မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 14 June 2018

အနီရောင်လွမ်းချင်း.....




အပြင်မှာ ကောင်းကင်ကခဲသားရောင် အုပ်မှိုင်းလို့ ရာသီဥတုက အေးစိမ့်စိမ့်...။

ဒီနေ့ ကျွန်မအနီရောင်အပေါ်ဝတ် အနွေးထည်ပါးပါးဝတ်ခဲ့တယ်...။ နှုတ်ခမ်းကိုလည်း အနီရဲရဲ ဆိုးခဲ့တယ်...။ ရေညှိစိမ်းရင့်ရောင် ကိုယ်ကျပ်ဂါဝန်လေးအပေါ်မှာ အနီရောင်အကျီင်္လေးက ထင်းခနဲ...။ အနီရဲရဲ နှုတ်ခမ်းဆိုးဆေးရောင်ကလဲ ထင်းခနဲ...။ အလုပ်သွားဖို့ ကျွန်မ အိမ်ပေါ်ကဆင်းလာတော့ အိမ်ရှေ့မှာ ရပ်ကွက်ထဲက မျက်မှန်းတမ်းမိတဲ့ ကောင်လေးတစ်ယောက်က ဖြတ်လျှောက်သွားရင်း ကျွန်မကိုပြုံးပြနှုတ်ဆက်တယ်...။ သူ့အကြည့်တွေက ကျွန်မနှုတ်ခမ်းပေါ်မှာ...။

တခါက ကျွန်မနဲ့ချိန်းမထားဘဲ ကျွန်မဆီကို ရုတ်တရက် သူရောက်လာခဲ့တဲ့ ညနေခင်းတစ်ခုကို အမှတ်ရမိတယ်...။ အဲဒီနေ့တုန်းက ဒီနေ့လိုပဲ ကျွန်မ အနီရောင်အနွေးထည်ပါးပါးဝတ်ထားခဲ့တယ်... နှုတ်ခမ်းပေါ်မှာလည်း အနီရဲရဲဆိုးထားခဲ့တယ်...။ သူကျွန်မ မေးစေ့ကိုကိုင်ပြီး သူ့လက်မနဲ့ ကျွန်မနှုတ်ခမ်းကို တစ်ချက်ပွတ်လိုက်တယ်...။ won't kiss off အမျိုးအစားနှုတ်ခမ်းနီမို့ နှုတ်ခမ်းဆိုးထားတာပျက်မသွားခဲ့ဘူး သူ့လက်မှာလည်းအနီရောင်စွန်းမသွားခဲ့ဘူး...။ သူ့ရဲ့စူးရှညှို့ငင်တဲ့ အကြည့်တွေက အတွင်းအကျီင်္နဲနဲဟိုက်နေတဲ့ ကျွန်မရင်ညွန့်ဆီကိုရောက်တော့ အပေါ်အကျီင်္အနီလေးကို ကျွန်မဆွဲစေ့လိုက်တယ်...။ “သိပ်လှနေတာကို ဘာလို့ဆွဲစေ့လိုက်သလဲ အနီရောင်နဲ့မင်းနဲ့ သိပ်လိုက်ဖက်တာပဲ...”လို့ပြောပြီးတော့ ကျွန်မနဖူးကို သူခပ်ဖွဖွနမ်းတယ်...။ ကျွန်မတို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုတွေက သူ့ကိုကျွန်မရင်ခုန်သံတွေ အတိုင်းသားကြားစေခဲ့တယ်...။

တကယ်တမ်း ကျွန်မက ကိုကို့အတွက် အနီရောင် အမှတ်စက်လေးတစ်ခုပါ...။ ကျွန်မတို့ဝေးကွာသွားတဲ့အခါ အနီရောင်အစက်ကလေးဟာ  တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားမှာပါ...။

မိုးငွေ့

No comments: