မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 16 March 2018

BKK Tour....(1)




မတ်လ တစ်ရက်နေ့ကနေ လေးရက်နေ့ထိ ပိတ်ရက်မို့ ရုံးကအဖွဲ့တွေနဲ့ ဘန်ကောက်ခရီးစဉ်ကို လွန်ခဲ့တဲ့ နှစ်လကတည်းက ကြိုလုပ်ထားကြတာ...။ သုံးညအိပ်လေးရက်ခရီးမှာ ပထမဆုံးရက် ရန်ကုန်ကနေ လေယာဉ်စီးပြီး သုဝဏဘူမိလေဆိပ်ရောက်တာနဲ့ လာကြိုတဲ့ Tour Bus နဲ့ ပတ္တရားကမ်းခြေကိုသွားကြတယ် ...။ လမ်းမှာ ၀င်စရာနေရာနှစ်နေရာပေါ့ ဒိုင်နိုဆောရုပ်တွေနဲ့ တခြားအကောင်ပလောင်တွေ အစုံပါတဲ့ ပန်းခြံမရောက်ခင် ကျွန်မတို့ကို Tiger Zoo မှာ နေ့လည်စာ ဘူဖေးကျွေးပါတယ်...။ MAI လေယာဉ်စီးလာတာ နားတစ်ဖက်အူတာမပျောက်တော့ဘူး ဘန်ကောက်မလာခင် တပတ်အလိုကတည်းက နှာစေးချောင်းဆိုးဖြစ်နေတာ Antibiotic မသောက်ချင်လို့ ပေပြီးနေနေတာ ခုတော့ ခရီးစဉ်အထိကို ဆေးကတစ်ရက်စာပါလာသေးတယ်...။ နားအူ နှာပိတ်နဲ့ဆိုတော့ ထမင်းစားရတာ အရသာကမရှိ Tiger Zoo က ထမင်းပဲဝင်စားတာ ...။ အဲဒီထဲကို လည်ပတ်ဖို့က ခရီးစဉ်မှာမပါဘူး...။ ဘူဖေးကမဆိုးပါဘူး ထိုင်းစာတွေအပြင် ပါစတာတို့ဘာတို့လည်းရတယ်...။ ကျွန်မအကြိုက် ထိုင်းမုန့်ဟင်းခါးပါတော့ အဲဒါကို အဓိကထားပြီစားတယ်...။ သစ်သီးပွဲကတော့ ဖရဲသီး နာနတ်သီး သခွားမွှေး နဂါးမောက်သီး လှလှပပသပ်သပ်ရပ်ရပ်လေးတွေခွဲစိပ်ပြီး ဗန်းထဲစီရီထားတာလေး သဘောကျတယ်...။ လူက နေသိပ်မကောင်းတော့ အရင်လို စားစရာတွေကို မှတ်တမ်းမတင်နိုင်ခဲ့ဘူး...။ ဒီခရီးတော့ ကျွန်မရဲ့ ဖေးဘရိတ် Fuji XA2 လေးကို အပါဆွဲခဲ့တယ်...။ ရိုက်မယ်လုပ်တော့ ကင်မရာက object protect ဆိုပြီး ရိုက်လို့မရလို့ ကားပေါ်ပါလာတဲ့ ထိုင်းဂိုက်အကူကောင်လေးကိုလုပ်ခိုင်းရတယ်..။ ကျွန်မတို့ခရီးစဉ်မှာ မြန်မာပြည်ဖက်က ဂိုက်ညီမလေးတစ်ယောက်ပါတယ်.. သူတို့ Tour က Mores Myanmar ပါ..။ မနှစ်က ဗီယက်နမ်သွားတုန်းက ကျွန်မရဲ့ မွေးနေ့တူညီမလေး ခေါင်ခေါင်တို့ရဲ့ Tango and Tour ကနေခွဲထွက်တဲ့ Tour Company တစ်ခုပါ...။ သူတို့ဂိုက်က Tango လောက် အတွေ့အကြုံမရှိဘူး...။ ဂိုက်ညီမလေးက ထိုင်းစကားသိပ်မရသလို အင်္ဂလိပ်လိုလဲ မရေမရာ တော်သေးတာက သူ့ကိုယ်သူ ပပ၀တီလို့ မြန်မာနာမည်ပေးထားတဲ့ ထိုင်းဂိုက်မလေးက မြန်မာလိုတော်တော်ပြောနိုင်လို့ အစဉ်ပြေသွားတယ်...။ 


 Tiger Zoo က သစ်သီးဆိုင်လေးကို အိပ်ချင်မူးတူးနဲ့ ဖုန်းကင်မရာနဲ့ ခပ်စောင်းစောင့်ရိုက်ထားပုံ










 အမျိုးတွေလာတွေ့နေကြတာ တနလာင်္ကျား




ရောက်တဲ့နေရာတိုင်း ရိုက်မိတာကတော့ ပန်းကလေးတွေပါ


 အပင်စိမ်းစိမ်းသစ်ရွက်စိမ်းစိမ်းတွေကြားက အသဲနှလုံးလေး



ကဲ နေ့လည်စာစားပြီးသကာလမှာတော့ နုန်းနွတ်ပန်းခြံကိုအရင်ဝင်ပါတယ်....။ သူတို့ရှင်းပြတာတော့ နုန်းနွတ်ဆိုတော့ အမျိုးသမီး(Lady) ပါတဲ့...။ သူတို့ရဲ့ ပါဠိစကားလည်းဖြစ်နိုင်ပါတယ်...။ အဲဒီပန်းခြံက ဧရိယာတော်တော်ကျယ်တယ်...။ စ၀င်ဝင်ချင်း ပြဇာတ်ရုံမှာမိနစ်20 ပြဇာတ်တိုလေးကြည့်ပြီးတော့ ဆင်အကကြည့်ရတယ်...။ အဲဒီနောက် ပန်းခြံပတ်ကြည့်ဖို့ကားငှားပြီး ဒိုင်နိုဆောရုပ်တွေနဲ့ တခြားအကောင်ရုပ်တွေကို ဓါတ်ပုံတွေရိုက်ပေါ့..။ ဖုန်းနဲ့တော့ ဗီဒီယိုတွေရိုက်ထားတယ် ပြဇာတ်တို့ ဆင်အကတို့ ပန်းခြံထဲက ဒိုင်နိုဆောပုံတို့ကိုပေါ့ ဒါပေမယ့်မတင်တတ်လို့ ...။ တော်တော်ကို အကုန်ကျခံပြီး ဆောက်လုပ်ထားတာ ၀င်ကြေးက ဘတ်500 ကျွန်မတို့ခရီးစဉ်မှာပါပြီးသားမို့ ပိုက်ဆံပေးစရာမလိုဘူး ..။ အထဲမှာ ကားပတ်စီးတော့ ကားခ တစ်ယောက်ကို ဘတ်120 တော့ထပ်ပေးရတယ်..။


































 ပြောင်းဖူးခြောက်တွေကို အဲလိုပုံဖော်ထားတာ အသည်းယားစရာ အကောင်ကြီးနဲ့တောင်တူသေး








  
ဒီခြင်္သေ့မိသားစုတွေအားလုံးက တော်တော်ချောတာကြည့်...













 


















ပန်းခြံပြီးတော့  ကျောက်နံရံပေါ်ကလေဆာဘုရားကိုဝင်ဖူးကြတယ်...။ နေတော်တော်ဆောင်းနေပြီ..။ အဲဒီနေ့က တပေါင်းလပြည့်နေ့ လေဆာဘုရားမှာ သူတို့ထိုင်းတွေ ဗုဒ္ဓပူဇော်ပွဲအခမ်းအနား လုပ်နေကြတာတွေ့တယ်...။ ပတ္တရားရောက်တော့ Golden Beach ဟိုတယ်မှာတည်းကြတယ်..။ ရေကူးကန်ပါတယ်ဆိုလို့ အားလုံးက ရေကူးဝတ်စုံတွေယူခဲ့တာ ညစာစားပြီး ညဈေးပတ်ပြီးမှာဝင်တော့ ရေကူးကန်ကပိတ်သွားပြီ...။ နောက်နေ့မနက် Coral Island ကိုသွားကြတယ်....။

မိုးငွေ့

No comments: