန်းက ဒီပို့စ်မှာ ကျွန်မအသားနဲ့ဆို  Tan 330က ကွက်တိပဲလို့မှန်းပြီးပြောထားခဲ့ဖူးတာနဲ့ တကယ်တိုက်ဆိုင်သွားတယ်...။ အဲဒီအရောင်သိပ်လှတယ် လိမ်းလိုက်တော့ ၀ါညိုညိုညက်ညက်လေး...။ Matte ဖြစ်တော့ အဆီမပျံဘူး မျက်နှာပေါ်မှာ မှုန်မှုန်လေးနဲ့ မိတ်ကပ်သားသိပ်ကောင်းတယ်...။ ကျွန်မက အသားအရေပိုညီသွားအောင် foundation တစ်စက်နဲ့ Vaseline Lotion ရောပြီး လည်ပင်းတို့ လက်တို့မှာလိမ်းပေးတယ်...။ ရွှေဘိုသနပ်ခါးရောင်လေးပေါ့...။







 ပထမက ကျွန်မ Bobby Brown မိတ်ကပ်အရည်ကိုဝယ်မယ်ကြံစည်ထားခဲ့တာ
ဒီအရောင်လေးပေါ့


 ဒါက ကျွန်မအရင်သုံးနေကျ foundation stick

 


Fenty Pro Filt'r soft matte longwear foundation ကို Beauty Blender ဖော့လေးတွေနဲ့ တို့တို့ပြီး လိမ်းရင်ပိုအဆင်ပြေပါတယ်...။ ထိပ်ဝိုင်းအညီ Brush နဲ့လိမ်းလည်းရပါတယ်...။ 

ဒီမိတ်ကပ်က ပုံမှန်ကျွန်မအသားအရေထက်ပိုရင့်တယ်...။ ကျွန်မလက်ကအသားအရောင်နဲ့ တစ်ထပ်တည်းတော့ကျတယ်...။ ဒါကြောင့် မျက်နှာလိမ်းရင် သူများတွေက မျက်နှာဖြူပြီး လည်ပင်းမဲမယ့်အစား ကျွန်မအတွက်တော့ မျက်နှာကအညိုရောင်ထွက်ပြီး လည်ပင်းအသားက ဖြူနေပါတယ်...။ ဒါကြောင့် လည်ပင်းကိုလည်း ခပ်ပါးပါးအရောင်ညီအောင် ပြန်ညှိပေးရတယ်...။


အားလုံး လှပကျန်းမာပျော်ရွှင်တဲ့ ဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ...။


မိုးငွေ့

Saturday, 14 July 2018

ညမိုးသည်း.....



ကျွန်မ မျက်နှာပေါ်မှာ မိုးရေတွေနဲ့မျက်ရည်ပူတွေ ရောယှက်လို့ ..။ မိုးစက်မိုးပေါက်တွေလာရာ မိုးကောင်းကင်ကို မျက်နှာမူထားလို့လား... ကျွန်မပါးပြင်ပေါ်ကို မိုးစက်ပွင့်တွေက ခုန်ပေါက် ကျလာလိုက်ကြတာ...။  မိုးစက်လေးတွေဟာ ကျွန်မမျက်ရည်တွေကို ဆေးကြောပေးဖို့လား သောကတွေကို ငြိမ်းသတ်ပေးချင်လို့များလား...။ မျက်လုံးစုံမှိတ်ထားလို့ ကျွန်မအာရုံထဲမှာ မှောင်မိုက်မှုတွေက အတိ...။

ဘယ်လောက်ကြာနေခဲ့ပြီလဲ ကျွန်မဒီမိုးရေထဲမှာ ခြေစုံရပ်နေခဲ့တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ...?

နောက်တော့ ကျွန်မကျောပြင်ဖက်ကနေ တစ်ခုခုနဲ့လွှမ်းခြုံလိုက်တာကို ခံလိုက်ရတယ်...။ နောက်ကျောဆီကနေ တစ်စုံတစ်ယောက်က ကျွန်မကို နွေးထွေးသွားအောင် ခပ်တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်...။ ကျွန်မဘယ်ဖက်ပါးပြင်ကို ထွက်သက်ငွေ့နွေးနွေးနဲ့အတူ အေးစက်တဲ့ နှုတ်ခမ်းတစ်စုံရဲ့အထိတွေ့...။ သူပဲဖြစ်မယ်ဆိုတာ သိနေနင့်ခဲ့လို့ ကျွန်မ မရုန်းခဲ့တာလား...။ ဟုတ်တယ်...... ပိုသေချာသွားတာက ကျွန်မ နားနားကို သူခပ်တိုးတိုးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့်..။ “မင်းကို ကိုယ်ပြောခဲ့သားပဲ မင်းလုပ်ရပ်တွေက သူ့အတွက်တစ်သက်လုံး နိုင်ကွက်ဖြစ်သွားလိမ့်မယ်လို့”  ပြီးတော့ ကျွန်မကို သူပြောခဲ့ဖူးတဲ့စကားတစ်ခု သူဖြစ်ချင်ခဲ့တဲ့ဆန္ဒ ခုမှ အကောင်ထည်ဖော်လိုက်တာ...။ “ကိုယ်လေ တခါတခါကျရင် မင်းကို နောက်ကျောကနေ အကြာကြီးပွေ့ဖက်ထားချင်မိတာ ” လို့ပြောခဲ့ပြီး သူကျွန်မကို ခုမှ ပထမဦးဆုံး ပွေ့ဖက်ခဲ့ဖူးတာ...။ ကျွန်မကို ဖက်ထားရင်းက သူ့ညာဖက်လက်ဖ၀ါးနဲ့ ကျွန်မရဲ့ ဘယ်ဖက်ပါးပြင်ကိုအုပ်မိုး ပွတ်သပ်လိုက်တယ်...။ ကျွန်မပါးပြင်တွေ အေးခဲထုံကျင်နေမှာပဲ...။ သူ့လက်ဖ၀ါးကတော့ နွေးထွေးလိုက်တာ..။ “မင်း အအေးပတ်ပြီး နေမကောင်းဖြစ်လိမ့်မယ်.. လာ....ကိုယ်နဲ့လိုက်ခဲ့ အ၀တ်အစားလဲပြီး ကော်ဖီပူပူတစ်ခွက် သောက်လိုက်” လို့ပြောပြီး ကျွန်မခန္ဓာကိုယ်ကို သူ့ဖက်လှည့်လိုက်တယ်...။ မိုးရေတွေနဲ့အတူ ကျွန်မပါးပြင်ပေါ် လှိမ့်ဆင်းနေတဲ့ မျက်ရည်စီးကြောင်းတွေကို သူ့လက်ချောင်းတွေနဲ့ သုတ်ပေးနေသေးတယ်...။ ကျွန်မကိုယ်ပေါ်က သူဝတ်နေကျ ဂျင်းဂျက်ကက်လည်း စိုရွှဲလို့...သူဝတ်ထားတဲ့ နို့စိမ်းရောင် ရှပ်လက်ရှည်ကလည်း မိုးတွေစိုလို့...။ မိုးရေစိုကပ်နေကြတဲ့ မျက်တောင်ရှည်ရှည်တွေ ၀န်းရံထားတဲ့  ဗာဒံစေ့ပုံမျက်လုံးမှေးစင်းစင်းတွေနဲ့ ကျွန်မကို သူ့သွားစွယ်လေးတွေ ပေါ်အောင်ပြုံးပြတယ်...။ ကျွန်မကို အားပေးလိုက်တဲ့ အပြုံးတစ်ခုမှန်း ကျွန်မခံစားသိရှိလိုက်ရတယ်...။ ကျွန်မ ခြေဖျားထောက်ပြီး သူ့လည်ကုတ်ကို လက်နှစ်ဖက်နဲ့ ရစ်သိုင်းပြီး အားရပါးရ ဖက်ထားလိုက်မိတယ်...။ ကျွန်မကို စိတ်ခွန်အားတွေပေးတဲ့အတွက် သိပ်ကိုကျေးဇူးတင်တာပဲ...။ သူက ကျွန်မကျောပြင်ကို ပွတ်သပ်လို့...။

ဒီညဟာ မိုးသည်းပေမယ့် ကျွန်မကို ကော်ဖီပူပူလေးတစ်ခွက်နဲ့ နွေးထွေးနှစ်သိမ့်ပေးတဲ့ သူ့ကို ကျွန်မတစ်သက်မေ့လို့ရမယ်မထင်တော့ဘူး...။ ဒီညဟာ...မိုးသည်းပေမယ့် လေပြင်းတွေ တိုက်ခတ်နေပေမယ့် ကျွန်မဘာကိုမှ မကြောက်တော့ဘူး... အဲဒါအသေချာဆုံးပဲ...။

မိုးငွေ့


Sunday, 8 July 2018

မိုးစက်လေး.....



နီနီရဲ့“မာရီယို” အယ်လ်ဘမ်ထဲက “မိုးစက်လေး” ဆိုတဲ့ သီချင်းလေးကလည်း မိုးရွာချိန်မှာ လွမ်းလွမ်းဆွေးဆွေးနဲ့ နားထောင်လို့ကောင်းမယ့် အသဲကွဲသီချင်းလေးတစ်ပုဒ်ပဲ...။ ခုနောက်ပိုင်း နီနီကို The Voice Myanmar မှာ ကြည့်တော့ ပိုပြီးသဘောကျလာတယ်...။ သူ့ Team က လူတွေကို Vocal Training နဲ့ တစ်ယောက်ချင်းဆီရဲ့အသံနဲ့ လိုက်ဖက်မယ့် သီချင်းကိုရွေးပေးတတ်တယ်...။ သူက ကျွန်မရဲ့ ဖေးဘရိတ်အဆိုတော် တစ်ယောက်မဟုတ်ခဲ့ပေမယ့် ခုနောက်ပိုင်းသူ့သီချင်းလေးတွေ နားထောင်ရတာ အမြူးလည်းအမြူး အဆွေးဆိုလည်းအဆွေး သူ့ဟာနဲ့သူ လေးလေးပင်ပင်လေးရှိတယ်လို့ခံစားရတယ်...။ ပြီးတော့ နီနီရဲ့ ဘုရားပေးတဲ့ Gifted အသံကိုကြိုက်တယ်....။ နောက်ပိုင်း သီချင်းတော်တော်များများကို သူကိုယ်တိုင်ရေးတယ်...။ သူအလုပ်လုပ်တာကိုကြိုက်တယ် သီချင်းတစ်ပုဒ်အပေါ်တာဝန်ယူမှုရှိတယ်..။ ဥပမာ MTV တစ်ပုဒ်ကို အစအဆုံးဟာကွက်မရှိအောင် လုပ်ထားတာတွေကိုတွေ့ရတယ်...။ အဆိုင်ပိုင်း စာသား ဖက်ရှင် location ရွေးချယ်မှု ဘာမှပြောစရာမရှိဘူး...။ Stand By Me, U နဲ့ အလကားပဲ တို့လို MTV ရိုက်ချက်လေးတွေက ပေါ့ပေါ့ပါးပါးလေးရှိပြီး စိတ်ချမ်းမြေ့စရာကောင်းတယ်...။

လူတိုင်းမှာ အမှားကိုယ်စီရှိတတ်ကြတယ် ဘ၀မှာထင်ကျန်တဲ့ အမဲစက်ဆိုတာရှိခဲ့ကြတယ်...။ လူတစ်ယောက်ကို ကျွန်မတို့ ဘာလို့ သူ့ကောင်းကွက်လေးတွေကိုပဲ ရွေးပြီးမကြည့်နိုင်ရတာလဲ...။ ကျွန်မကတော့ နီနီ့ရဲ့ အနုပညာကိုလေးစားတယ်...။

မိုးငွေ့

Monday, 2 July 2018

မိုးရာသီတစ်ခုစာအလွမ်းများ(၃).....



တိမ်တွေမီးခိုးရောင်သန်းတဲ့ စနေနေ့…..



သူက ကျွန်မကို ကလေးလေးတဲ့….။ ကျွန်မကသူ့ကို ကိုကိုလို့ခေါ်တယ်…။ တကယ်တမ်းက ကျွန်မထက်သူ နှစ်အများကြီးငယ်တာပါ…။ တိတိကျကျပြောရရင် ဓါတုကလျာနဲ့ နတ်သျှင်နောင်တို့ ကွာခြားတဲ့ အသက်အရွယ်မျိုး...။ ဒါပေမယ့် ကျွန်မကတော့ သူ့အပေါ်ကလေးဆန် ဂျစ်ကျဆိုးတတ်ပြီး သူကတော့ လူကြီးဆန်တဲ့ကလေးပေါ့…။

ကျွန်မတို့နှစ်ယောက်ရဲ့ တွေ့ဆုံပုံက ရုပ်ရှင်ဆန်တယ်…။ ကျွန်မဖိနပ်ပေါက်လို့ သူ့ဖိနပ်လေးချွတ်ပေးပြီး ကူညီခဲ့ရာက စခဲ့တာပါ…။ ကျွန်မတို့နှစ်ယောက်ချစ်သူဖြစ်သွားတော့လဲ မိုးရွာကြီးထဲ ကျွန်မကို သူအိမ်ပြန်လိုက်ပို့တဲ့ ညနေတစ်ခုမှာ ကျွန်မစီးထားတဲ့ သိုင်းကြိုးဖိနပ်အနီကလေး လမ်းလျှောက်နေရင်းနဲ့ ပြတ်သွားခဲ့ပြန်တယ်...။ ဖိနပ်ဇာတ်လမ်းလေးနဲ့ ဆုံတွေ့ကြတာဆိုတော့ ဖိနပ်လေးကိုငုံ့ကြည့် ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်ပြီး ပြုံးရယ် လိုက်မိသေးတယ်..။ ပြီးတော့ သူစီးထားတဲ့ အောကတ္တီပါဖိနပ်ကို အတင်းချွတ်ပေးမယ်လုပ်နေတယ်…။ ဖိနပ်ဆိုင်က ရှေ့နားလေးမှာပဲမို့ ကျွန်မ ဖိနပ်ပြတ်ကိုပဲ ထိန်းစီးပြီး ဆက်လျှောက်သွားလိုက်တော့တယ်….။ မြန်မာဖြစ် ကျစ်ဆံမြီးသည်းကြိုးနဲ့ ခြေညှပ်သရေဖိနပ်လေး ကျွန်မရွေးလိုက်တယ်…။ ဖိနပ်ဖိုးကိုသူရှင်းပေးလိုက်တယ်…။

အို…ကျွန်မကို ဖိနပ်လက်ဆောင် မပေးကောင်းဘူးလို့ထင်တယ်နော်…လို့ ကျွန်မပြောတော့ သူကတစ်ချက်ရယ်ပြီး အဲလို အယူမသည်းစမ်းပါနဲ့ ကလေးလေးရယ်တဲ့…။

အမှန်ဆို သူကကော်ဖီနဲ့မတည့်ဘူး ကော်ဖီသောက်ပြီးတိုင်း ရင်တုန်တတ်တယ်…။
တခါတခါ ကျွန်မသောက်တတ်တဲ့ နို့မပါတဲ့ ကော်ဖီပြင်းပြင်းတွေကို သူလိုက်သောက်ကြည့်တယ်…တစ်ငုံနှစ်ငုံပဲ ပြီးတော့ သူ နို့တစ်ခွက်တောင်းပြီးရောသောက်ရပါလေရော…။

သူ သောက်တတ်တဲ့ ပရုတ်အေးပါတဲ့ စီးကရက်ကို ကျွန်မတစ်ခါလောက် ဖွာရှိုက်ကြည့်ဖူးခဲ့တယ်…။ လည်ချောင်းထဲ ရှိန်းမြမြနဲ့ပူသွားတဲ့အရသာ မီးခိုးတွေကို ပြန်မှုတ်ထုတ်ရတဲ့ အရသာ ကျွန်မကြိုက်ပါတယ်…။ ကျွန်မတို့နှစ်ယောက်စလုံး စာဖတ်ဝါသနာပါကြတယ်…။

ကျွန်မက စိတ်ထဲရှိတာကို ပွင့်လင်းစွာထုတ်မပြောတတ်သူ စိတ်ထဲကြိတ်ပြီး ခံစားတတ်သူ သိမ်းထားတတ်သူမျိုး…။ သူက ကျွန်မစိတ်ကို အလွတ်ကျက်တတ်နေသူ တစ်ခုခုဆို စိတ်ထဲအရမ်းကြီးမွှန်းကြပ်နေအောင် သိမ်းမထားဘဲ သူ့ကိုမဟုတ်ရင်တောင် တစ်ယောက်ယောက်ကို ဖွင့်ပြောပါလို့ ကျွန်မကို မကြာခဏမှာတတ်တယ်…။ ကျွန်မကတော့ ခေါင်းကြောမာစွာပဲ စိတ်ထဲရှိနေတဲ့ အဖုအထစ်အကြိတ်အခဲတွေကို ဘယ်သူ့မှမပြောပြဘဲ တစ်ယောက်ထဲ စိတ်ဆင်းရဲခံပြီး နေတတ်သူမျိုး…။ ခက်တာက ကျွန်မက သူ့ရှေ့မှာ မျက်ရည်လေးတစ်စက်တောင်ကျမပြတတ်တဲ့ ခပ်မာကျောကျော မိန်းကလေးမျိုး….။ တကယ်တမ်းက ကျွန်မက စိတ်အရမ်းပျော့တဲ့သူမျိုးပါ…။ အဲလိုစိတ်ထဲက ပျော့ညံ့တာကို လူမသိသူမသိအောင် ဖုံးကွယ်ထားရင်းက ကျွန်မဟာ အပြင်ပန်းသဏ္ဍာန်ကကြည့်ရင် မာကျောတဲ့ မိန်းကလေးလို့ လူသိလာခဲ့ရတာပဲ…။ တစ်ခါလောက်တော့ စိတ်ထဲဖြေလျော့ပေါ့ပါးသွားအောင် သူ့ကိုတင်းကြပ်စွာဖက်ထားပြီး အားပါတရငိုချပစ်လိုက်ချင်သေးတယ်လို့ စိတ်ကူးမိတယ်…။ 


 



တကယ်တော့ ကျွန်မတို့ဆုံဖြစ်ခဲ့ကြတဲ့ အချိန်က တိုတိုကလေးရယ်…......။
တိမ်တွေမီးခိုးရောင်သန်းတဲ့ စနေနေ့တစ်ခုမှာ ကျွန်မသူ့ကိုလမ်းခွဲနှုတ်ဆက်ခဲ့တယ်….။ ကျွန်မတို့နှစ်ယောက်ထပ်ဆုံဖို့မဖြစ်နိုင်တော့လို့ပါ…..။ အဲအချိန်တိုတိုကလေးအတွင်းမှာ ကျွန်မ ကိုကို့ကို “ချစ်တယ်”လို့ တစ်ခါမှမပြောခဲ့ဖူးတာသေချာတယ်…..။ ဘာလို့လဲဆိုတော့ မလိုအပ်လို့ပါ…။ ချစ်သူတွေဖြစ်ပြီး “ချစ်တယ်”လို့မပြောဖူးတာ အထူးဆန်းတော့ဖြစ်နေကြလိမ့်မယ်…။ ကိုကိုက ကျွန်မကို ချစ်လားလို့ မကြာခဏမေးတတ်ပေမယ့်…ကျွန်မက သူ့ကိုကြိုက်တယ်လို့ပဲဖြေခဲ့ဖူးတယ်…။ ဟုတ်တယ် ကျွန်မသူ့ရဲ့ စိတ်နေသဘောထားလွတ်လပ်မှုကိုကြိုက်တယ်။ ကျွန်မထက်အရပ်ပိုရှည်တာကိုကြိုက်တယ်…။ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ စကားကို ပွင့်ပွင့်လင်းလင်းပြောပစ်လိုက်တာကို ကြိုက်တယ်…။ ကျွန်မကို အမြဲဂရုတစိုက်ရှိတတ်တာကို ကြိုက်တယ်….။ ကျွန်မနဲ့အတူ တွဲလျှောက်တိုင်း ကျွန်မလက်ကို တယုတယဆုတ်ကိုင်ထားတာကို ကြိုက်တယ်….။ ဒါပေမယ့် ကျွန်မ သူ့ကို ဘာလို့ “ကိုကို့ကို ကျွန်မသိပ်ချစ်တာပဲလို့” မပြောနိုင်ခဲ့သလဲ...။ ကျွန်မတို့နှစ်ယောက်ကြားမှာ တားဆီးထားတဲ့ အသက်အရွယ်ပိုင်းခြားမှု တံတိုင်းကြီးက မားမားမတ်မတ်...။

ဘာကြောင့်မှန်းမသိဘူး ကျွန်မကတော့ ကျွန်မတို့နှစ်ယောက်ရုပ်ရှင်ဆန်ဆန်ဆုံတွေ့ခဲ့ရလို့ တချိန်ချိန်မှာ ရုပ်ရှင်တစ်ကားလိုပဲ စာတန်းထိုးပြီး ရပ်သွားမယ်လို့ ကြိုသိနေခဲ့တယ်…..။ တကယ်လည်း ကျွန်မတို့ရုပ်ရှင်ဆန်စွာနဲ့ လမ်းခွဲနှုတ်ဆက်ခဲ့ရတယ်…..။ ခဏတဖြုတ်ကလေးပဲ ကိုကို့ဘ၀ထဲကို ကျွန်မရောက်လာခဲ့တယ်…။ ကျွန်မမရှိတော့တဲ့ဘ၀မှာ ကိုကိုနေပျော်မှာပါ…..။ 

ကျွန်မကတော့ ဘယ်သူမှမရှိလဲ နေသားတကျရှိနေခဲ့ပြီးသားပါ…။ ကျွန်မအတွက် အထူးတလည် ဖြစ်မနေတော့ပါဘူး…။

ကျွန်မတို့နှစ်ယောက် မိုးစက်တွေအောက်မှာ စတင်ဆုံတွေ့ခဲ့ကြတယ်... ပြီးတော့ မိုးနဲ့အတူ ကြည်နူးရတဲ့ နေ့ရက်တွေကို ဖြတ်ကျော်ခဲ့ကြတယ်...။ ရင်ထဲမှာ မိုးရွာနေခဲ့ပေမယ့် အပြင်ဖက်မှာတော့  မီးခိုးရောင်တိမ်တိုက်တွေ အုပ်ဆိုင်းနေတဲ့ စနေနေ့ နေ့လည်ခင်းကြီးမှာ နှုတ်ဆက်ခွဲခွာခဲ့ကြတယ်...။

ကျွန်မတို့အတွက် တိမ်ပြာပြာစနေနေ့ ဖြစ်မလာနိုင်ခဲ့တဲ့အတွက် တကယ်စိတ်မကောင်းမိပါဘူးကိုကို.…။