မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 22 March 2017

Coffee Barista Training Class (5)

Latte Art တစ်ခွက်လောက်ကြွားပါရစေ...း)

 
 Iris Coffee


Macchiato 


Frappuccino


My take away... Frappuccino and Bagel


Hand Drip မျိုးစုံတွေ


Expresso စက်နဲ့ဖျော်ရလို့ ခက်လှချည်ရဲ့ ထင်မှတ်နေခဲ့တာ Hand drip ကပိုတောင်ခက်နေသေးတယ်...။ စိတ်ရှည်ရတယ်...။ ကော်ဖီမှုန့်ပေါ်ကို ရေနွေးလောင်းတဲ့အခါ လိုအပ်တဲ့ အချိန်အတိုင်းအတာ အပူချိန်  ကော်ဖီအကျရည်အတိုင်းတာ အားလုံးကွက်တိဖြစ်ရတယ်။ ထွက်လာတဲ့ ကော်ဖီရည်ကလည်း သောက်လို့ကောင်းတယ်လေ...။ Hand drip သင်ရတဲ့ နှစ်ရက်စလုံးကတော့ ညဖက်အိပ်လို့ကိုမရတော့ဘူး..။ ဒါတောင် သင်ပြပေးသမျှ ကော်ဖီတွေကို တစ်ငုံဆီပဲသောက်ပြီး သွန်ပစ်ရတာ...။ Turkish ကော်ဖီအိုးကိုကျိုရတော့ ငယ်ငယ်တုန်းက ကျွန်မတို့အိမ်နောက်ဖေး တဲအိမ်လေးထဲမှာ အဖိုးကြီးတစ်ယောက် ဘိန်းချက်တာကိုသွားမြင်ယောင်မိတယ်..။ အဲတုန်းက ဘိန်းမဲကို အဲလိုလက်ကိုင်အိုးသေးလေးထဲထည့်ပြီး ဖယောင်းတိုင်မီးလေးနဲ့မြှိုက်ပြီး ဘိန်းကိုချက်စားရတာ ...။

ကော်ဖီကို ကျန်ကျန်ဖန်ဖန် နည်းမျိုးစုံနဲ့သောက်ဖို့ တီထွင်ခဲ့သူတွေ


France Press, Areopress, Mocha Pot, Veit Phin, Turkish Pot ( Left to Right )


Mr Clever


Turkish ကော်ဖီအိုး


အံမခန်းတဲ့ Syphon ရဲ့ အလှတရား (Digital စက်နဲ့)


ရိုးရိုးရေနံဆီမီးနဲ့ကျိုတဲ့ Syphon ကော်ဖီအိုး






Mocha Pot နဲ့ ကော်ဖီကျိုနေတာ


Mocha Latte


 ဗီယက်နမ် Phin coffee

တကယ်ဆို Hand drip နှစ်ရက်သင်ပြီး နောက်တပတ်မှ စာမေးပွဲဖြေရမှာကို ကျွန်မက မလေးခရီးစဉ်ရှိနေလို့ တခါတည်း Hand drip ဒုတိယချိန်ပြီးတာနဲ့ အချိန်တစ်နာရီပေးပြီး စာပြန်နွှေး မီနူးတွေအလွတ်ကျက်ပြီးတာနဲ့ စာမေးပွဲတန်းဖြေလိုက်ရတာ..။ ဆရာမက ခရီးကပြန်ရောက်မှလာဖြေရင် အရမ်းဝေးသွားတော့ မေ့ကုန်မှာစိုးလို့တဲ့...။ ဒါနဲ့ပဲ လက်တုန်ခြေတုန်နဲ့ စာမေးပွဲဖြေလိုက်ရတယ်ဆိုပါတော့..။ Latte Art ဆင်တူနှစ်ခွက်ဖျော်ပေးရတယ် အချိန်ငါးမိနစ်ရတယ်...။ Cappucino တစ်ခွက် အပူက ဒီနှစ်မျိုးပဲ ...။ အအေးက Caramel Frappuccino ရယ် Choco Iris Coffee ရယ်ဖြေရတယ်...။ Hand drip ကတစ်မျိုးပေါ့ စုစုပေါင်းငါးမျိုးဖြေရတယ်..။ အားလုံးအိုကေပါတယ် မဆိုးပါဘူး...။ မီနူးက အလွတ်ကျက်ပေမယ့် ဖုန်းလေးနဲ့ရိုက်ထားပြီး ကြည့်လို့ရတယ်..။ Latte Art က ကိုယ်သန်တဲ့ပုံကိုပဲလောင်းလိုက်တာ သစ်ခက်ပုံပေါ့..။ ကိုယ်လုံးဝမရသေးတာ အသဲပုံပဲ...။ ခရီးသွားပြီး ပြန်ရောက်ရင် စနေအပတ်တိုင်း ပြန်လာလေ့ကျင့်မယ်လို့ပြောထားတယ်...။ မုန့်ရော ကော်ကော်ရောပေါ့..။


Latte Art စာမေးပွဲဖြေနေတာ


 ဆရာမက စာမေးပွဲစစ်နေတာ Latte Art နှစ်ခွက်မှာ Foam ကောင်းလား Cream အရောင်လှလား သစ်ခက်တွေညီရဲ့လား...


 Choco Iris Coffee စာမေးပွဲဖြေနေတာပါ

Caramel Frappuccino လေး သုံးဆောင်ပါဦး...


Congratulation to me .....!!!!
I am now successfully  completed the course of Barista Professional Class


မိုးငွေ့

Friday, 17 March 2017

Kota Bharu ခရီးစဉ်.....(၄)

 
  Again... ဒူးရင်းရေခဲမုန့်


ဈေးဝယ်ထွက်ကြတာတော့မပြောနဲ့ နောက်ဆုံးနေ့ရောက်တဲ့အထိပဲ ၀ယ်မဆုံးကြပါဘူး...။ ပုံတွေမပြတော့ပါဘူး..။ ကိုယ့်ဘာသာကိုယ်တောင်ခရီးသွားပို့စ်ရေးရင်း ငြီးငွေ့လာတာ ဒီပုံဒီပုံတွေပဲလေ..။ စိတ်ဝင်စားစရာပုံတွေသိပ်မပါလို့ အားနာလာပြီ..။ ဒါကြောင့်ဒီပို့စ်နဲ့ပဲပိတ်လိုက်တော့မယ်..။ စိတ်ဝင်စားစရာအကောင်းဆုံး စားစရာတွေကိုပဲ တင်တော့မယ်နော်..း)...။ ရှော့ပင်းထွက် လမ်းလျှောက်ရင်း ဟိုနေ့ကသွားခဲ့တဲ့ Mall ကို နောက်တစ်ခါပြန်ရောက် ရေခဲမုန့်ထပ်ဝယ်စား..။ တကယ်တမ်း ကျွန်မက ရေခဲမုန့်ကြိုက်တတ်တဲ့သူမဟုတ်ဘူး..။ ဒါပေမယ့် ဒူးရင်းရေခဲမုန့်ကိုတော့ကြိုက်တယ် အဲလို Scone နဲ့စားရတာကို ပိုကြိုက်တယ်...။ သူတို့ရေခဲမုန့်အသားကချောမွတ်ပြီး ဒူးရင်းအနှစ်အရသာက artificial မဟုတ်မှန်းသိသာတယ်..။ အကောင်းကြိုက်သူမို့လေ..။



ဒါက သူငယ်ချင်းက ယိုးဒယားဆိုင်မှာ ညစာလိုက်ကျွေးတုန်းက..။ တခါလာလည်း မလေးစာ မလေးစာဆိုတော့ မဆလာတွေကိုမုန်းနေပြီလေ..။ ထိုင်းဆိုင်လည်းရောက်ရော ထမင်းတောင်လိုက်ပွဲယူကြတယ်..။ အဲလို ထိုင်းအစားအစာတွေက ဆွဲဆောင်မှုရှိလို့ Top Ten ထဲဝင်တာနေမှာ...။


မုန့်ညင်းကြော်လေးက စိမ်းပြီး လတ်ဆတ်လွန်းလို့ အရသာကို ချိုနေရော


ဒါက မလေးငါးပေါင်းဟင်း နာမည်ကြီးဟင်းမယ်ထဲကပါတယ် Otak Otak လို့ခေါ်တယ်တဲ့


ဟင်းအမယ်တွေကိုစုံရော အိမ်ရှင်သူငယ်ချင်းလည်း Ringit 200 လောက်ကုန်သွားတယ်




KB မှာ နာမည်ကြီးလက်ဖက်ရည်ဆိုင်ပါ ဆိုင်ရှင်က ဆိုင်စတည်ကတည်းက ပါမုန့်မီးကင် ကြက်ဥကာရားနဲ့ လက်ဖက်ရည် နှပ်ကော်ဖီ ဒါပဲရောင်းတာ ကျန်တဲ့ နာဆီလာမာ့တို့ နာဆီပရန်နီတို့ ဘာတို့က အပြင်က လာသွင်းပြီးရောင်းတာတဲ့ မနက်စာရောင်းတဲ့ဆိုင်ကလေးပေါ့..။ သူ့ဆိုင်မှာလာစားတဲ့ ဆယ်လီဓါတ်ပုံတွေကို နံရံမှာအများကြီးပဲကပ်ထားတာတွေ့တယ်..။ ကျွန်မတို့ဆီမှာ ပုသိမ်သွားရင် ခခကြီးထမင်းဆိုင်မှာ မင်းသားမင်းသမီးပုံတွေကပ်ထားသလိုပေါ့..။ သူတို့လက်ဖက်ရည်အဖျော်သိပ်ကောင်းတယ်..။ ပေါင်မုန့်သားလည်းကောင်းတယ် ထူထူအိအိလေး..။ ကျွန်မက ကာရားတော့မကြိုက်လို့ဖယ်ပြီးစားတယ်..။


ဒါက အဲဒီမနက်စာဆိုင်နာမည်



ပြီးတော့ တရုတ်ကုန်ခြောက်ဆိုင်ရောက်ကြတယ်...။ တရုတ်ကြက်ဆေးမြစ်ပေါင်းထုပ်တို့ ၀က်နံရိုးနဲ့ပေါင်းဖို့ Bak Kut Teh ထုပ်တို့သွားဝယ်ကြတယ်....။ ငရုတ်သီးမှုန့်တို့ မဆာလာတို့အစုံပေါ့.....။






နေ့လည်စာကို သူငယ်ချင်းက သူ့အမျိုးဆိုင်မှာကျွေးတယ်...။ တရုတ်ဆိုင်ပဲ ဒါပေမယ့် ချစ်တီးဟင်းတွေရောင်းတာ...။ ကြက်ကြော်အကြိုက်ဆုံး..။ ကြက်က Ground Chicken သုံးထားတာ CP မဟုတ်တော့ မြန်မာကြက်လိုပဲ စားကောင်းတယ် ..။ လိပ်ဥပြုတ်တဲ့ ဘယ်သူမှမထိရဲ..။ အဆီအနှစ်တွေကိုမြင်ရင်ကို မစားချင်တော့လို့ ကြက်ကြော်နဲ့ပဲစားလိုက်တယ်...။






ညနေပိုင်း နေမ၀င်ခင်ကို KB မြို့ရဲ့ ကလန်တန်မြစ်ကမ်းနားကို သွားကြတယ်..။ မြစ်လေရှူရင်း လူတွေလမ်းလျှောက်ဖို့အတွက် စတီးလ်လက်ရမ်းကာတွေကို သပ်သပ်ရပ်ရပ်ကလေး လုပ်ထားပေးတယ်..။ ကျွန်မတို့ နေ၀င်ချိန်ကို ဓါတ်ပုံရိုက်ကြတော့ လင်မယားစုံတွဲတွေ လမ်းလျှောက်ဖိနပ်စီးပြီး ကျန်းမာရေးအတွက် လမ်းထွက်လျှောက်ကြတာ တော်တော်များများတွေ့ရတယ်..။ ဖျတ်ခနဲ ကျွန်မတို့ ရန်ကုန် ဗိုလ်တထောင်ကမ်းနားကို ပြေးမြင်မိတယ်..။ ဒီလိုလူတွေအတွက် လမ်းလျှောက်ဖို့ လေညှင်းခံဖို့များ ကောင်းကောင်းကမ်းကမ်း လုပ်ပေးထားရင် အရက်သမားတွေ အတွဲခုတ်သူတွေ ဂီတာတဒင်ဒင်တဒေါင်ဒေါင်နဲ့ လမ်းသရဲတွေအတွက်ပဲ နေရာပေးသလိုဖြစ်သွားမှာ...။ ပြီးတော့ အဲဒီမှာ လူငယ်တွေကို လမ်းပေါ်လျှောက်သွားနေတာမျိုး မမြင်ရဘူး...။ အရက်သေစာရောင်းတဲ့ဆိုင်ဆို တမြို့လုံးမှာမှ တနေရာပဲဝယ်ခွင့်ပြုထားတာတွေ့ရတယ်...။ ကျွန်မတို့ လူမျိုးတွေဟာ နိုင်ငံကြီးပွားတိုးတက်ဖို့အရေးကို ဦးမတည်ကြဘဲ ခုချိန်ထိ တလွဲဆံပင်ကောင်းနေကြတာကို မြင်နေရတော့ တကယ်စိတ်မကောင်းဘူး...။




