မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 1 September 2017

မီနဲ့ကိုကို.....



     မီ သင်တန်းဆင်းတော့ ညနေမှောင်ရီစပျိုးနေပြီ....။ ဆောင်းဦးပေါက်မို့ အခါတိုင်းရာသီတွေမှာ မြင်နေကျ ပုစွန်ဆီရောင်တိမ်တိုက်တွေကို ရှာမတွေ့ မှိန်ပြပြ မှုန်မှိုင်းမှိုင်း အလင်းရောင်မှာ အိပ်တန်းတက်မယ့် ငှက်တွေ အုပ်လိုက်ပျံသန်းနေကြတယ်...။ ဟေမာန်ရာသီရဲ့ ညနေပိုင်းလေးမှာ အေးစိမ့်တဲ့ မြောက်ပြန်လေညှင်းတို့က ချွေးစိမ့်နေတဲ့ မီမျက်နှာလေးကို အေးခနဲ ခံစားမိစေတယ်...။  နောက်ကျောဖက်ဆီမှာ တစ်ယောက်ယောက် ကပ်ပါလာတယ်ဆိုတဲ့ အသိကြောင့် လှည့်ကြည့်မိတော့... နိုင်ငံခြားကား လူသတ်ကားတွေထဲကလို Hoodie ဦးထုပ်ပါတဲ့ အကျီင်္ကို ဦးထုပ်ခပ်အုပ်အုပ်စောင်း အင်္ကျီအိပ်ကပ်ထဲလက်နှိုက်ပြီး ခပ်ဖြေးဖြေးလျှောက်လာတဲ့ လူတစ်ယောက်ကိုတွေ့လိုက်တယ်...။ မီခြေလှမ်းတွေကို ခပ်သွက်သွက်လျှောက်မိတယ်..။ အနောက်ဖက်က လိုက်လာတဲ့ ခြေသံကလဲ ပိုမြန်လာတယ်လို့ လှည့်မကြည့်ဘဲ အာရုံရနေတယ်..။ မီ ခြေလှမ်းကို ရပ်ပစ်လိုက်တဲ့အချိန်မှာ လိုက်လာတဲ့လူက မီရဲ့ ဘယ်ဖက်လက်ကောက်ဝတ်ကိုအကိုင် မီကလည်း သူ့လက်ကိုပြန်လိမ်ဆွဲပြီး ကိုင်ပေါက်ပစ်လိုက်တယ်...။ မီ့လှုပ်ရှားမှုက တကယ့်လျှပ်တစ်ပြက် ..။ တကယ်ဆို သူ့ခန္ဓာကိုယ်နဲ့ မီနဲ့က တော်တော်ကွာတာ ...။ သူက တကျွတ်ကျွတ်နဲ့မြည်တမ်းရင်း မြေပြင်ပေါ်မှာ ဖင်ထိုင်လျက်...။

“အရင်လို လက်သွက်တုန်းပဲ ချာတိတ်က...” လို့ အသံထွက်လာတော့မှ မီ့ကို သိနေတဲ့ တစ်ယောက်ယောက်လို့ တွက်လိုက်မိလို့..အဲဒီလူရဲ့ ဦးထုပ်ကို မီဆွဲလှန်ပစ်လိုက်တယ်.. ။

“ဟင်!!! ခင်ဗျားကလည်း လူကိုလန့်အောင်သိပ်လုပ်တာပဲ... ခင်ဗျားလုပ်တာအရေးမကြီးဘူး တကယ့်ချက်ကောင်းနေရာကို လုပ်မိမှ အလကားသေနေဦးမယ်..”

“ဟက် ဟက်...” သူက နာနေတဲ့ကြားက အသံထွက်ရယ်ပြီး သူမကိုလက်ကမ်းပေးတယ်..။ 

“မထူပေးပါဘူး ကိုယ့်ဘာသာကိုယ်ရအောင်ထလေ..”

“မရတော့ဘူး ကလေးလေးရေ.. ကိုယ့်ခါးကျိုးသွားပြီလားမသိဘူး ဒုက္ခပဲ”

မီ့ ကို ကလေးလေးလို့ သူအရင်လိုပြန်ခေါ်မိသွားလို့ မီးမှိန်မှိန်ကြားက မီ့မျက်နှာကို သူ လှမ်းအကဲခတ် လိုက်သေး..။ ကျော်ပိုးအိတ်တစ်လုံးနဲ့ ချွေးတွေရွှဲစိုနေတဲ့ မီ့မျက်နှာလေးက အရင်လိုပဲ ကလေးမလေး တစ်ယောက်အတိုင်း သူ့အမြင်မှာတော့ မီ အသက်ကြီးမလာသလိုပဲ လွန်ခဲ့တဲ့ ငါးနှစ်က အတိုင်းပဲ..။

