မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 24 October 2017

အနီရောင်ချစ်ခြင်းရာဇ၀င်.....




တကယ်တော့ အနီရောင်ချစ်ခြင်းရာဇ၀င်ဟာ ပရိယာယ်မာယာတွေ ကြွယ်ဝပြီး အလိုရမ္မက်တွေနဲ့ပြည့်နှက်နေတဲ့ ကျွန်မအတွက် ကိုကို ထာဝရအပ်နှင်းထားခဲ့တဲ့ လက်ဆောင် တစ်ခုပဲဖြစ်တယ်.....။

အသားပျော့ပျော့အနက်ခံပေါ်မှာ အနီရောင်နှင်းဆီပန်းပွင့်ကြီးတွေပါတဲ့ အကျီင်္လေးတစ်ထည်ကို မီးပူတိုက်ရင်း အနီရောင်ပြောင်လုံချည်လေးနဲ့ ၀တ်ရင်လိုက်မယ်လို့တွေးမိတော့ တစ်ခါက ကျွန်မအနီရောင်ပြောင်လုံချည်လေး ၀တ်ခဲ့တုန်းက သူပြောဖူးတယ်...။ “ဟင် ...နပ်စ်မ အဆင်ကြီး” တဲ့ ...။ “နောက်မ၀တ်နဲ့ ကြည့်လို့လည်းမကောင်းဘူး”လို့ ကျွန်မကို သူခြေဆုံးခေါင်းဆုံးကြည့်ပြီး ဝေဖန်ခဲ့တယ်...။ အနီမို့လို့ သူမကြိုက်ဘူးမထင်နဲ့ နောက်တော့ ကျွန်မကို “မင်း တစ်ရက်လောက် အနီရဲရဲ ၀တ်စုံဝတ်ခဲ့စမ်းပါ ကိုယ်သိတယ် မင်းနဲ့ဆို တော်တော်လှမှာ” တဲ့...။ ကျွန်မတို့ အတူတွဲတဲ့ တလျှောက်တော့ မှတ်မှတ်ရရ ကျွန်မ သူတောင်းဆိုတဲ့ အနီရောင်ဝတ်စုံတစ်ခါမှ မ၀တ်ခဲ့ဖူးဘူး...။ ဒါပေမယ့် အနီရဲရဲ နှုတ်ခမ်းဆိုးဆေးတော့ ဆိုးခဲ့ဖူးတယ်...။ သူ့အဖေ ဆေးရုံတက်ရလို့ ကျွန်မတို့နှစ်ယောက်အတူ လူနာသွားကြည့်တော့ အဲနေ့က ခဲရင့်ရောင်ဝတ်စုံနဲ့ ကျွန်မနှုတ်ခမ်းအနီရဲရဲ ဆိုးထားတာကို မှတ်မိတယ်...။ သူ့အစ်မတွေကို မိတ်ဆက်ပေးတော့ အစ်မတွေက အံ့သြလို့ သူတို့မောင်ခပ်ဆိုးသွမ်းသွမ်းနဲ့ ကျွန်မဘယ်လိုများတွေ့ခဲ့ကြလဲတဲ့...။ လူနာခန်းထဲမှာ သူ့အစ်မနှစ်ယောက်က ကုတင်စွန်းမှာ မှီရပ်နေတဲ့ ကျွန်မတို့နှစ်ယောက်ကို ဖုန်းကင်မရာနဲ့ ရိုက်သွားသေးတယ် အိမ်ကျအမေ့ကိုပြမလို့တဲ့...။ 

ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အကြိမ်ကြိမ်အသည်းခွဲခဲ့ဖူးကြတယ် အကြိမ်ကြိမ်လမ်းခွဲခဲ့ကြတယ် အကြိမ်ကြိမ်ပဲ အဆက်သွယ်ပြန်လုပ်ခဲ့ကြတယ်..။ အဲဒီအကြိမ်ကြိမ်တွေထဲက နေမ၀င်ခင် ညနေခင်းလေးတစ်ခုမှာ ကိုကိုးရောင်ကျားသစ်ကွက် ၀တ်စုံနဲ့ နှုတ်ခမ်းအနီရဲရဲဆိုးထားတဲ့ ကျွန်မကို သူလမ်းခွဲစကားပြောခဲ့ဖူးတယ်...။ နေရောင်ဖျော့တော့အောက်မှာ သူက စီးကရက်တစ်လိပ်ကို ဇိမ်ပြေနပြေထိုင်သောက်ရင်း လမ်းခွဲစကားဆိုတယ်...။ ကျွန်မက ကော်ဖီခွက်မှာ စွန်းထင်နေတဲ့ အနီရဲရဲနှုတ်ခမ်းဆိုးဆေးကို ငေးမောရင်းတွေဝေခဲ့တယ်...။ “ကိုယ်တို့ လမ်းခွဲရအောင်” လို့ သူ့နှုတ်က အေးဆေးဖြေးညင်းစွာထွက်ကျလာချိန်မှာ တဆတ်ဆတ်တုန်နေတဲ့ ကျွန်မနှုတ်ခမ်းကို သူမမြင်အောင် မဖုံးဖိနိုင်ခဲ့လိုက်ဘူး...။ သူကတော့ ကျွန်မကို အသည်းခွဲလိုက်ရလို့ ပျော်ရွှင်နေခဲ့မှာပေါ့...။ ကျွန်မကစပြီး လမ်းခွဲစကားဆိုခဲ့တုန်းက ယောက်ျားတန်မဲ့ ကျွန်မရှေ့မှာ သူ ငိုယိုတောင်းပန်ဖူးခဲ့တယ်...။ “မင်းမရှိရင် ကိုယ်နေတတ်မှာမဟုတ်ဘူး ကိုယ့်ကိုမထားခဲ့ပါနဲ့ကွာ..”....။



တစ်ညနေမှာ အမှတ်မထင် ကျွန်မဆီကိုသူရောက်လာခဲ့တယ်...။ ကျွန်မတို့ အိမ်နားက နံရံတစ်ခုမှာ ကျွန်မကျောမှီရပ်ထားတော့ သူက ကျွန်မမှီထားတဲ့ ကျွန်မ ပခုံးထက်က နံရံပေါ်လက်ထောက်ပြီး ရှည်ကိုင်းကိုင်းအရပ်နဲ့ ကျွန်မကို ညှို့ငင်ဖမ်းစားတဲ့ အကြည့်နဲ့ မိုးပြီးကြည့်တယ်...။ “ကိုယ်နဲ့ မတွေ့တဲ့ နေ့ကျမှ မင်းက သိပ်လှနေပါလား...” သူက Loreal' matte အနီရဲရဲဆိုးထားတဲ့ ကျွန်မနှုတ်ခမ်းကို စိုက်ကြည့်ပြီးပြောခဲ့တယ်..။ သူ့အကြည့်တွေက အနီရောင်အပေါ်ဝတ်အောက်က ၀တ်ထားတဲ့ နဲနဲဟိုက်နေတဲ့ အဖြူရောင်အကျီင်္ီဆီကိုရောက်သွားတော့...ကျွန်မ အပေါ်ဝတ် အနီရောင်အကျီင်္အနားကို ဆွဲစေ့လိုက်တယ်..။ သူက ကျွန်မလက်ကိုဖမ်းဆွဲလိုက်ရင်း...“ဘာလို့လဲ သိပ်လှနေတာကို ဘာလို့ဆွဲစေ့သလဲ” တဲ့...။ ကျွန်မလက်တွေ အေးစက်နေခဲ့လိမ့်မယ်...။ ကျွန်မ မေးစေ့ကိုကိုင်ရင်း အနီရဲရဲ နှုတ်ခမ်းပေါ် သူလက်မနဲ့ဖွဖွပွတ်ကြည့်တော့ ကျွန်မ ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်လို့...။ ဟင့်အင်း ဒီခံစားမှုက ကျွန်မသူ့ကိုကြောက်လို့လည်းမဟုတ်ဘူး ချစ်လို့လည်းမဟုတ်ဘူး ပြီးတော့ မုန်းလို့လည်းမဟုတ်ဘူး ဒါဆို ဘာလဲ...။ “ဒီနေ့ ကိုကို့ကို မတွေ့ချင်ဘူး ပြန်ပါတော့” လို့ ကျွန်မ ခပ်တိုးတိုးပြောမိတယ်...။ “ဘာလို့လဲ ကိုယ်က မင်းကို အဲလောက်တောင် မဆွဲဆောင်နိုင်တော့ဘူးလား..ဟင်” လို့ပြောရင်း ကျွန်မနားပိုပြီးတိုးကပ်လာခဲ့တယ်...။ ကျွန်မ မျက်စိစုံမှိတ်ထားမိသလား ဖွင့်ထားသလား သေချာမမှတ်မိတော့ဘူး...။ ပြီးတော့မှ ကျွန်မနဖူးပြင်ကို  ညင်သာစွာဖိကပ်နမ်းလိုက်တဲ့ သူ့နှုတ်ခမ်းအတွေ့နွေးနွေးလေးရလိုက်တယ်...။ “ကိုယ် မင်းကို မနှောက်ယှက်တော့ပါဘူး ခုပဲပြန်တော့မှာပါ မင်းကို ဒီနေ့မတွေ့တော့ဘူးလို့ စိတ်ကူးထားတာပဲ ဒါပေမယ့် တွေ့ချင်တဲ့စိတ်ကို လုံးဝထိန်းမရတာနဲ့ ရောက်လာခဲ့တာ....”  ပြီးတော့ ကျွန်မပခုံးနှစ်ဖက်ကို လက်နဲ့ဖျစ်ညှစ်ရင်း “တစ်ခုမှတ်ထားစမ်းပါ ကလေးလေးရဲ့ ကိုယ်ဟာ မင်းအတွက် ကြောက်စရာသတ္တ၀ါမဟုတ်ဘူး...အိုကေ...” ။ အမိန့်ဆန်လွန်းတဲ့ သူ့စကားလုံးတွေကို ကျွန်မမကြိုက်ဘူး...။ ကျေးဇူးပြုပြီး ကျွန်မဘ၀တစ်ခုလုံးကို လွှတ်ချပေးခဲ့ပါ....။


မိုးငွေ့

No comments: