မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 23 April 2018

နွေညနေ.....




“မောင်...နည်းနည်းပိန်သွားတယ်နော်..”

သူနဲ့ပတ်သက်ခဲ့သမျှကာလပတ်လုံး တစ်ခါမှမသုံးစွဲဖူးခဲ့တဲ့ “မောင်”ဆိုတဲ့နာမ်စားကို သုံးမိသွားခဲ့တယ်...။ မှာထားတဲ့ ကော်ဖီခွက်တွေကိုစောင့်ရင်း စားပွဲပေါ်လက်နှစ်ဖက်ကို ယှက်တင်ထားတဲ့သူက “မောင်”လို့ ကျွန်မခေါ်လိုက်မိတာကို အံ့အားသင့်သွားဟန်နဲ့ စောစောက အရောင်မှိန်နေတဲ့ မျက်ဝန်းတစ်စုံက လင်းလက်သွားကြတယ်...။ လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက်က ကျွန်မနဲ့သူ ချစ်သူတွေဖြစ်ခဲ့ကြပြီး ခြောက်လအကြာမှာ လမ်းခွဲတော့မှ သူ့ကို မောင်လို့ခေါ်စေချင်တဲ့အကြောင်း ပြောပြခဲ့ဖူးတယ်...။ 

“ကိုယ့်ကို မင်းစွန့်ပစ်ထားခဲ့တဲ့ ဒဏ်တွေကြောင့်ပေါ့” လို့ ခနဲ့စကားဆိုလိုက်ပေမယ့် သူ့လေသံတွေက ညင်သာပျော့ပျောင်းနေတယ်...။  ကျွန်မကို မောင်လို့ခေါ်စေချင်တဲ့ သူက သူ့ကိုယ်သူတော့ ကျွန်မနဲ့စကားပြောတိုင်း “ကိုယ်”လို့သုံးလေ့ရှိတယ်...။ အဲတုန်းက ကျွန်မက သူ့ကို “မောင်”တို့ “ကိုကို”တို့ ခေါ်ရမှာထက် သူ့ အိမ်နာမည်လေးကိုပဲခေါ်ခဲ့ဖူးတယ်..။ အေးလေ ခုကျမှ သူ့ကို ရုတ်တရက်မောင်လို့ခေါ်တော့ အထူးအဆန်းဖြစ်နေတာပေါ့...။ ကျွန်မတမင်ရည်ရွယ်တာမဟုတ်ဘဲ သူ့ကိုခေါ်မိသွားခဲ့တာပါ... ။ ကျွန်မရဲ့ အခေါ်အဝေါ်ကြောင့် ဘာမှပတ်သက်ဆက်ဆိုင်မှုမရှိတော့တဲ့ သူတစ်ယောက်ကို မျှော်လင့်ချက်ပေးသလိုဖြစ်သွားခဲ့မလား...။ 

“ဆောရီး...” ကျွန်မဘာသာ တွေးရင်း သူ့ကို ခပ်တိုးတိုးလေး တောင်းပန်လိုက်မိတယ်...။

ကျွန်မဘာကို ရည်ရွယ်ပြီးတောင်းပန်တယ်ဆိုတာ သူချက်ချင်းသဘောပေါက်ပြီး တုန့်ပြန်တယ်...။

“ရပါတယ် တခါတလေ လူတွေဟာ ကိုယ့်ဆန္ဒကို မရည်ရွယ်ဘဲ လွှတ်ခနဲ ဖော်ထုတ်မိတတ်ကြတာပဲ...”

စားပွဲထိုးက ကျွန်မတို့မှာထားတဲ့ Cappuccino အပူနှစ်ခွက်လာချပေးတယ်....။ နို့များတဲ့ ကော်ဖီအမျိုးအစားပေမယ့် သကြားမပါရင် သူမသောက်နိုင်မှာစိုးလို့ သူ့ခွက်ထဲကို ကျွန်မ သကြားညိုဖောက်ထည့်မယ်လုပ်တော့...

“ နေပါစေ ကိုယ်ဒီတိုင်းပဲသောက်မယ် ကိုယ့်အတွက် အချိုဆိုတာ မလိုတော့ပါဘူး အရာရာက ခါးနေပြီးသားပဲမဟုတ်လား..” တဲ့...။ 

ကျွန်မ ဘာမှဆက်မပြောတော့ဘဲ ကော်ဖီကို တကျိုက်ငုံ့သောက်လိုက်တယ်...။ ပြီး ကျွန်မ သူ့ကိုလှမ်းကြည့်တော့ သူက တစ်ချက်ပြုံးလိုက်ရင်း စက္ကူလက်ကိုင်ပုဝါနဲ့ နို့အမြှုပ်လေးတွေပေနေတဲ့ ကျွန်မ နှုတ်ခမ်းကို ခပ်ဖွဖွလှမ်းသုတ်ပေးတယ်...။

“တစ်ယောက်ထဲကော်ဖီသောက်လည်း ဒီလိုပဲပေတာပဲလား” ကျွန်မ သူ့ကို မျက်စောင်းထိုးပြီး ရယ်လိုက်မိတယ်...။
“ဆောရီး... မင်းတစ်ယောက်ထဲမဟုတ်ဘဲ တခြားတစ်ယောက်ယောက်နဲ့ ကော်ဖီအတူသောက်နိုင်တာပဲလေ ကိုယ့်ထင်မြင်ချက်တွေတဖက်သတ်ဆန်သွားပြီ..”
“အို...မဟုတ်တာ... ကျွန်မ ဘယ်သူနဲ့မှ ကော်ဖီအတူမသောက်ပါဘူး....” ဘာကြောင့် ကျွန်မသူ့ကို ချက်ချင်း ဖြေရှင်းလိုက်မိတာပါလိမ့်...။

ကျွန်မတို့ချစ်သူဖြစ်ခဲ့တဲ့အချိန်တုန်းက ကျွန်မအပေါ်အရမ်းသ၀န်တိုတတ်ခဲ့တဲ့ သူ...။ အပြင်သွားရင် တခြားသူစိမ်းယောက်ျားတစ်ယောက် ကျွန်မကိုစေ့စေ့ကြည့်တာကိုတောင် မခံနိုင်တဲ့သူ...။ တခါတလေ ရန်တွေဘာတွေဖြစ်တဲ့အထိဆိုပါတော့...။

ကျွန်မတို့ ကော်ဖီကုန်တာနဲ့ ဆက်မထိုင်ကြတော့ဘဲ တစ်ဖက်လမ်းကိုကူးရင်း ကမ်းနား သဘောင်္ဆိပ်ခံမှာ လမ်းလျှောက်ကြတယ်...။ သူက စီးကရက်သောက်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့..။ ပုစွန်ဆီရောင်တောက်လောင်နေတဲ့ နေလုံးကြီးက မြစ်ရေပြင်ပေါ်ကို ထိလုနေပြီ...။ နွေညနေပေမယ့် မြစ်ပြင်ပေါ်ကနေ ဖြတ်တိုက်လာတဲ့ လေတွေက အေးစိမ့်စိမ့်...။ ကျွန်မ အကျီင်္ ရင်ဘတ်က ချည်ထားတဲ့ ပိုးစတွေက လေထဲမှာ တဖျတ်ဖျတ်လူးလွန့်လို့...။ ဆံပင်ကို စုချည်ထားပေမယ့် နဖူးနဲ့ နားသယ်စပ်နားက ဆံနွယ်တွေ ဖွာလန်ကျဲကုန်တယ်...။ သူက နေလုံးကြီးကိုကြည့်ပြီး ကျွန်မဖက်ကို ရုတ်တရက်လှည့်ပြီး သူစောင်းထားတဲ့ NYC ဂျင်းဖျော့ရောင် ဦးထုပ်လေးချွတ်ပြီး စောင်းပေးတယ်...။ ဦးထုပ်ချွတ်လိုက်တော့မှ သူ့ဆံပင်အုံထူထူတွေက အရင်ကထက်နည်းနည်းပိုရှည်နေသယောင်ယောင်...။ သူဆံပင်ညှပ်ပျင်းတာ ကျွန်မသိတယ်လေ...။ သူ့လက်ကြားက စီးကရက်က လေတိုက်နှုန်းကြောင့် သိပ်မဖွာလိုက်ရဘဲ အစီခံနားရောက်လုအောင် မီးစွဲနေပြီ...။

ကျွန်မ ခြေဖျားထောက်ပြီး သူ့ဆံပင်တွေကို လက်နဲ့ခပ်ဖွဖွအုပ်ကိုင်လိုက်တော့ သူက ကျွန်မလက်ကို တွန်းဖယ်ချတယ်...။
“ကိုယ် ခေါင်းမလျှော်ရသေးဘူး” တဲ့.....။ သူဖြစ်ပျက်သွားပုံလေးကို ကျွန်မသဘောကျလွန်းလို့ ရယ်မောလိုက်မိတယ်..။
“ခေါင်းမလျှော်တော့ဘာဖြစ်လည်း ကိုင်ကြည့်ရုံလေးကို..”

“ဘယ်ပြောနိုင်မလဲ မင်းကိုယ့်ဆံပင်တွေကို နမ်းလိုက်မိမှာစိုးလို့...”
ဒုတိယအကြိမ် ကျွန်မသူ့ကို မျက်စောင်းထပ်ထိုးပစ်လိုက်တယ်...။ ကိုယ်လိုရာကိုစွဲတွေးတတ်တဲ့ အကျင့်က အရင်တိုင်းပဲ...။ လေညှင်းခံရင်း ကျွန်မတို့နှစ်ယောက်ဘာမှ မယ်မယ်ရရ စကားမပြောဖြစ်ကြ...။ သုံးနှစ်ခွဲကျော်အကြာပြတ်သွားခဲ့တဲ့ ချစ်သူရည်းစားနှစ်ယောက်ရဲ့ မထင်မှတ်ဘဲ ပြန်လည်တွေ့ဆုံပုံလေးက ဘာမှမဟုတ်သလို ခပ်ပေါ့ပေါ့ ပါးပါးလွင့်လွင့်လေးပါပဲ...။ မဆုံဖြစ်ကြတော့တဲ့ အတောအတွင်းမှာ ဘာတွေဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုတောင် တစ်ယောက်နဲ့တစ်ယောက်မစပ်စုဖြစ်ကြ...။ 

နာရီကြည့်ပြီး ကျွန်မပြန်မယ်ဆိုတော့ သူက ကားဂိတ်ထိလိုက်ပို့ပေးတယ်...။ တကယ်တော့ ကျွန်မတို့နှစ်ယောက်ပြန်ရမယ့်နေရာက ကားအတူတူစီးရမှာ ဆင်းရမယ့် မှတ်တိုင်တောင်အတူတူပဲ...။ သူသွားစရာရှိလို့ထင်ပါရဲ့ ကျွန်မကားပေါ်တက်သွားတာကို ရပ်ကြည့်ကျန်နေရစ်ခဲ့တယ်...။ ကျွန်မကိုယ်လိုရာစွဲတွေးနေမိပြီထင်တယ်...သူ ကျွန်မတို့ရပ်ကွက်နားမှာမနေတော့ဘဲ တခြားမှာပြောင်းနေနိုင်တာပဲလေ...။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ကော်ဖီအတူသောက်ကြဖို့ စာအုပ်အတူသွားငှားကြဖို့ တခါတလေသူကြက်တောင်ရိုက်ရင်လိုက်ကြည့်ဖို့ စတဲ့ နောက်ထပ်ဆုံတွေ့ဖို့လမ်းစ စကားလေးတွေကိုတောင် မပြောဖြစ်ခဲ့ကြဘူး....။

အိမ်ပြန်ရောက်တော့ စာကြည့်စားပွဲပေါ်က Laptop ကိုဖွင့်ပြီး လွန်ခဲ့တဲ့ခြောက်လတုန်းက ကျွန်မဆီကို သူပို့ထားခဲ့ဖူးတဲ့ စာတွေကို တစ်စောင်ပြီးတစ်စောင်ပြန်ဖွင့်ဖတ်ကြည့်နေမိတယ်....။ သူ့စာထဲမှာ ကျွန်မအပေါ်ဆိုးခဲ့တာတွေကို တောင်းပန်တဲ့အကြောင်း ကျွန်မအပေါ်မှားခဲ့မိတာတွေ အားလုံးဟာ ကျွန်မကိုချစ်တဲ့စိတ်ကြောင့်သာဖြစ်ကြောင်း  လွမ်းဆွတ်သတိရလို့ ကျွန်မကိုတွေ့ချင်ကြောင်း စတာတွေပေါ့..။ တကယ်တမ်း လက်တွေ့မှာ ကျွန်မတို့ဆုံဖြစ်ကြတော့ သူ့အပြုအမူတွေက သူရေးပို့ထားခဲ့တဲ့ စာထဲကနဲ့ ဆန့်ကျင်ဖက်...။ အို... ကျွန်မဘာတွေဇောဒကတက်ပြီး တွေးနေမိပါလိမ့်...။ ကျွန်မတို့နှစ်ယောက်ဟာ ခုချိန်မှာ ဘာမှပတ်သက်ကြတော့တာမှမဟုတ်ဘဲ...။ သူ့အပြုအမူအပြောအဆိုတွေဟာ ဒီတိုင်းပဲ သဘာဝကျကျဖြစ်နေရမှာလေ...။ 

ကျွန်မလက်ချောင်းတွေ ကီးဘုတ်ပေါ်မှာနေရာယူပြီး စခရင်ပေါ်မှာ ခေါင်းစည်းလေးတစ်ခုကို ပုံဖော်လိုက်မိတယ်...“မောင်ပြုစားသွားတဲ့ နွေညနေခင်းတစ်ခု” လို့..။

မိုးငွေ့

1 comment:

Ma Tint said...

စက်ရုံဆင်းခါနီး ဘလော့ဂ်ထဲလည်ရင်း ဖတ်သွားတယ် မိုးငွေ့ရေ။