“ဟာ...တကယ်ကြီးလား...” ဆိုပြီး မီက ကျောပိုးအိတ်ကြီးကိုပစ်ချပြီး သူ့ဘေးနားမှာ ငုတ်တုတ်ကလေး ထိုင်ချလိုက်တယ်..။ မီ သူ့လက်မောင်းကိုကိုင်ထားပြီး သူ့ခါးကို တို့ကြည့်နေတယ်..။

“တကယ်နာနေတာလား ဆောရီးနော်... အဲဒါပဲ ကိုကိုက အစနောက်ကသန်တာကိုး တော်သေးတာပေါ့ ပိုမလုပ်လိုက်မိလို့ ”

မီ လွှတ်ခနဲ သူ့ကို ကိုကိုလို့ခေါ်မိသွားတာကို သူကြိတ်သဘောကျနေမိတယ်..။

“ဒါနဲ့နေပါဦး ဒီလောက်လက်သံပြောင်နေတာကိုတောင်မှ လက်ဝှေ့သင်တန်းကတက်ရသေးသလား”

“ဟာ ခင်ဗျားလည်းသိရက်သားနဲ့ ဒီခေတ်က အားလုံးတတ်ထားမှ ပြန်ဖိုက်နိုင်မှတော်ခါကျတာ မုဒိမ်းမှုတွေက ပေါပါဘိသနဲ့” 

မီ ဆံပင်ကို သူ လက်နဲ့တစ်ချက်ဖွပြီး မတ်တပ်ထရပ် ဖုန်တွေသဲတွေခါလိုက်တယ်..။ 

“ဘာမှလည်းမဖြစ်ဘဲနဲ့ သိသားပဲ သက်သက်လုပ်နေတာ ကျွန်တော်ပစ်ချလိုက်ကတည်းက အကျမှာ ခင်ဗျားကိုယ်ဖေါ့လိုက်တာသိလိုက်သားပဲ”

“မသိဘူးကွာ ဘာပဲဖြစ်ဖြစ် မင်းကိုယ့်ကို နာကျင်အောင်လုပ်တဲ့အတွက် ညနေစာတစ်ခုခုတော့လိုက်ကျွေးရမယ် ဗိုက်ဆာနေပြီကွ”

“ခင်ဗျားကလည်း... ဘယ်ကတည်းက ငတ်ပြတ်လာနေလဲမသိဘူး မကျွေးနိုင်ပါဘူး ကျွေးမယ့်ကျွေး ခင်ဗျားကကျွေးရမှာ လူကိုလည်း လန့်အောင်လုပ်သေးတယ်”

မီက ကျောပိုးအိတ်ကို ကောက်လွယ်ပြီး သူ့ကို ပြန်ပြောလိုက်တယ်...။ 

“အေးပါကွာ... ကိုယ်ကျွေးပါ့မယ် လာ ဒီနားမှာ ကိုယ်တို့အရင်တုန်းကစားနေကျ  ကြေးအိုးဆိုင် ရှိသေးတယ်မဟုတ်လား”

သူကပြောလည်းပြော မီပခုံးကိုလည်း ပိုင်းစိုးပိုင်နင်းအားရပါးရ ဖျစ်ညစ်ဖက်ထားလိုက်သေးတယ်..။ မီ သူ့ကိုဘာမှမပြောသေးဘဲ မျက်လုံးအမူအယာနဲ့ပဲပြလိုက်တယ်..။

“အိုခေ အိုခေ ကိုယ် မင်းအသားကို မထိတော့ဘူး ဟုတ်ပြီလား...”

“ဟဟ ခင်ဗျားက သိပ်ရယ်ရတယ် ခုထိ ကလေးဆန်တုန်း...”
“အောင်မာ ဘယ်သူက ကလေးဆန်နေလဲ ...”




မီက အိတ်ကပ်နှိုက်ထားတဲ့ သူ့လက်ကိုချိတ်လိုက်တော့မှ သူကျေနပ်ပြီး မျက်နှာပြုံးချိုသွားတော့တယ်..။ တကယ်တော့ မီတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ခြောက်လလောက် သမီးရည်းစားဖြစ်ခဲ့ကြဖူးတယ်...။ ဘာအကြောင်း ကြီးကြီးမားမားမှ မရှိဘဲ သူ နိုင်ငံခြားကျောင်းသွားတက်မယ်ဆိုတာနဲ့ ဒီလိုပဲ လမ်းခွဲလိုက်ကြတယ်...။   အဲဒီ မတိုင်ခင်တုန်းက သူက ဆိုးပေတေနေတဲ့ ကောင်ကလေးတစ်ယောက်... ဆယ်တန်းအောင်ခါစ...။ လေးငါးတန်းကတည်းက တိုက်ကွန်ဒိုကို ရည်လည်အောင် ကစားထားတဲ့သူ...ချိန်းပွဲတွေနဲ့ တချိန်လုံးဖိုက်တင်ပွဲတွေ ဆင်နွှဲခဲ့တဲ့သူ..။ မီ သူနဲ့စတွေ့တော့ တိုက်ကွန်ဒိုသင်တန်းမှာ အဲဒီတုန်းက သူကကိုးတန်း မီက ရှစ်တန်းရှိသေးတာ...။ တက္ကသိုလ်စတက်တော့ မေဂျာမတူပေမယ့် မီနဲ့သူက မီတတိယနှစ် သူနောက်ဆုံးနှစ်ရောက်မှ ရည်းစားတွေဖြစ်ကြတာ...။ မီက အင်္ဂလိပ်စာနဲ့ သူကဖလော်နဲ့ဘွဲ့ရခဲ့ကြတယ်...။ မီနာမည်က တကယ်တော့ အင်္ဂလိပ်လို့ “Me” တစ်လုံးတည်း...။

“ကဲ ကလေး ဘာစားမလဲ ကြေးအိုးအရည်လား ဆီချက်လား”

ဆိုင်ရောက်တော့ သူက မီကို အဲသလိုလေး ဧည့်ခံပါတယ်..။ မီထိုင်ဖို့ ခုံတွေဘာတွေရွှေ့ပေးတတ်နေတယ်..။ အဲဒါကတော့ သူ့ရဲ့ ပြောင်းလဲမှုထဲကတစ်ခုဆိုပါတော့..။

“ကြေးအိုးအရည် အရောပွဲသေးပဲစားမယ်...ခင်ဗျားကရော”

“ကိုယ်က ကြေးအိုးဆီချက်ပွဲကြီး ..ညီလေးရေ... ကိုယ်တို့အတွက် အဲဒါအရင်မှာပေးနော်”

စားပွဲထိုးလေးလှည့်ထွက်မသွားခင် မီက “နေဦး နေဦး မကျည်းဖျော်ရည်တစ်ခွက်နဲ့ အာလူးထောင်း အဲဒါပါထပ်မှာမယ်”

“လူကောင်လေးသေးသလောက် စားနိုင်တယ်နော်..မထင်ရဘူး...”

မီအရပ်က သူနဲ့ဆို ပခုံးလောက်ရှိတာ သူ့အရပ်က ၅ပေ ၁၁လက်မ....။

“ခင်ဗျားခုဘာတွေလုပ်နေလဲ...”

“ကိုယ် ကျောင်းပြီးကတည်းက ဟိုမှာရှိတဲ့ ဒယ်ဒီတို့အလုပ်မှာပဲ ၀င်လုပ်နေတာ...ပြန်မရောက်တာကြာလို့ ဒီကို ခဏပြန်လာတာဆိုပါတော့”

“သြော်....”  မီရဲ့ သြော် ဆိုတဲ့ အာမေဋိတ်က နည်းနည်းလေးကန်စွာထွက်သွားခဲ့တယ်...။ သူ ခဏပဲပြန်လာတယ်ဆိုတဲ့ စကားကြောင့်လား မီ ကိုယ့်ကိုယ်ကိုတောင်မခွဲခြားတတ်ခဲ့..။

“ခင်ဗျား ဒီမှာဘယ်လောက်ကြာမှာလဲ...” 
“မီက နှင်မလွှတ်မချင်းပေါ့ကွာ...”
“နောက်မနေနဲ့ အတည်မေးနေတာ”
“ နှစ်ပတ်လောက်ပဲနေဖြစ်မယ် ... ဒါနဲ့ ကိုယ်ပုဂံသွားချင်တယ် မီ ကိုယ့်ကို ဂိုက်လုပ်ပေးမလား..”

သူက မီ ခရီးသွားတစ်ယောက်ဆိုတာ သိထားတော့ မီကို အပါခေါ်ကြည့်နေတာ...။ မီ ခရီးမထွက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ...။ ဆိုင်စဖွင့်ကတည်းကဆိုတော့...။ တစ်နှစ်ကျော် နှစ်နှစ်လောက်ရှိနေပြီ..။

“ဆိုင်ရှိလို့ဆိုပြီး မငြင်းပါနဲ့ ကိုယ်ရောက်တုန်းရောက်ခိုက် ပြီးတော့ မီနဲ့ အေးအေးဆေးဆေးစကားတွေပြောချင်သေးတယ်...”
“ကျွန်တော်ဆိုင်ဖွင့်တာ ဘယ်လိုသိလဲ”
“ကိုယ် မီနဲ့ဝေးနေပေမယ့် မီအကြောင်းကိုတော့ သိသင့်သလောက်စုံစမ်းထားပါတယ်....ဘော်ဒါတွေအကူညီနဲ့လေ ပြီးတော့ မီ့ဆိုင်ရဲ့ Website ကို ကိုယ် like လုပ်ထားတော့ update သိနေပါတယ်.. မီ ရဲ့ နာမည်ကြီး Cheese cake တွေကို ကိုယ်အမြဲတွေ့နေရတာပဲ..”

ငါးနှစ်ကျော်လောက် ကွဲကွာ ခွဲခွာသွားကြတဲ့ ရည်းစားနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံပုံက ဘာမှ မထူးဆန်းသလို ခပ်ပါးပါး ပေါ့ပေါ့လေးပါပဲ...။ သူတို့နှစ်ယောက်စားသောက်ပြီးတော့ သူက မီကို လမ်းလျှောက်ပြီး အိမ်ပြန်ပို့တယ်..။ မီတို့အိမ်က ဒီဆိုင်ကနေသိပ်မဝေးတော့ဘူးလေ.....။

လမ်းလျှောက်ရင်း မီပခုံးကို သူခပ်ဖွဖွဖက်ထားရင်း မီ့အကြောင်းလေး နည်းနည်းပါးပါးစပ်စုသေးတယ်...။ ပရုတ်နံ့သင်းတဲ့ သူ့ကိုယ်ငွေ့နွေးနွေးလေးကို မီတိတ်တခိုးလေးရှိုက်လိုက်ရင်း... မီအတွေးတွေ သူနဲ့ရည်းစားဖြစ်စအချိန်ကို ဖျတ်ခနဲခဏရောက်သွားတယ်...။

အဲဒီတုန်းက ကမောက်ကမဖြစ်ခဲ့တာလေးတွေက ခုပြန်တွေးကြည့်တော့ ရယ်စရာဟာသတွေဖြစ်လို့...။ အဲဒီနေ့ညနေက အိမ်ကို သူငယ်ချင်းမွေးနေ့ဆိုပြီး မီသူနဲ့ခိုးတွေ့တာ ဘယ်လောက်ဝေးဝေးမှတ်လို့ မီတို့နဲ့တစ်လမ်းကျော်က စားသောက်ဆိုင်သေးသေးလေးတစ်ခုမှာ...။ သူက ဘီယာတွေဘာတွေသောက်ပေါ့ မီကဘေးကနေအမြည်းစား ကော့တေးသောက်... လစ်ရင်လစ်သလို သူ့ဘီယာခွက်ကို တမြှုံ့ယူသောက်... ဖြစ်ချင်တော့ အရည်တွေပဲသောက်ပြီး အိမ်သာသွားချင်တော့ အဲဆိုင်က အိမ်သာက ယောကျာင်္းမိန်းမခွဲမထားဘူး အထဲဝင်ရင် လက်ဆေးကန်ရှိတယ် ပြီးတော့မှ အိမ်သာကသပ်သပ်ထပ်ရှိတယ်..။ ကျဉ်းကျဥ်းလေးပါပဲ..။ မီအိမ်သာထဲဝင်ပြီး ဂျက်ချလိုက်တော့ သူကလက်ဆေးကန်နားမှာ စောင့်နေတာ..။ ပြီးတော့ မီပြန်ထွက်မယ်လုပ်တော့ အိမ်သာဂျက်က ပြန်ဖွင့်လို့မရတော့ဘူး..။ တကယ်တမ်း မီက ဂျက်တံဘေးနားက အဖုသီးလေးကိုနှိပ်ထားလို့ ဂျက်ကျသွားတာ အဲဒါကို ပြန်မဖိတော့ တံခါးကမပွင့်တာ..။ အဲမှာ အိမ်သာထဲ မီတို့နှစ်ယောက် ၀ရုန်းသုန်းကားကိုဖြစ်လို့..။ တော်သေးတယ် တခြားလူတွေ အိမ်သာလာမတက်ကြလို့..။  မီက ငိုမဲ့မဲ့သံပေါက်နေတော့ သူက ၀ုန်းဆို အိမ်သာတံခါးဘောင်ပေါ်ခုန်တက်ပြီး မီရှိတဲ့ထဲကိုဝင်လာတော့မလို့ အဲချိန်ကျမှ တံခါးကပွင့်သွားတယ်..။ မီတို့အဖြစ်မှာ ရယ်ရငိုရဖြစ်သွားခဲ့တယ်..။ ရည်းစားဘ၀မှာ ပန်းခြံသွားတာတို့ဘာတို့ ရုပ်ရှင်ကြည့်တာတို့မလုပ်ဖြစ်ဘဲ အဲလို ဆိုင်ပေါက်စေ့တွေမှာ လိုက်စားကြတာ....။ မီတို့နှစ်ယောက်ပုံစံတူကြတာက အစားတွေမှာလေ...း)





“ကလေး ခုတစ်ယောက်တည်းလား ရည်းစားသစ်တွေဘာတွေရနေပြီလား.....” တဲ့..။

လရောင်ရဲ့ ငွေမှင်ရည်တွေ စွန်းထင်နေတဲ့ သူ့မျက်နှာကို မီတစ်ချက်မော့ကြည့်ရင်း ကြယ်ကလေးတွေလို တောက်ပနေတဲ့ သူ့မျက်ဝန်းကိုမြင်တော့ မီ ပြုံးလိုက်မိတယ်..။ သူတကယ် သိချင်နေတာလား... သိလျက်သားနဲ့ တမင်မေးနေတာလား...။

“ခင်ဗျား ဘယ်လိုထင်လဲ....”

မီ အဲလိုမေးတော့ မီ့ပခုံးကိုဖက်ထားတဲ့ သူ့လက်ဝါးနဲ့ မီ့ခေါင်းကို အုပ်လိုက်ပြီး သူ့ပခုံးဖက်ကို စောင်းပြီးမှီစေလိုက်တယ်..။

“ကိုယ်မမှားဘူးဆိုရင် ကလေး ကိုယ့်ကို စောင့်နေတုန်းလို့ ထင်တယ်...”

“ဟား ဟား... ခင်ဗျားက ကိုယ့်ဖက်ကို ယက်တတ်တဲ့ လိပ်မျိုးပဲ...”

ခြောက်ကပ်ကပ်ရယ်လိုက်မိတဲ့ မီအသံကို သူအဓိပ္ပါယ်ဖော်တတ်မှာပဲလေ မီသိပါတယ်...။

“အမှန်တိုင်းဖြေရရင် ကျွန်တော် ခင်ဗျားကို မစောင့်ပါဘူး... ကျွန်တော့် ဘ၀လမ်းကြောင်းအတွက် လုပ်စရာရှိတာ လုပ်နေတာပါ..”

“ဒါပေမယ့် ကိုယ့်ကိုတော့ ကလေးက မမုန်းဘူးမဟုတ်လား..”

မီတို့နှစ်ယောက်လမ်းခွဲကြတယ်ဆိုတာ မချစ်လို့မှမဟုတ်ဘဲ... ဝေးသွားခဲ့ပေမယ့် မီ သူ့ကို ခုထိမမေ့သေးပါဘူး..။ သူ့ကို အချိန်တိုင်းလွမ်းဆွတ်တမ်းတမနေပေမယ့် တိုက်ဆိုင်မှုရှိတိုင်း မီ သူ့ကို သတိရမိနေပါတယ်..။ပြီးတော့ မီတို့က ငယ်ချစ်လည်းဟုတ်တယ် အချစ်ဦးလည်းဟုတ်တယ်လေ..။







မီတို့နှစ်ယောက် လမ်းလျှောက်ပြန်လာရင်း စကားစမပြတ်သေးတာနဲ့ အိမ်ရှေ့ တမာပင်အောက်က ခုံတန်းလေးမှာ အတူထိုင်ရင်း စကားဆက်ကြတယ်..။

“ကျွန်တော် ဘယ်သူ့ကိုမှမမုန်းပါဘူး... ”
“ကောင်းပြီ... ဒါဆို ကိုယ်တို့ပြန်လက်တွဲကြမယ် မီဘယ်လိုသဘောရလဲ...”

မီက တွဲလောင်းချထားတဲ့ ခြေနှစ်ဖက်ကိုလွှဲပြီး  ကျောပိုးအိတ်ကြိုးကို လက်နှစ်ဖက်နဲ့ တချက်ဆွဲချရင်း သူ့ကိုလှည့်ကြည့်လိုက်တယ်...။ သူ မီ့မျက်ဝန်းတွေကို သေချာလိုက်ဖတ်နေတယ်...။ မီမျက်ဝန်းတွေဟာ ခုချိန်မှာ တန်ဆောင်မုန်းလရဲ့ ကောင်းကင်ပေါ်မှာ ပစ်ဖောက်လိုက်တဲ့ မီးပန်းဖွားတွေလိုပဲနေမှာ...။

“ညက မလှဘူးလား..ဟင်..ကလေး... ကိုယ်တို့နှစ်ယောက် ဒီလိုလှတဲ့ညတွေကို အတူမဖြတ်သန်းရတာ ဘယ်လောက်ကြာခဲ့ပြီလဲ...”


@@@@@@@




မီတို့ ပုဂံကို Express ကားနဲ့ ခရီးအတူထွက်ခဲ့ကြတယ်..။ သူက ဟိုက သူပါလာတဲ့ hoddies ခေါင်းစွပ်ဦးထုပ်အကျီင်္ သူနဲ့ဆင်တူ မီ့ကို တစ်ထည်ပေးတယ်..။ မီတို့ အဲညက ကားစီးတော့ အင်္ကျီဆင်တူဝတ်ကြတယ်..။ သူက အညိုရောင် မီက ပန်းဖျော့ရောင် ခါးတိုလေး...။ လမ်းမှာ ညစာစားသောက်ပြီး ကားပေါ်မတက်ခင် မီတို့ ဆိုင်ရှေ့ခဏလမ်းလျှောက်တော့ သူက စီးကရက် ထုတ်သောက်တယ်..။

“ခင်ဗျားခုထိ စီးကရက်တွေသောက်တုန်းလား...”

“အေးကွာ... ထုံးစံအတိုင်းပေါ့ ကိုယ်သူ့ကို ဖြတ်လိုက်သောက်လိုက်ပါပဲ..” သူအဲလိုပြန်ဖြေတော့ မီ တချက်ပြုံးလိုက်မိတယ်...။ မီတို့စတိတ်ကျောင်းကတည်းက သူစီးကရက်တွေသောက်နေတာ အဲတုန်းကလည်း ဒီလိုပဲ သောက်လိုက်ဖြတ်လိုက်နဲ့ သူ့ဟာသူ ခုထိ စိတ်မနိုင်ဖြစ်တုန်း..။

ကားပေါ်နေရာပြန်ယူကြပြီး မီ အိတ်ထဲဆောင်ထားတဲ့ Chewing Gum လေးသူ့ကိုထုတ်ပေးလိုက်တော့..။ သူပါးစပ်ထဲပစ်ထည့်ဝါးရင်း...။

“ဘာလဲ မီက ကိုယ့်စီးကရက်နံ့ကိုမခံနိုင်တော့ဘူးပေါ့ ခုမှ..” လို့ သူစလိုက်လို့ မီသူ့လက်မောင်းကို ထုပစ်လိုက်တယ်..။ “ အား... လက်သန်ကလဲပြောင်ပါ့..”





မီတို့ ပုဂံရောက်တော့ အခန်းကြိုယူပြီးသားမို့ အဆင်သင့်ဝင်နားရုံပဲ..။ မနက်မိုးမလင်းခင်ရောက်သွားတော့ ဟိုတယ်ရောက်တာနဲ့ နှစ်ယောက်သား အထုပ်တွေပစ်ချပြီး ကုတင်ပေါ်တန်းအိပ်ကြတယ်..။ မီတို့က နှစ်ယောက်ခန်းကို twin ယူထားတယ် ကုတင်တစ်ခုဆီ..။ သူ့သိက္ခာ မီ့အပေါ်ထားတဲ့ သူ့ရဲ့ချစ်ချင်ကြင်နာမှု ယုံကြည်မှု အဲဒီနှစ်ခုတည်းနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ မီစတေးရဲပါတယ်..။

မီနိုးတော့ သူက ရေမိုးချိုးပြီးနေပြီ...။ မီအိပ်တာကို သူက ဖုန်းကြည့်ရင်း သူ့ကုတင်ပေါ်ကနေ စောင့်ကြည့်နေတာ...။ တကယ်တော့ မီနိုးလာခဲ့တာ သူ့ဆီကရတဲ့ ရေချိုးပြီးစ လတ်ဆတ်တဲ့ Pear ဆပ်ပြာနံ့လေးကြောင့်...။

“ကလေးလေး မျက်လုံးမဖွင့်ဘဲ ပြုံးမနေနဲ့ ထတော့ ရေမိုးချိုးပြီးတာနဲ့ ကိုယ်တို့ မနက်စာတစ်ခုခု ထွက်စားရအောင်...ဒီဟိုတယ်ကမဟုတ်တဲ့ ဒေသစာတစ်ခုခုစားချင်တယ်ကွာ..”

“ဘယ်ချိန်ရှိပြီလဲဟင်... မီ ငါးမိနစ်လောက်ထပ်အိပ်ချင်သေးတယ်ရလား ကိုကို..”  မီက အိပ်ချင်မူးတူးလေသံနဲ့မေးရင်း တစ်ဖက်လှည့်အိပ်လိုက်သေးတယ်..။

“ရှစ်နာရီထိုးနေပြီ တော်ကြာ ကိုးနာရီဆို ကိုယ်တို့ကို ကားလာကြိုမှာ ဒီနီးနားလေးမှာ မနက်စာထွက်စားရအောင် ထပါတော့ကွာ ကလေးကို ကိုယ်လာပွေ့ချီချရမလားပြော..”  သူ ကုတင်ပေါ်က ဆင်းလိုက်သံကြားလို့ မီ ချက်ချင်း ငေါက်ခနဲထထိုင်ပစ်လိုက်တယ်..။

“အိုကေ အိုကေ မီခုပဲရေသွားချိုးတော့မယ်...”  ကုတင်ပေါ်မျက်လုံးမဖွင့်တဖွင့်နဲ့ ငုတ်တုတ်လေးထထိုင်နေတဲ့ မီ့ပုံကိုကြည့်ပြီး သူသဘောကျစွာရယ်မောနေမိတယ်...။

မီတို့ရေချိုးပြီး ဟိုတယ်အပြင်ထွက်တော့ လမ်းထိပ်ဖက်မှာ အကြော်တဲလေးတွေ့တာနဲ့ အကြော်ဝယ်စားကြတယ်..။ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ရောင်းတဲ့အသည်ပါ ဆိုင်ကယ်နဲ့ရောက်လာတော့ ကောက်ညှင်းပေါင်းနဲ့အကြော်စားကြတယ်....။

“ကိုယ်ဒါမျိုးမစားရတာတောင် ဘယ်လောက်ကြာပြီလဲ ...”

