မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 28 February 2018

အလွမ်းငွေ့ပါးပါး.....




ဘုရားရေ... ဒီလောက်ပဲတိုက်ဆိုင်သလား....။
ဒီအချိန် ဒီနေရာ ဒီလမ်းလေးနဲ့ ဒီကော်ဖီဆိုင်လေးနားမှာ ကျွန်မတို့ချိန်းမထားဘဲ နောက်ထပ်ဆုံဖြစ်ကြလိမ့်မယ်လို့ အိပ်မက်တောင်မမက်ခဲ့ဖူးဘူး...။

ဒါပေမယ့် ကျွန်မတို့ ပထမဆုံးဆုံခဲ့ဖူးတဲ့အချိန်တုန်းက မိုးဦးကျကာလရဲ့ ညနေခင်းတစ်ခုမှာ... ခုတခါတော့ ဆောင်းအကုန် နွေအကူးလေး....။ နွေဦးပေါက်လာပြီဆိုတော့ နေ့တာရှည်လာပြီလေ... ဒါကြောင့် အနောက်စူးစူးဆီက ပုစွန်ဆီရောင် နေလုံးကြီးက သူလှမ်းလာရာ အနောက်ကျောဆီကနေ တအိအိကျဆင်းနေပြီ...။ သူခြေလှမ်းတဲ့ပုံက Kမင်းသားဂျန်ဂင်ဆော့နဲ့သိပ်တူတယ် Cat Walk လျှောက်သလို လိမ်ပြီးလျှောက်တာ...နေရောင်ဖျော့ဖျော့နောက်ခံနဲ့ ရှည်ကိုင်းကျစ်လစ်တဲ့ သူ့ခန္ဓာကိုယ်က တစ်မျိုးတော့ ကြည့်ကောင်းနေတယ်...။ ရိပ်မထားတဲ့ နှုတ်ခမ်းမွှေးစစတို့က မင်းသားအောင်ရဲလင်းလိုလို..။ ဟုတ်တယ် တချိန်က သူအဲသလိုလိမ်ကျစ်ပြီးလမ်းလျှောက်တဲ့ပုံနဲ့ နှုတ်ခမ်းမွှေးထားတာ အောင်ရဲလင်းနဲ့ တူတယ်လို့ ပြောဖူးတော့ သူက အဲဒီကောင်က ကိုယ့်နောက်မှလိုက်ထားတာပါကွာတဲ့...။ ပထမကျွန်မတို့ဆုံတုန်းကလို သူ့ဆံပင်တွေက အုံထူထူပွယောင်းယောင်းမဟုတ်တော့ဘဲ သိပ်အရှည်ကြီးမဟုတ်ပေမယ့် အနောက်ကို စုသိမ်းပြီးစည်းထားတယ်...။ တံတောင်ဆစ်နားထိ ခေါက်ထားတဲ့ နို့စိမ်းရောင်ခပ်ဖျော့ဖေျာ့ အော်တာရှပ်နဲ့ မီးခိုးမှိုင်းရောင် ရိုင်ဒါဘောင်းဘီကို သူဝတ်ဆင်ထားတယ်...။ မျက်ခုံးနက်နက်အောက်က ဗာဒံစေ့ပုံမျက်ဝန်းတို့က တောက်ပစူးရှမြဲ....။  အရင်လိုပဲ မန္တလေးဖိနပ်ကတော့ သူခြေဖ၀ါးအောက်မှာအမြဲ....။ သူ့ရဲ့ Trade Mark စီးကရက်တစ်လိပ်ကတော့ သူ့ညာဖက်လက်ကြားထဲမှာ..။  ခုက လူဆိုးလေးတစ်ယောက်နဲ့ ပိုတူသွားသေးတယ်...။ သူကတော့ ကျွန်မကိုမြင်ပုံမရဘူး...။ ကျွန်မကားမှန်ထဲကနေ သူ့ကိုလှမ်းကြည့်နေတာ ...။ နောက်တော့ သူကျွန်မကားနားကနေဖြတ်လျှောက်သွားတယ်...။ နောက်ကြည့်မှန်ကနေ ကျွန်မလိုက်ကြည့်တော့ လမ်းထိပ်အရောက်မှာ ညာဖက်ကိုချိုးကွေ့သွားတာ တွေ့လိုက်တယ်...။ အဲဒီလမ်းထိပ်ညာဖက်အချိုးမှာ ကျွန်မတို့ စဆုံတုန်းက အတူထိုင်ခဲ့ဖူးတဲ့ Black Sky ဆိုတဲ့ကော်ဖီဆိုင်လေးရှိတယ်...။ သူအဲဒီဆိုင်ကိုလာတာတော့ မဟုတ်တန်ကောင်းပါဘူးနော်....။ ပြီးတော့ ကျွန်မနဲ့ ပတ်သက်တဲ့ (ကိုင်တွယ်လို့မရတဲ့) အမှတ်တရတွေ သူသိမ်းထားတော့မှာ မဟုတ်ပါဘူး...။

ကျွန်မတို့တွဲခဲ့ကြတဲ့ ခြောက်လအတွင်း ကျွန်မတို့ ကော်ဖီဆိုင်အတော်များများကိုထိုင်ခဲ့ဖူးကြတယ်...။ မရေတွက်နိုင်တဲ့ ကော်ဖီခွက်တွေကို ကျွန်မတို့အတူသောက်ခဲ့ဖူးကြတယ်...။ ကော်ဖီခါးခါးမကြိုက်တတ်တဲ့ သူက ကျွန်မမှာပေးတတ်တဲ့ ကော်ဖီတွေကို နို့တွေတောင်း သကြားတွေထပ်ထည့်နဲ့ ကျွန်မနဲ့အပြိုင် ကော်ဖီခွက်ပေါင်းများစွာကို ကြိုးစားသောက်ခဲ့ဖူးတယ်...။ ကျွန်မ ကားပေါ်ကဆင်းပြီး Black Sky ကိုသွားလိုက်ရမလား ဝေခွဲမရတော့ဘူး....။ ကျွန်မတို့နှစ်ယောက် ဒီတိုင်းလေးပဲ ဇာတ်သိမ်းကြတာ အကောင်းဆုံးပဲဖြစ်မှာပါ...။

အိပ်မက်ဆိုတာ စွဲလန်းစိတ်ကြောင့်မက်တာလား မသိစိတ်ထဲက သိမ်းထားတာကို ပြန်ထုတ်ဖော်ပြတတ်တဲ့ နိမိတ်ပုံလား ကျွန်မသေချာမခွဲခြားတတ်ဘူး...။

ကျွန်မတို့နှစ်ယောက် စတင်ဆုံတွေ့တော့ ၀ိုးတိုးဝါးတားမြူငွေ့ပါးပါးတွေထဲမှာ...။ ခုလည်း ကျွန်မတို့နှစ်ယောက်ဟာ ကိုင်တွယ်ထိတွေ့လို့မရတဲ့ အိပ်မက်အငွေ့လွှာပါးထဲမှာ ထပ်ဆုံကြတယ်...။ စွန့်စားမှုနဲ့သိုဝှက်မှုတချို့က အိပ်မက်ထဲထိစွဲကပ်နေတုန်း ပြီးတော့ သူ့အနမ်းတွေက လတ်ဆတ်နေတုန်း...။ မွတ်သိပ်နေတဲ့ အနမ်းတွေကြားက သတိထားလိုက်မိသေးတာ သူ့နှုတ်ခမ်းမှာ စီးကရက်နံ့တွေ စွဲထင်ကျန်မနေတော့တာကိုပဲ...။

အိပ်မက်က နိုးထလာတော့ သတိရတမ်းတမှုတွေ ရင်မှာထင်ကျန်နေခဲ့တယ်...။
ခုဆိုရင်  မြူငွေ့တွေထဲကို သူတိုးဝင်ပျောက်ကွယ်သွားခဲ့ပြီပဲ...။

ကျွန်မတို့ ဘယ်တော့မှ ဆုံဖြစ်ကြတော့မှာမှ မဟုတ်တော့ဘဲ.....
ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်ရှာဖွေနေမှာမှမဟုတ်တော့ဘဲ.....

မိုးငွေ့

No comments: