မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 1 November 2017

ကျွန်မရဲ့ဖက်ရှင်ဒီဇိုင်နာ.....

  


သူဟာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်မဟုတ်ဘူး ... ပြီးတော့ ဖက်ရှင်အကြောင်းကို ဂဃနဏသိထားတဲ့ သူတစ်ယောက်လည်း မဟုတ်ပါဘူး...။ ဒါပေမယ့် သူက ကျွန်မရဲ့ဝတ်စားဆင်ယင်မှုကို နေ့စဉ်နေတိုင်း အကဲခတ်ဝေဖန်ရင်းနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ဒီဇိုင်နာဖြစ်မှန်းမသိဖြစ်ခဲ့တယ်...။ ဖြစ်ခဲ့တယ်ဆိုတာက ကျွန်မရဲ့ ကိုယ်ပိုင်ဒီဇိုင်နာလို့ သူမသိအောင် ကျွန်မဘာသာကျွန်မ ကြိတ်ပြီးခန့်ထားခဲ့တာပါ...။ ကျွန်မအလုပ်ပြန်ညနေ သူလာကြိုရင် ကျွန်မရဲ့ နေ့စဉ်ဝတ်စားမှုဖက်ရှင်ကို သူအမြဲသတိထားပြီး ပြောတတ်တယ်...။ ဒီနေ့ဝတ်တာလေးက မင်းနဲ့ လှတယ် မလှဘူး မလိုက်ဘူး လိုက်တယ် အရောင်လေးက ဘယ်လိုဖြစ်နေတာ ဒီဝတ်စုံလေးက မင်းနဲ့ဆို လူကြီးအရမ်းဆန်သွားတယ်.. ဒီစကဒ်နဲ့ကဘာပုံပေါက်နေမှန်းမသိဘူး ဒီဂါဝန်လေးနဲ့ကျတော့ မင်းက ဘာဘီရုပ်ကလေးကျနေတာပဲ စသဖြင့်ပေါ့...။

ကျွန်မတို့ ပထမဆုံးဆုံဖြစ်ကြတော့ ကျွန်မ၀တ်ဆင်ထားခဲ့တဲ့ အသားပျော့အိအိ ပုလဲရင့်ရောင်လို့ သူသတ်မှတ်ဖူးတဲ့ အညိုဖျော့ပေါ်မှာ ငွေမှင်လေးတွေ ဟိုတစ်စဒီတစ်စရောယှက်ထားတဲ့ လက်စက ရယ်ဒီမိတ် ရှပ်ကော်လံခါးတိုအကျီင်္လေးကို သူသတိတရမှတ်ထားပေးခဲ့ဖူးတယ်..။ ခေါင်းစွပ်ရှပ်ကော်လံနဲ့ အဲဒီအကျီင်္လေးမှာ ကြယ်သီး နှစ်လုံးပါတယ်...။ ကြယ်သီးနှစ်လုံးစလုံးမတပ်ဘဲ တစ်လုံးကိုဖြုတ်ပြီး လည်ပင်းခပ်ဟဟလေးနဲ့ ကျွန်မ၀တ်ဆင်ခဲ့တာဟာ တစ်စုံတစ်ယောက်ကို (အထူးသဖြင့် သူ့ကို) တမင်ဆွဲဆောင်ဖို့ မဟုတ်ပါဘူး...။ အဲဒီနေ့က ကျွန်မက ကျွန်မရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဖက်ရှင်အနေနဲ့ လွတ်လပ်စွာ ၀တ်ဆင်ခဲ့ခြင်းပဲဖြစ်တယ်..။ ကြယ်သီးတစ်လုံးဖြုတ်ထားခဲ့ပေမယ့် ရင်ညွန့်သားတွေပေါ်လွင်ခဲ့တာ မဟုတ်ပါဘူး..။ သူ့ရှေ့မှာ ကျွန်မ မလုံမလဲနဲ့ အကျီင်္လည်ပင်းလေး ပင့်ဆွဲခဲ့တာကို သူသတိထားခဲ့ဖူးပါတယ်...။ ဒါ ပထမဦးဆုံး ကျွန်မရဲ့ ၀တ်ဆင်မှုအပေါ် သူ့ရဲ့ အမှတ်ရမှု...။

နောက် ကျွန်မတို့နှစ်ယောက် ဘုရားအတူသွားတော့ အဲဒီနေ့က ကျွန်မ မနက်ရောင်ပိတ်သား ရင်ဖုံးအကျီင်္လေးနဲ့ မြန်မာချည်ထည်အနက်ခံမှာအချိတ်လိုင်းလေးတွေရောင်စုံပါတဲ့ လုံချည်လေးဝတ်ခဲ့တယ်..။ ကျွန်မ ရင်ဖုံးအကျီမှာ အနက်ရောင်ကြယ်သီးလေးတွေ ခြောက်လုံးခုနှစ်လုံးလောက် တန်းစီပြီးတပ်ထားတယ်...။ အဲဒီနေ့က ကျွန်မ၀တ်စုံကိုလည်း သူမှတ်မှတ်ရရရှိနေခဲ့တယ်...။ ကျွန်မ၀တ်သမျှထဲမှာ ဒီဝတ်စုံလေးကိုအကြိုက်ဆုံးလို့သူပြောလို့ နောက်တစ်ကြိမ် ကျွန်မတို့ ဘုရားအတူတက်တော့ ထပ်ဝတ်ဖြစ်သေးတယ်...။ အဲဒီနေ့ညနေမှာ ကျွန်မတို့ စကားများရန်ဖြစ်ကြရင်း ရုန်းရင်းဆန်ခတ်နဲ့ ကျွန်မအကျီင်္င်္ကြယ်သီးလေးတစ်လုံး ပြုတ်သွားခဲ့ရတယ်..။ ကြယ်သီးလေးဟာ ကျွန်မပိုက်ဆံအိတ်လေးထဲရှိနေတုန်း ကြယ်သီးတစ်လုံးဟာနေတဲ့ ရင်ဖုံးအကျီင်္လေးကလည်း ခုထိထပ်မ၀တ်တော့ဘဲ ခေါက်သိမ်းထားတုန်း...။

ကျွန်မတို့ တစ်ညနေ ဒိတ်လုပ်ကြတုန်းက ကျွန်မ၀တ်တဲ့ အနက်ရောင်ပိုးပျော့လေးပေါ်မှာ အနက်ခံအညိုလုံးလေးတွေပါတဲ့ ရှီဖွန်အသားပျော့လေးနဲ့ ထပ်ချုပ်ထားတဲ့ ဂါဝန်ကားကားလေးနဲ့ ဖဲပွင့်ပါတဲ့ လေဒီရှူးအနက်လေးဝတ်ခဲ့တော့... ကျွန်မကိုလာအကြိုမှာ “ကလေး ဒီညသိပ်လှတာပဲ ကိုယ်တောင် လူမှားတယ်” တဲ့...။ သူနဲ့လူချင်းဆုံခဲ့သမျှချိန်တွေမှာ ဒီတစ်ခါလေးပဲ ဂါဝန်ဝတ်ဖူးတာမို့ သူ့အတွက် အမြင်ဆန်းသွားတာလည်းဖြစ်နိုင်ပါတယ်...။ ကျွန်မတို့ အမေရိကန် ဖန်စီဇာတ်ကားတွေ ထဲကလို ဒိတ်လုပ်ကြတာမျိုးနဲ့ သွားဆင်တူနေမှာပါ့...။ ကောင်လေးက ကောင်မလေးအိမ်ရှေ့တံခါး ဘဲလ်လာတီး ကောင်မလေးထွက်လောတော့ လှတပတဂါဝန်လေးနဲ့ ကောင်လေးက ကောင်မလေးကို Surprise ဖြစ်အောင် အနောက်မှာဝှက်ယူလာခဲ့တဲ့ ပန်းစည်းလေးပေး...။ နည်းနည်းကွာသွားတာကတော့ သူက ဟောလိဝုဒ်ဇာတ်ကားတွေထဲကလို လည်တိုင်မှာဖဲပွင့်လေးပါတဲ့ Suit လေးဝတ်မထားတာလေးပါပဲ..။ သူက ခန္ဓာကိုယ်သိပ်မတောင့်တင်းပေမယ့် ကျစ်လစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့  အနက်ရောင် body fit အကျီင်္နဲ့ ခပ်ဖျော့ဖျော့ ရိုက်ဒါဂျင်းပင်တွေကိုသာဝတ်ဆင်လေ့ရှိတယ်...။ သူ့ဆံပင်ပုံက ဂျိုးနက်ဘရာသားအဖွဲ့ထဲက ကောင်လေးတွေလို ခပ်ဖွဖွအုပ်အုပ်...။  ကျွန်မက သူနဲ့တွေ့တိုင်း သူ့လည်တိုင်ကို ဆွဲယူပြီး သူ့ဆံပင်တွေကို နမ်းလေ့ရှိတော့  ခေါင်းမလျှော်လာတဲ့နေ့ဆို ကျွန်မကို အားနာပြီး သူက တွန်းထုတ်လေ့ရှိတယ်...။ အဲဒါကြောင့်မို့ထင်တယ် နောက်ပိုင်း သူကျွန်မနဲ့ ဒိတ်လုပ်တိုင်း အမြဲတမ်းခေါင်းလျှော်လာတတ်လို့ သူ့ဆံပင်တွေက Shampoo နံ့တွေ အမြဲသင်းပျံ့နေတတ်တယ်...။




ကျွန်မအလုပ်အပြန်သူလာကြိုတဲ့ ညနေတုန်းက ကျွန်မတို့ ဆိုင်တစ်ဆိုင်မှာ အတူတူခေါက်ဆွဲဝင်စားကြတယ်..။ အဲနေ့ကျွန်မ  ဘော်ဂျယ်လေးတွေအနားသတ်ထိုးထားတဲ့ သခွားရောင် ရှီဖွန်ရင်ဖုံးလေးနဲ့ အနက်ခံမှာ သခွားရောင်အချိတ်လိုင်းလေးတွေပါတဲ့ ချည်လုံချည်ဝတ်ထားတော့ ကျွန်မကို လူကြီးဆန်လွန်းအားကြီးတယ်တဲ့ သူကဝေဖန်တယ်...။ တကယ်တော့ ကျွန်မကသာ သူ့ကို ကိုယ်ပိုင်ဒီဇိုင်နာလို့ ကြိတ်ပြီးခန့်ထားခဲ့ပေမယ့်လည်း သူနဲ့တွေ့တိုင်း ကျွန်မဘာသာကျွန်မနှစ်သက်ရာ ၀တ်စုံတွေကို ၀တ်ဆင်ခဲ့မြဲပါပဲ...။ ဒီဝတ်စုံလေးကိုတော့ သူကြိုက်တန်ကောင်းရဲ့လို့ စဉ်းစားရွေးချယ်ခဲ့တာမျိုးလည်းမရှိခဲ့ပါဘူး...။ ဒါပေမယ့်လည်းသူကတော့ ကျွန်မနဲ့တွေ့တိုင်း ကျွန်မကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး ဘယ်လိုဘယ်ဝှာဆိုပြီး ပြောတတ်မြဲ...။ ကျွန်မကတော့ သူ့ရဲ့ဖက်ရှင်တွေထဲမှာ သူ့ရဲ့ စိတ်နေသဘောထား လွတ်လပ်မှုကိုကြိုက်တယ်... ကျွန်မထက် အရပ်ပိုရှည်တာကိုကြိုက်တယ် ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ စကားကို ပွင့်ပွင့်လင်းလင်းပြောတတ်တာကို ကြိုက်တယ်... ကျွန်မကို အမြဲဂရုစိုက်တတ်တာကိုကြိုက်တယ် ကျွန်မနဲ့အတူ တွဲလျှောက်တိုင်း ကျွန်မလက်ကို တယုတယဆုတ်ကိုင်ထားတာကိုကြိုက်တယ်...။ ကျွန်မက ယောကျာ်းလေးဆို လိမ္မာအေးဆေး တည်ငြိမ်တာထက် သွေးဆူပြီး ၀ုန်းဒိုင်းကျဲတတ်တဲ့သူကို ပိုကြိုက်တယ်....။

ကျွန်မနဲ့လိုက်ဖက်တဲ့ ၀တ်စုံလို့သူပြောခဲ့ဖူးတာ တစ်စုံရှိသေးတယ်...။ လက်ပြတ်ခဲရင့်ရောင် ရယ်ဒီမိတ်ဂါဝန်လေး...။ ဆွဲသားဖြစ်ပြီး ခါးမှာ သရေရှုံ့ကြိုးပါတယ်... ဒူးနားလောက်ထိ အရှည်ရှိပြီး ၀တ်လိုက်ရင် ကိုယ့်ခန္ဓာကိုယ်အချိုးအစားအတိုင်းပေါ်လွင်စေတယ်...။ “ဒီဝတ်စုံလေးက မင်းနဲ့သိပ်လိုက်ဖက်တာပဲ  ဒီလိုကျတော့ မင်းကိုယ်လုံးအချိုးစားက ကြည့်ကောင်းသားပဲ” တဲ့...။ ကျွန်မက အားကစားသမားမို့လို့ ဘော်ဒီက သိပ်ပြီး မိန်းမဆန်တဲ့အထဲမပါဘူး..။ မြန်မာဝတ်စုံတွေကိုနှစ်သက်ပေမယ့် နွဲ့နှောင်းသွဲ့ပြောင်းမှုသိပ်မရှိလှဘူး...။ ဒါကြောင့် အဲဒီနေ့က ကျွန်မ ခန္ဓာအချိုးအစားပေါ်လွင်တဲ့ အဲဒီခဲရင့်ရောင်ဝတ်စုံဝတ်ခဲ့တော့ သူက ကျွန်မအချိုးအစားကို အနောက်တိုင်းဆန်လို့ သဘောကျတယ်လို့ ဖွင့်ပြောဖူးတယ်...။ များသေားအားဖြင့် ယောက်ျားတွေက မိန်းမဆို ခါးသေးရင်ချီ booty ကိုယ်လုံးတွေကိုပဲ ဆွဲမက်ကြတာမဟုတ်လား...။ ကျွန်မက အရပ်ရှည်ပြီးသားမို့ ဖိနပ်ကိုကြိုးသိုင်း အပါးလေးတွေပဲ စီးလေ့ရှိတယ်...။ တစ်ခါက ကျွန်မ သုံးလက်ခွဲခုံထူဖိနပ်စီးပြီး သူနဲ့တွဲလျှောက်တော့ ကျွန်မဦးခေါင်းက သူ့နားရွက်အောက်မှာပဲရှိနေသေးတယ်...။ ကျွန်မ မခံချင်စိတ်နဲ့ ခြေဖျားထောက်ပြီး လမ်းလျှောက်ရင်း ဘေးနားကနေ သူနဲ့အတင်းအရပ်လိုက်တိုင်းတဲ့ ကျွန်မပုံစံကို သဘောကျစွာ ရယ်မောခဲ့ဖူးတယ်...။

တစ်ညနေ သူ့အတွက် ကျွန်မတို့နားက စတိုးဆိုင်လေးမှာ အသုံးအဆောင်ပစ္စည်းလေးတွေသွားဝယ်ဖို့ သူနဲ့ချိန်းထားတော့ ကျွန်မ ခပ်ကားကား အသားပျော့ပျော့ အပွင့်ရောင်စုံပါတဲ့ ထီးစကဒ်လေးဝတ်လာတော့ သူက ကျွန်မကို နားခေါင်းရှုံ့ပြီး “ဟွန်း... ဘာကြီးတွေဝတ်လာမှန်းမသိဘူး”တဲ့...။ ဒါဆို သူက ကျွန်မကိုဒီစကဒ်နဲ့မလိုက်ဖက်ဘူး သူမကြိုက်ဘူးလို့ဆိုလိုချင်တာပေါ့..။ ဒီနေ့ကျွန်မဖက်ရှင် မမိုက်ဘူးပေါ့..။ ဒါပေမယ့် ကျွန်မနောက်တစ်ခါ အနက်ရောင်ဖဲသားပေါ်မှာ နှင်းဆီပွင့်နီနီကြီးတွေပါတဲ့ စကဒ်အကားလေး ထပ်ဝတ်ဖြစ်တော့ သူကကြိုက်လို့ထင်ပါရဲ့ အဲဒီနေ့ကတော့ “ချာတိတ်က ဒီနေ့ ကလေးလေးနဲ့ပိုတူ”တယ်တဲ့...။ အဲဒီနေ့က ပိတ်ရက်မို့လို့ သူ့အတွက် ကျွန်မက သူကြိုက်တတ်တဲ့ ငါးမြင်းဆီပြန်ဟင်းချက်ပြီး Picnic Basketနဲ့ ကန်တော်ကြီးကန်စပ်မှာ အတူနေ့လည်စာစားကြတယ်..... ကော်ဖီဆိုင်တွေလျှောက်ထိုင်ကြတယ်...။ ကစားကွင်းထဲ ကလေးတွေ ကစားတာကို လျှောက်ကြည့်ကြတယ်.....။ 

တခါက ညဖက်ကြီး  လက်ဖက်ရည်အတူသောက်ဖို့ သူဖုန်းလှမ်းဆက်တော့ ကျွန်မက အိမ်နေရင်းဘောင်းဘီတိုလေးနဲ့ တီရှပ်နဲ့ သူက တီရှပ်နဲ့ဂျင်းဂျက်ကက်အပါးလေးနဲ့ ပုဆိုးခပ်တိုတိုဝတ်လာတော့ ကျွန်မသူ့ကိုမမြင်ဘဲ သူ့ကိုကျော်သွားလိုက်မိတယ်....။ သူ ကျွန်မကိုလာပုတ်တော့မှ သိလိုက်တယ် ...။ ကျွန်မတို့လက်ဖက်ရည်သောက်ပြီး ရုပ်ရှင်သွားကြည့်ရအောင် ဆိုပြီး အဲဒီအတိုင်း ရုပ်ရှင်ရုံရောက်သွားကြတယ်...။ မင်းသားရှာရွတ်ခန်ရဲ့ Happy New Year ဆိုတဲ့ အိန္ဒိယဇာတ်ကား..။  ရှော့ပင်နဲ့ဆိုတော့ ရုံထဲမှာခိုက်ခိုက်တုန်အောင် အေးရော...။ တခြားစုံတွဲတွေလို ကိုကိုက ကျွန်မနွေးအောင်လို့ဆိုပြီး အခွင့်အရေးယူပြီးလည်း ဖက်မထားခဲ့ပါဘူး...သူဝတ်ထားတဲ့ ဂျင်းဂျက်ကက်ကိုပဲ ကျွန်မခြေထောက်တွေမအေးအောင် ခြုံပေးထားခဲ့တာပါ...။ အပြန် ညဥ့်လည်စာရောင်းတဲ့ ဆိုင်မှာ ထမင်းကြော်အတူဝင်စားတော့ သူက ၀က်သားမစားလို့  ကြက်ကြော်နဲ့ ကျွန်မက ၀က်ကြော်နဲ့...။

ကျွန်မတို့နှစ်ယောက်ရဲ့ နောက်ဆုံးဆုံတွေ့ခြင်းမှာ ကျွန်မက ပန်းဆီရောင်နှင်းဆီပွင့်တွေပါတဲ့ ရင်ဖုံးအကျီလေးနဲ့ ကချင်ချည်လုံချည်လေးဝတ်ထားခဲ့တယ်....။ အဲဒီနေ့ဟာ ကျွန်မတို့နှစ်ယောက်ရဲ့ နောက်ဆုံးနေ့ပဲ...။ အဲဒီနောက်ပိုင်း ကျွန်မတို့ဟာ တစ်သက်တာဝေးကွာသွားခဲ့ကြတော့တယ်...။ သူနဲ့နောက်ဆုံးဆုံတွေ့တဲ့ ကျွန်မ၀တ်စုံထဲမှာ နာကျင်မှုတွေတချို့ပါဝင်နေခဲ့လိမ့်မယ်...။ အဲဒီဝတ်စုံလေးကို ကျွန်မနောက်ထပ်တစ်ခါမှပြန်မ၀တ်တော့ဘဲ ထာဝရသိမ်းဆည်းထားဖို့ ဆုံးဖြတ်လိုက်တယ်...။ ကိုကို့ကို ကျွန်မ တခါမှချစ်တယ်လို့မပြောဖူးခဲ့ဘူး...။ ကျွန်မ သူ့ကို ဘာလို့ “ကိုကို့ကို ကျွန်မသိပ်ချစ်တာပဲလို့” မပြောနိုင်ခဲ့သလဲဆိုတာ သူကောင်းကောင်းသိနေခဲ့တယ်…။ ဒါကြောင့် ကိုကို့ကို ကျွန်မ ခါးသီးတဲ့ အမုန်းတွေနဲ့ မခွဲခွာချင်ဘူး...။ ကျွန်မတို့ကြားမှာ ဘာရန်ငြိုးရန်ဖွဲ့မှမရှိ ဘာအမုန်းတရားမှမရှိဘဲ လမ်းခွဲခဲ့ရတာ အကောင်းဆုံးလို့ ကျွန်မမှတ်ယူတယ်...။ ကိုကိုရော ကျွန်မနဲ့ တွဲခဲ့ဖူးတဲ့ တလျှောက်လုံးမှာ ကျွန်မကို နှစ်နှစ်ကာကာချစ်ခဲ့ဖူးသလား ကျွန်မအားနာစွာ တစ်ဖက်သတ်ဆန်စွာနဲ့ တစ်ခါမှမမေးခဲ့မိဘူး...။  ပြီးတော့...ကျွန်မကိုယ်တိုင်က အချစ်တွေမပေးနိုင်ဘဲ သူ့ဆီက အချစ်ကိုလိုလိုလားလား မတောင်းခံချင်ပါဘူး..။ သူကတော့ ကျွန်မကို သူထားဖူးသမျှ ရည်းစားတွေထဲမှာ အချစ်ဆုံးလို့ တခါပြောဖူးခဲ့တယ်...။


နှစ်အတော်ကြာတော့မှ သူကျွန်မဆီ စာတစ်စောင်ရေးခဲ့တယ်...။ ကျွန်မအပေါ် သူ့အပြုအမူတွေ လုပ်ရပ်တွေဟာ အများကြီးမှားခဲ့ပေမယ့် သူအာမခံနိုင်တာတစ်ခုက အဲဒီအားလုံးတွေထဲမှာ ကျွန်မကို ချစ်တဲ့ စိတ်တွေပါနေလို့လို့ပြောပါတယ်...။ အဲဒီစာတစ်စောင်ဟာလည်း ကျွန်မအတွက် သူနောက်ဆုံးရေးပို့ခဲ့တဲ့စာပါပဲ...။


မိုးငွေ့

1 comment:

Iora said...

ဒိထက်ပိုသိချင်မိ
ဘာကြောင့်လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာလေးပါရင်
ပိုကျေနပ်မိမယ်ထင်
အိုင်အိုရာ