ဒါက ကမ်းနားကနေကြည့်ရင် တိုက်အိုတိုက်ဟောင်းတွေပဲ ကမ္ဘာစစ်တုန်းက ကျန်ခဲ့တဲ့ တိုက်တွေလည်းပါတယ် လူတွေမနေပါဘူး..။ အင်ဒိုနီးရှားတောမီးလောင်တုန်းက အုပ်လိုက်နေရာပြောင်းလာကြတဲ့ ဇီဝဇိုးငှက်တွေနေတဲ့ အိမ်ဖြစ်ပါတယ်...။ ဒီအိမ်တွေကိုပိုင်တဲ့ ပိုင်ရှင်တွေက ငှက်တွေနေဖို့သက်သက်လုပ်ပေးထားတာ..။ တစ်လကို အသားလွတ် ၀င်ငွေ ရင်းဂစ်နှစ်သောင်းလောက်ဝင်တယ်တဲ့..။ သဘာဝကပေးသောလက်ဆောင်မွန်တစ်ခုပါပဲ..။ တိုက်ပိုင်ရှင်တွေကတော့ နေ့တိုင်း အဲဒီနားလေးမှာ စတုဒီတာကျွေးတယ်တဲ့...။ ငှက်တွေအတွက် ကုသိုလ်လုပ်ပေးတာလည်းပါတာပေါ့..။ မွန်မြတ်လှတဲ့ လုပ်ဆောင်မှုတွေပါပဲ...။





ကမ်းနားကအပြန် စာတေးကင်တွေဝင်ဝယ်ပြီး အိမ်မှာ ကြိတ်ကြတာပေါ့...။ နေ့လည်စာကို စားထားတာနောက်ကျလို့ ညစာကိုထမင်းမစားကြတော့ဘဲ ဒါလေးတွေနဲ့ပဲ စားရင်းသောက်ရင်း စကားပြောကြတယ်...။ 


အဖြူခဲလေးတွေက ထမင်းခဲတွေပါ....



ကြက်အူကို အုန်းနို့နှစ်တွေနဲ့ကင်ထားတာ ချိုမွှေးအီဆိမ့်အရသာလေးပေါ့


နေ့လည်ခနအိမ်ပြန်နားတုန်းက အစာပြေ သူငယ်ချင်းကိုယ်တိုင်ကျိုတဲ့ တိုဖူးသုပ် စားလို့ကောင်းမှကောင်း

 
  ဖက်ထုပ်ကြော်


 ဒီထမင်းကြော်လေးသိပ်ကောင်းတယ် နာမည်မမှတ်ခဲ့လိုက်ရဘူး


 ကြက်ဆီထမင်း


အစာပိတ် သီးစုံရေခဲခြစ်ပဲနှစ်နဲ့


 
 Bye Bye Kota Bharu..... see you again


 KL လေဆိပ်


 

 Refund Money ပြန်ထုတ်ဖို့ ကျွန်မတို့ရောက်နေတဲ့လေဆိပ်ကနေ ဟိုးဖက်အစွန်မှာရှိတဲ့ လေဆိပ်ကို အခမဲ့ ဓါတ်ရထားနဲ့သုံးမိနစ်လောက်ပဲစီးရတယ်






KL မှာသိပ်မနေလိုက်ရပေမယ့် ... ဟိုတုန်းက ကြောင်အဖွဲ့ ဘလော့ဂါတွေများရှိရင် သူတို့တွေ အလုပ်ပျက်ခံပြီး နေရာစုံလိုက်ပို့ပေးမှာ သေချာတယ်..။ လန်ကာဝီတို့ ဆန်းဝေးတို့ဆိုတဲ့ နာမည်တွေက မလေးမရောက်ဖူးခင် ကတည်းက သူတို့တွေဆီကကြားဖူးနေခဲ့တာ..။ နောက်တစ်ခေါက်ထပ်သွားဖြစ်ခဲ့ရင် ပီနန်၊ လန်ကာဝီနဲ့ Cameron High Land ကိုရောက်အောင်သွားဖို့ စိတ်ကူးထားတယ်...။


 
အမှတ်တရလက်ဆောင်ရောင်းတဲ့ဆိုင်က အရုပ်ကလေးတွေ သနားကမားရုပ်နဲ့လိပ်ကလေးတွေ


တဆယ်တန်တစ်ရွက်ထည့်လိုက်ရင် သူက နှိပ်ပေးတယ်

Bye Bye KL





ဒီခရီးပြီးရင် ဗီယက်နမ်သွားဖို့ရှိသေးတယ်...။ ပြန်လာရင် ခရီးသွားပို့စ်တွေ ဖတ်ရပါဦးမယ်...း)

မိုးငွေ့