Friday, 24 February 2017

Coffee Barista Training Class (4)


Latte Art ပုံထွက်ကောင်းလာပြီ... သစ်ခက်ပုံလေးလောင်းတာ အခြေအနေမဆိုးတော့ဘူး...။ ဒါကြောင့် Tulip ပုံလေးဆက်ကျင့်ဖြစ်တယ် ဒီတစ်ပတ်က...။ ပြီးတော့ သဌေးကတော်ကိုယ်တိုင် ကော်ဖီစေ့လှော်တာ သင်ပေးတယ်...။ ကော်ဖီစေ့လှော်တဲ့အဆင့်က အရှေ့မှာတုန်းက ပြောပြထားတဲ့အတိုင်းပဲ ရှစ်ဆင့်ရှိတယ်..။ ဆိုင်မှာအဖျော်များတာက နံပါတ် ငါးနဲ့ ခြောက်ဖြစ်တဲ့ Full နဲ့ Full City အဆင့်...။ Full City အဆင့်ထိလှော်ရင် ကော်ဖီစေ့လေးတွေက အဆီထွက်နေပြီ..။


    ဆားမိုးငင်းမ်က ပထမတခေါက် လှော်ပြပြီး နောက်တခေါက် ကိုယ်ကြိုက်တဲ့ကော်ဖီစေ့ရွေးပြီး ကိုယ့်ဘာသာကိုယ်လှော်ရတယ်...။ ပထမဆုံးကော်ဖီစေ့ကို အမှိုက်တွေ ခဲတွေ မကောင်းတဲ့ မအောင်တဲ့အစေ့တွေကိုရွေးပြီး စက်နဲ့ 150ဂရမ်ချိန်ရတယ်...။ သူ့စက်က တခါလှော် 150ဂရမ်ပဲ ထည့်လှော်ရတယ်...။ အပူချိန် 245ဒီဂရီနဲ့ အချိန်က 16မိနစ်ခွဲနဲ့လှော်ရတယ်...။ လှော်ရင်း အချိန် 10မိနစ်လောက်အကျန်မှာ အပူချိန်ကို 137ဒီဂရီလျှော့ချပေးရတယ်...။ လှော်ရင်း စက်အနားကမခွာရဘူး..။ သူ့အသံကိုနားထောင်ရသေးတယ်..။ ပေါက်ပေါက်ဖောက်သံစကြားတာနဲ့ အပူချိန်ကို 245 ဒီဂရီပြန်ပြောင်းပေးရတယ်...။ နောက်ဆုံး အချိန် သုံညဖြစ်သွားတဲ့အထိပေါ့..။ ကော်ဖီစေ့တွေကို ဇကာထဲထည့်တဲ့အချိန်မှာ နှမ်းစေ့ပေါက်ပေါက်ဖောက်သံလေးကြားရတယ်...။ ပူနေသေးတဲ့ ကော်ဖီစေ့တွေကို သစ်သားယောင်းမနဲ့ မွှေပေးပြီး အအေးခံရတယ်..။ အရောင်မညီတဲ့ အစေ့တွေကို တခါထပ်ရွေး ထုတ်ပစ်ရသေးတယ်...။ ပြီးတော့မှ ခွက်လေးနဲ့ 100ဂရမ်ချိန်ပြီး ကြိတ်စက်နဲ့ကြိတ် Cold drip နဲ့အစက်ချပြီး သောက်ကြည့်ရတယ်...။ ကော်ဖီအရသာ ချို ချဉ် ဖန် စပ် ခါး စိမ့်တွေကို အရသာခံကြည့်ရတာ...။


ကော်ဖီစေ့ ပေါ်က အဖြူရောင်အခွံပါးပါးလေးတွေကို Silver skin လို့ခေါ်တယ် ခုနေမသိသာပေမယ့် လှော်ပြီးရင်တော့အခွံတွေအများကြီးတွေ့ရတယ်...



ကဖိန်းဓါတ်မပါတဲ့ ကော်ဖီစေ့က အရောင်ပိုရင့်တယ်

ကော်ဖီလှော်စက် ကိုးရီးယားမိတ် တန်ဖိုးက ရှစ်သိန်းနီးပါး

ဒါက အီသီယိုးပီးယားကော်ဖီစေ့ကိုလှော်ထားတာ Full အဆင့်နဲ့

လှော်ပြီးရလာတဲ့ ကော်ဖီစေ့ကို ကြိတ်ပြီး Cold drip ချပြီး သောက်ကြည့်ရတယ်

ကော်ဖီစစ်ထဲကို ရေနွေးဆူဆူနဲ့ တိုက်ရိုက်မလောင်းထည့်ရပါဘူး..ခပ်ဖြေးဖြေးမှန်မှန်လေးနဲ့ ကော်ဖီမှုန့်ကို အတွင်းကနေအပြင်ပတ်လည်ဝိုင်းပြီးလောင်းပေးရတယ်


မီနူးထဲမှာ Dutch lemon coffee ဖျော်ရတယ်... ဒီလိုပုလင်းလေးနဲ့ရေခဲစိမ်ပြီး ခွက်တစ်လုံးသပ်သပ်နဲ့ Customer ကို serve လုပ်ရတယ်...။ ကော်ဖီအရောင်က ဒီထက်ရင့်နေရမှာ ခုတော့ ကြံရည်ရောင်ပေါက်နေတယ်...။ သူတို့နှပ်ထားတာ အစပ်ချတာလိုလို့ဖြစ်မယ်...။


အရှင်းဆုံးနည်းနဲ့ပြောရရင် ကော်ဖီထဲကို သံပုရာသီးညှစ်သောက်တဲ့အရသာနဲ့ဆင်တူပါတယ်...။ သူကတော့ အစက်ချလို့ရထားတဲ့ dutch  ကော်ဖီအေးရယ် lemon syrup ရယ် သကြားရည်ရယ် Lemon အသီးကရတဲ့အရည်ရယ်ပါတယ်..။ ကော်ဖီနံ့လေးမွှေးနေတဲ့ သံပုရာရည်လေးတစ်ခွက်ပေါ့...။ သူ့ကိုတော့ လိုအပ်တဲ့ ပစ္စည်းအားလုံးကို Shaker ဗူးလေးထဲထည့်ပြီး ရေခဲကျေအောင် shake ပေးရတယ်...။ ပြီးမှ အဲပုလင်းလေးထဲ Shaker အပေါ်ဖုံးလေးဖွင့်ပြီး ဖြေးဖြေးလေးလောင်းထည့် ရေခဲစိမ်ခွက်ထဲထည့်ပြီး ဖန်ခွက်အသေးလေးနဲ့ ဧည့်သည်ကို တည်ခင်းပေးရပါတယ်..။



Dutch coffee အစက်ချဖို့က ကော်ဖီစေ့ကို 100ဂရမ်ချိန်ပြီး ကြိတ်ထားရမယ်...။ ပြီးမှ အောက်က ပုံမှပြထားတဲ့အတိုင်း ဖန်ပုလင်းထဲထည့်ပြီး အပေါ်မျက်နှာပြင်ညီအောင်ညှိ စက္ကူ စစ်အ၀ိုင်းလေးတစ်ခု အပေါ်ကခင်းပေးထားရတယ်...။ အပေါ်ဖန်ပုလင်းမှာတော့ ချင်ခွက်ထဲ ရေ1000ဂရမ်အရင်ထည့် ပြီးရင် 1200 အမှတ်ထိရောက်အောင် ရေခဲတုံးလေးတွေ ထည့်ပြီးရလာတဲ့ ရေခဲရေကို ဖြည့်ပေးပြီး အပေါ်ဆုံးမှာထား သူ့အောင်မှာ ရေကျတဲ့ ပြွန်လေးကို ရေတစ်စက်ချင်းဆီ ကျလောက်ပဲဖွင့်ပေးထားရမယ်...။ အဲရေတစ်စက်စက်က ကော်ဖီမှုန့်ပေါ်က စက္ကူစစ်ပေါ်ကျပြီး ကော်ဖီမှုန့်ထဲ ကိုရောက် နောက်ဆုံးကော်ဖီမှုန့်ကိုဖြတ်ပြီး အောက်ဆုံး ခံထားတဲ့အိုးထဲကို ကော်ဖီရည်တွေကျသွားပြီး တစ်အိုးရဖို့ ခုနှစ်နာရီလောက် ကြာပါတယ်...။ အဲလိုရလာတဲ့ ကော်ဖီရည်က ကဖိန်းဓါတ်မရှိတော့သလောက် နည်းပါးသွားပါပြီ...။ တစ်အိုးနှပ်ထားပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားပြီးရင် Dutch lemon ကော်ဖီဖျော်လို့ရပြီပေါ့...။ ကဖိန်းဓါတ်ကြောက်သူများ ဒီကော်ဖီကိုမှာသောက်နိုင်ကြပါတယ်...။





Latte art နဲ့ပုံဖော်စရာမလိုတဲ့ Layer latte

အောက်ကပုံများကို ရှုစားအားပေးကြပါကုန်...။ တနေကုန်ကျင့်ထားလို့ ထွက်လာတဲ့ ရလဒ်လေးတွေ ...း)





ဒီတစ်ပတ် ကျူးလစ်ပုံကိုစကျင့်တာ ဒီလိုလေးတွေတော့ ထွက်လာပြီ





မိုးငွေ့

Sunday, 12 February 2017

နွေဦး(၇).....





သြော်....နွေဦး အသစ်တဖန်ရောက်ခဲ့ပြန်ပြီပဲ.......။ 

ဘာမှသိပ်မကြာလိုက်သလိုနဲ့ နွေဦးဟာ မြူခိုးငွေ့တွေကြားကနေ
လေပြေလေးတွေကိုဖြတ်သန်းရင်း ....... 
ဥသြငှက်လေးတွေရဲ့ တေးသံသာကို သယ်ဆောင်ရင်း..... ပင်လယ်လှိုင်းရိုက်ခတ်သံတွေနဲ့စည်းချက်လိုက်ရင်း....  အ၀ါရောင်အလင်းတန်းလေးအောက်ကနေ အချိန်တွေကိုဖြတ်သန်းလာရတာ ခုနှစ်နှစ်တိုင်ခဲ့ပြီ...။ 

အချိန်တွေဘယ်လိုပဲ ကြာကြာ နွေဦးဟာ အသက်ဝင်ဆဲ(မြဲ)ပါပဲ....။ နွေဦးရဲ့ ရှေ့တော်ပြေး သစ်ရွက်ခြောက်တွေကလဲ လေရူးရဲ့ စည်းဝါးချက်အတိုင်း အကိုင်းအခက်ကနေ ဝေ့၀ဲကြွေကျနေလိုက်ကြတာ...။ အိန်ဂျယ်ကိုယ်တိုင် ကိုယ့်ကို လက်ဆောင်အဖြစ် အပ်နှင်းပေးသွားခဲ့တဲ့ နွေဦးကို ကိုယ်ကိုယ်တိုင် အသက်သွင်းပုံဖော်ရတာ ကိုယ့်အတွက် အနှစ်သာရအရှိဆုံး အချိန်လေးတစ်ခုလည်းဖြစ်တယ်...။

“အိန်ဂျယ်ရေ...” ကြည့်စမ်း ကိုယ်မင်းကို ဒီလိုမခေါ်ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ...။ အချိန်တွေဘယ်လိုပဲ ကြာညောင်းပြောင်းလဲသွားပါစေ...နွေဦးကတော့ ကိုယ်နဲ့ နှစ်တိုင်းလိုက်ပါစီးမျှောနေဦးမှာပဲ...။

  နွေဦး... မင်း ငါ့ကို မချစ်တော့ဘူး ... ငါရူးသွားလိမ့်မယ် ငါရူးသွားလိမ့်မယ်... 
နွေဦးကို အစကနေ ပြန်ဖတ်ချင်သူများအတွက်......

နွေဦး(၁)
နွေဦး(၂)
နွေဦး(၃)
နွေဦး(၄)
နွေဦး(၅)
နွေဦး(၆)


 မိုးငွေ့

Sunday, 5 February 2017

Coffee Barista Traning Class (3)


ဘယ်လိုလဲ ကျွန်မလက်ရည်တက်လာပြီမဟုတ်လား သစ်ခက်ပုံလေးတော်တော်လှနေပြီ.......:) ။ ကိုယ့်ဘာသာကိုယ်ချီးကျူးနေရတာ အားပေးနေရတာပါ ..။ တကယ်တမ်း ကျွန်မ မုန့်သင်တန်းမှာပိုပျော်တယ်...။ ကော်ဖီကိုနှစ်သက်ပေမယ့် ကော်ဖီဖျော်ရတာ ဖိအားသိပ်များတယ်...။ စိတ်ကို လွတ်လွတ်လပ်လပ် ကြည်ကြည်လင်လင်မထားတတ်သေးဘူး..။ Espresso ကောင်းတစ်ခွက်ရဖို့ နည်းပညာပိုင်းအပြင် စိတ်နဲ့လုံးဝ သက်ဆိုင်နေသေးတာ....။ Latte ပန်းချီ Latte Art လို့ခေါ်တဲ့ espresso ပေါ်မှာ နို့အမြှုပ်တွေနဲ့ ပုံဖော်ရတဲ့ ပညာက သာခက်သေးတယ်...။ နို့အအေးကို အမြှုပ်ရိုက်ပြီး အပေါ်မှာ ကိုကာပေါင်ဒါဖြူးပြီး ကျင့်ရတာ...။ ဆရာက သစ်ခက်ပုံ Rosetta ကိုအရင်ကျင့်ပါတဲ့...။ ပြီးမှ ကျူးလစ်ပုံကျင့်ရင်းနဲ့ အသည်းပုံပါတစ်ခါတည်းတတ်သွားလိမ့်မယ်တဲ့...။ ခုထိတော့ သစ်ခက်ပုံလေးကို ကျင့်တုန်းပေါ့...။ ပြောရဦးမယ် ကျွန်မ အိမ်မှာ နို့foam ရိုက်ဖို့ ဘက်ထရီနဲ့သုံးတဲ့ hand creamer အသေးလေးတစ်ခု ၀ယ်ထားတယ် ...။ အံမယ်..... သူက စက်ထက်တောင်သာသေး အမြှုပ်များ ချောမွတ်တောက်ပြောင်နေအောင်ရိုက်ပေးနိုင်တာ...။

ပုံထွက်ကောင်းတုန်း ကောက်ရိုက်ထားရတာအမောပေါ့...


 ခဏနားတုန်း ကော်ဖီဆိုင်က ဆားမိုးငင်းမ်/ဆားမုန်ညှင်း(ကိုးရီးယားလိုသူဌေးကတော်) ကိုယ်တိုင် decoration ပြန်ပြင်ထားတာကို ဓါတ်ပုံတွေလျှောက်ရိုက်...။ ဆားဆန်းငင်းမ်(သဌေး)က ကော်ဖီအိုးတွေ ရှေးဟောင်းကော်ဖီနှပ်စက်တွေ ကော်ဖီကြိတ်စက်တွေ စုံနေအောင် စုဆောင်းထားတာ...။ နောက်နေ့ကျ hand drip တို့ ကော်ဖီစေ့လှော်နည်းတို့ကို သူတို့ကိုယ်တိုင်သင်ပေးမှာ...။








သူဌေးကတော်ယူလာတဲ့ (ကွီးယားနိုင်ငံကသယ်လာတာတဲ့) ပန်းပွင့်လက်ဖက်ခြောက် ဘာပန်းလဲမေးတော့ သူလည်းမဖြေတတ်...။ ဂန္ဓမာပန်းနဲ့တော့တူတယ် ..အနံ့က သံပရိုနံ့လေးသင်းတယ်...။ အဲဒါကို လက်ဖက်ခြောက်နှပ်အိုးလေးနဲ့နှပ်ပြီးတိုက်လို့တစ်ခွက်သောက်လိုက်ရသေး...။ အရသာမွှေးတေးတေးနဲ့...။

မီနူးသင်ခန်းစာထဲက Kiwi Smoothe


Fresh Fruit (စတော်ဗယ်ရီဖျော်ရည်)

two group espresso စက်

ကျွန်မကို ကော်ဖီသင်ပေးတဲ့ ဆရာ Kelvin


Orange Soda Aid

Hot Fruit Tea


 မိုးငွေ့

Wednesday, 1 February 2017

ဗီယက်နမ်ကောက်ညှင်းထုပ် (Grandma's Recipe)

  

 ဗီယက်နမ် ၀က်သားကောက်ညှင်းထုပ်လုပ်ဖို့က ဖက်ကအရေးကြီးဆုံး..။ ငှက်ပျောဖက်ချည်းပဲဆိုရင်တော့ သိပ်အဆင်မပြေဘူး ..။ ထုပ်နေရင်းနဲ့ ဖက်ကကွဲထွက်သွားတတ်လို့ ကျွန်မတို့ ရှမ်းပြည်မှာသုံးတဲ့ တောင်စဉ်ဖက်ရွက်က ပိုပြီးသင့်လျှော်ပါတယ်..။ မရှိရင်တော့လည်း ငှက်ပျောဖက်ကို ခပ်ထူထူခင်းပြီး သေသေချာချာရေမ၀င်အောင်ထုပ်ရပါမယ်...။ ကျက်သွားလို့ခွာလိုက်ရင် ဖက်အရောင်လေး စိမ်းနေတဲ့ ကောက်ညှင်းသားကိုတွေ့ရပါမယ်..။ ကျွန်မတို့ငယ်ငယ်ကဆို အဖွားက ကောက်ညှင်းထုပ်ဖြေပြီးရင် သူ့နှီးကြိုးနဲ့ပဲ အတုံးလေးတွေ ပြန်ဖြတ်တယ်..။ ဓါးနဲ့ဆို ကပ်စေးနေမှာလေ...။ ဒီတိုင်းလေး မဟုတ်ရင်လည်း ပြန်ကြော်ပြီး သကြား ငရုတ်ဆီတို့နဲ့ တို့စားရပါတယ်...။ ပဲအရသာလေးစိမ့်ပြီး ငရုတ်ကောင်းနံ့လေး သင်းနေတဲ့ ကောက်ညှင်းထုပ်က ရန်ကုန်တရုတ်တန်းမှာရောင်းတဲ့ လက်ရှည်တရုတ်တွေ လုပ်သလိုမျိုး ပဲငံပြာရည်မပါပါဘူး...။ ဒီနှစ် အဒေါ့်အိမ်မှာလုပ်တဲ့ တရုတ်နှစ်သစ်ကူးမှာ အမွှာအဒေါ်အကြီး ကောက်ညှင်းထုပ်လာလုပ်မယ် သတင်းရတာနဲ့ သွားကူရင်း အဖွားရဲ့ ပညာအမွှေကိုယူရတာ..။

လိုအပ်တာတွေက

ကောက်ညှင်းဆန် 3Kg
ပဲဝါလေး 1 Kg
ဝက်သုံးထပ်သား 2Kg
ငရုတ်ကောင်းစေ့  10gm
ငါးငံပြည်ရည်
ဆားအနည်းငယ်
ဖက်ရွက်
ဝါးနှီးကြိုး (မရှိရင် Kitchen String ချည်ကြိုးတွေကိုသုံးလည်းရပါတယ်)

ကောက်ညှင်းဆန်ကို ညကတည်းက ရေးဆေးသန့်စင်ပြီး ဆန်မြှုပ်ပြီး လက်လေးလုံးခန့်ထိ ရေသန့်နဲ့စိမ်ထားပါ။ ပဲဝါလေးကိုလည်းထိုနည်းအတူ ရေစိမ်ထားပါ...။ ၀က်သုံးထပ်သားကို ငရုတ်ကောင်းနိုင်နိုင် ဆား ဟင်းခတ်မှုန်တို့နဲ့နယ်ပြီး နှပ်ထားပါ..။ သူ့ကိုတော့ ညမသိပ်လည်းရပါတယ် မနက် ကောက်ညှင်းမထုပ်ခင် ကြိုလုပ်ထားပါ...။ ငရုတ်ကောင်းစေ့ကိုသုံးရတာက ထောင်းပြီးသားရယ်ဒီမိတ်ဆို မမွှေးမှာစိုးလို့ အစေ့ကို ကိုယ့်ဘာသာလှော်ပြီး ပြန်ထောင်းပါတယ်...။ ဗီယက်နမ် ဟင်းလျာတွေ တော်တော်များများကို မသိပေမယ့် အဖွားတို့ လုပ်သမျှတွေတော့ ငရုတ်ကောင်းက သူ့ရဲ့ မပါမဖြစ် အဓိက ဟင်းခတ်အမွှေးအကြိုင်ပါပဲ..။ ပြီးတော့ ဗီယက်နမ်က ကမ္ဘာမှာ ငရုတ်ကောင်းစေ့အထွက်အများဆုံးနိုင်ငံလို့ ကြားဖူးပါတယ်...။ 

မနက်ကျတော့ ၀က်သားကို နယ်နှပ်ထားပြီး ညကစိမ်ထားတဲ့ ပဲဝါလေးကို အောက်ရေထည့်ပြီး ပေါင်းချောင်နဲ့နူးအိတဲ့ထိပေါင်းထားပေးပါ..။ ပဲရရင် ပဲကို ဆုံထဲ မညက်တညက်ထည့် ထောင်းပြီး ဆား ငရုတ်ကောင်းနဲ့နယ်ထားပါ..။ ဖက်တွေကိုလည်း ကိုယ်လိုချင်တဲ့ အရွယ်အစားဖြတ်တောက် သန့်စင်ပြီး နေပြပေးပါ..။ ဒါမှ ဖက်ကအကြောပျော့ပြီး ထုပ်လို့ကောင်းမှာ..။ အဆင်သင့်ဖြစ်ပြီဆို ဖက်ကို ခပ်ထူထူလေး ကိုယ်စိတ်ချရတဲ့အနေထားထိ ခင်းပြီး ကောက်ညှင်းကို ဟင်းခတ်ဇွန်းကြီး သုံးဇွန်း လေးဇွန်လောက်ခပ်ပြီး အောက်ခံခင်းပေးပါ ထောင်းထားတဲ့ ပဲဝါလေးခင်းပါ သုံးထပ်သား သုံးခုလောက်ထည့်ပါ ပဲနဲ့ပြန်ဖုံးပြီးရင် ကောက်ညှင်းတစ်ထပ်ပြန်အုပ်ပြီးတာနဲ့ ထုပ်လို့ရပါပြီ...။ ဖက်ကို ဘယ်ညာသေချာထုပ်ပြီးမှ အပေါ်အောက်ခေါက် နှီးကြိုးနဲ့ သေချာ ကျစ်နေအောင်ချီရပါမယ်...။ ဒီနည်းအတိုင်းထုပ်ပေးပါ..။ စုစုပေါင်း အရွယ်ညီတဲ့ ကောက်ညှင်းထုပ် 14ထုပ်ရပါတယ်..။ ဒန်အိုးကြီးကြီးတစ်လုံးထဲ ကောက်ညှင်းထုပ်တွေကို စီထည့်ပြီး ရေမြှုပ်အောင်ထည့် မီးပြင်းပြင်းနဲ့ လေးနာရီတိတိ ပြုတ်ပေးရမှာပါ...။

ငယ်ငယ်တုန်းက အိမ်မှာ အဖွားတို့က ညနေပိုင်းထုပ်ပြီး ထင်းမီးနဲ့ တစ်ညလုံးကိုပြုတ်ထားတာ...။ လေးနာရီပြည့်ရင် ကောက်ညှင်းထုပ်တွေကို ဆယ်ထုပ်ပြီး ဇကာကြီးကြီးနဲ့ စစ်ထားပါ..။ စစ်နေတဲ့အချိန်မှာ အပေါ်က အလေးချိန်ရှိတဲ့ ၀ိတ်တစ်ခုခုနဲ့ ဖိထားပေးပါ..။ ပြောဖို့မေ့သွားတယ် ပြုတ်နေတဲ့အချိန်မှာလည်း သစ်သားတုံး သို့မဟုတ် မသုံးတော့တဲ့ စဉ်းတုံးအလေးတွေကို အထုပ်ပေါ်ဖိထားပေးရတယ် မဟုတ်ရင် ရေပေါ်ပေါလောပေါ်လာတတ်တယ်...။ ကောက်ညှင်းထုပ်ကို လေးထောင့်စပ်စပ်မထုပ်ချင်ရင် ပုစွန်ချဉ် ငါးချဉ်ထုပ်တွေလို ဆလင်ဒါပုံ အ၀ိုင်းရှည်ရှည်လေးလည်း ထုပ်လို့ရပါတယ်..။ ကိုယ်သန်ရာပေါ့..။ တကယ်တမ်း သူတို့ဆီမှာဆို လေးထောင့်ကျအောင်လုပ်တဲ့ ပုံစံခွက်နဲ့ထုပ်ကြတာ...။ ဒီနှစ် အမေတို့ ဗီယက်နမ်သံရုံး နှစ်ကူးညစာစားပွဲသွားတော့ အဲဒါတ၀ကြီး စားကြသေးတယ်တဲ့..။ အများကတော့ ညဖက် အစာမကြေလို့ ကောက်ညှင်းဆိုမစားရဲကြတော့ မတို့ကြဘူး..။ ဦးရီးတွေ အဒေါ်တွေကတော့ စိတ်ကြိုက်စားခဲ့ရတယ်တဲ့...။ သူတို့အခေါ် Banh Tet ရန်ကုန်တရုတ်တန်းမှာတော့ Banh Chung (ဘကျန်) လို့ခေါ်ကြတယ်..။






























ကောက်ညှင်းအပြင်သားမှာ ဖက်ရောင်လေးအဲလိုစိမ်းနေရမယ်


 ကိုယ်တိုင်ဖျော် Ice Latte မွှေလိုက်လို့ ကော်ဖီအရောင်နဲ့နို့ရောင်တို့ရဲ့ အလှကိုမမြင်ရတော့ဘူး..း)

ကောက်ညှင်းထုပ်တွေအားလုံးပြီးသွားတော့ ခဏနားပြီး ကာဖီနှပ်စပ်လေးနဲ့ 2 shot လောက် အစက်ချပြီး နို့များများ ကိုယ်တိုင်ဖျော် Ice Latte တစ်ခွက်နဲ့ ၀က်ခေါင်းသားထုပ်မထုပ်ခင် ငြိမ့်လိုက်တယ်...။ ဗီယက်နမ်ဝက်သားထုပ် ကိုတော့ နောက်တစ်ပို့စ်မှာ ထပ်ရေးပါ့မယ်...း) နောက်ပြီး Chinese chicken floss cookies အသားမျှင် တရုတ်ကွတ်ကီးမုန့်လေးပါ တင်ပါဦးမယ်...။

မိုးငွေ့