“ကောင်းတယ်မဟုတ်လား စားစား မီကျွေးမယ်ဒီမနက်စာကို..”

မီက ငှက်ပျောဖက်နဲ့ထုပ်ပေးထားတဲ့ ကောက်ညှင်းပေါင်းကို မန္တလေးပဲကြော်နဲ့ လက်နဲ့အားပါးတရစားနေတဲ့ သူ့ကို လှမ်းကြည့်တော့ သူ့လက်ကောက်ဝတ်က လက်ပတ်ကလေးကို မီသတိထားမိသွားတယ်..။ မီတို့ ရည်းစားဖြစ်စက မီ လက်ဆောင်ပေးဖူးခဲ့တဲ့ ချည်နဲ့သရေကိုအလှဆင်ထားတဲ့ အညိုရောင် ဖန်စီလက်ပတ်ကြိုးလေး..သူခုထိသိမ်းထားတုန်း...။ မီခုစီးထားတဲ့ ဖိနပ်ကလည်း တချိန်က မီ့ကိုသူဝယ်ပေးခဲ့ဖူးတဲ့ဖိနပ်နဲ့ဆင်တူ မြန်မာသရေခြေညှပ်ဖိနပ်လေး...။





ကိုးနာရီထိုးတော့ မီတို့တစ်နေ့စာငှားထားတဲ့ ကားလေးရောက်လာတော့ သူတို့အစီစဉ်အတိုင်း ဘုရားအစုံလိုက်ပို့ပေးတယ်..။ သူက ဘုရားတစ်ခုရောက်တိုင်း သူ့ကင်မရာနဲ့ မီ့ကို ဓါတ်ပုံတွေရိုက်ပေးတယ်..။ ရုပ်သေးရုပ်တွေ ယွန်းပစ္စည်းတွေ ရှုမျှော်ခင်းပုံတွေ သူရိုက်တယ်..။ မီတို့နှစ်ယောက်တွဲပုံကိုတော့ ကြုံသလို တစ်ယောက်ယောက်ကို အကူညီတောင်းပြီးရိုက်တယ် ဒါမှမဟုတ် နေရာကောင်းကောင်းရှိရင် timer ပေးပြီးချိန်ပြီးရိုက်ကြတယ်..။ နေ့လည်စာကို မြန်မာထမင်းဟင်းကောင်းကောင်းရောင်းတဲ့ဆိုင်ဆီ ကားသမားက လိုက်ပို့ပေးတယ်..။ မီတို့ စားသောက်ရတာရော ဘုရားဖူးရတာရော အဆင်ပြေတယ်..။ ဘုရားပေါ်က ဆင်းတိုင်း သူက မီ့လက်ကို မြဲမြဲဆုတ်ကိုင်ထားပြီး “ချာတိတ် ဘာ...ဆုတွေတောင်းလဲ” လို့မေးတတ်တယ်..။ မီကလည်း လူလည်ကျပြီး “မပြောပြဘူး..”လို့ သူ့ကိုလျှာထုတ်ပြောင်ပြပြီး အနိုင်နဲ့ပိုင်းတယ်..။


ဘုရားပေါ်တက်ပြီး ပုဂံမြို့တစ်ခုလုံးရဲ့ ရှုမျှော်ခင်းပုံတွေကို သူရိုက်နေချိန်ဆို မီက ဘေးနားကနေ သူကင်မရာချိန်တာ focus ယူတာကို လိုက်ကြည့်တတ်တယ်..။ ကင်မရာကိုင်ထားတဲ့ သူ့လက်ချောင်းရှည်သွယ်သွယ်တွေကို မီ..သိပ်...သဘောကျတာပဲ...။ သူ့လက်ဖ၀ါးတွေက နဲနဲကြမ်းပေမယ့် မီ့အတွက် အမြဲတမ်းနွေးထွေးမြဲမြန်တဲ့ လက်တစ်စုံလို့ မီခံစားမိတယ်..။ ဒါကြောင့် မီဖုန်းလေးနဲ့ ကင်မရာကိုင်ထားတဲ့ သူ့လက်ချောင်းရှည်သွယ်သွယ်လေးတွေကို သူမသိအောင် ရိုက်ထားလိုက်တယ်...။

နောက်တစ်ရက် မီတို့ ပခုက္ကူဖက်ကမ်းကိုကူးပြီး ဘုရားစုံဖူးကြတယ်..။ ပခုက္ကူမြို့က အကောင်းဆုံးသနပ်ခါးတွေထွက်တဲ့နေရာ...။ သနပ်ခါးဆိုင်ကိုရောက်တော့ ကျောက်ပြင်ကြီးကြီးနဲ့ သူကိုယ်တိုင် သနပ်ခါးသွေးပြီး မီ့ကို အားရပါးရလိမ်းပေးတယ်..။ ဘယ်ဆိုးလို့လဲ သူက ပါးကွက်တွေကို ဟိုဖက်ဒီဖက် ညီအောင်ကွက်ပေးတတ်သေးတယ်..။ သူ့လက်ချောင်းရှည်သွယ်သွယ်နဲ့ သနပ်ခါးရည်လူးပြီး မီ့ပါးပေါ်အေးခနဲ တင်လိုက်ချိန် သူ့လက်ချောင်းတွေဆီကတဆင့် အချစ်တွေ ယုယမှုတွေကို မီ သိမ့်ခနဲ ခံစားလိုက်ရတယ်...။ လိမ်းပြီးတော့ သနပ်ခါးခြောက်အောင်ဆိုပြီး သူက ဆိုင်ရှင်အဒေါ်ကြီးဆီက ယပ်တောင်ခဏတောင်းပြီး ခတ်ပေးသေးတယ်..။

“မှန်းစမ်း... သနပ်ခါးလေးက ဘယ်လောက်မွှေးလဲလို့” လို့ပြောပြီး သူက မီပါးနားကိုတိုးကပ်လာတော့ မီသူ့ကို မျက်လုံးပြူးပြီး သတိထားဆိုတဲ့ပုံနဲ့ သူ့ကိုလက်တီးဆုတ်ပြလိုက်တယ်...။

“အေးပါကွာ... ကလေးက သိပ်ကပ်စေးနဲတာပဲ..”

သူက မျက်နှာငယ်ငယ်လေးလုပ်ပြီး ပြောတော့ မီက ပါးတစ်ဖက်ဖေါင်းပြီး လက်ညှိုးနဲ့တို့ပြတယ်..။

“နှာခေါင်းနဲ့ပဲမွှေးကြည့်ရမယ်နော်..” တဲ့...။ မီကအဲလို သူ့ကိုအလိုမလိုက်ခင် နည်းနည်းကျိန်းဝါးပြရသေးတာ..။ မီဟာ လွယ်လွယ်ကူကူနဲ့ရတဲ့ တန်ဖိုးမရှိတဲ့ မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုတာ သူ့ကို အချိန်တိုင်း သတိပေးရမယ်လေ...။

“ရက်စ်....” သူက မီ့ပါးကိုနမ်းမွှေးပြီး လက်တီးလက်မောင်းထောင်လိုက်သေးတယ်..။

“ကဲ အဒေါ်ရေ ကျွန်တော်တို့ သနပ်ခါး ငါးတုံးဝယ်မယ်ဗျာ... ဈေးတော့ နည်းနည်းလျှော့ပေး..” ဆိုပြီး ဆိုင်ရှင်အဒေါ်ကြီးကို သူအားပေးနေတယ်..။  အဲဒီနေရာပြီးတော့ မီတို့ ပခုက္ကူချည်ထည် ဖျင်ထည်တွေရှိတဲ့ဆိုင်ကို ဆက်သွားကြတယ်...။ ပခုက္ကူစောင်တွေ အဆင်စုံ မီတို့ဝယ်ကြပြန်တယ်..။ မီ့ဆိုင်အတွက်ရော သူက ဟိုကိုပြန်ရင် မိတ်ဆွေတွေကို လက်ဆောင်ပေးဖို့ စားပွဲခင်းတွေ လက်သုတ်ပုဝါတွေ ၀ယ်တယ်...။

တကယ်တော့ မီတို့နှစ်ယောက် ခုလိုခရီးအတူသွားတာ ဒါပထမဆုံးအကြိမ်တော့မဟုတ်တော့ဘူး...။ တက္ကသိုလ်တုန်းက ကျောင်းကသူငယ်ချင်းတွေနဲ့စုပြီး ကျိုက်ထီးရိုးတို့ တောင်ကြီးအင်းလေးတို့ အတူသွားခဲ့ဖူးသေးတယ်...။ အဲတုန်းကတော့ သူကငယ်တုန်းဆိုးသွမ်းတုန်းချိန်မို့ မီ့ကို ခုလို ဂရုစိုက်ရကောင်းမှန်းလည်း နားမလည်ခဲ့ဘူးပေါ့...။ မီ့ကိုဆို အနိုင်ကျင့်လို့ကောင်းတဲ့အချိန်ပေါ့ တစ်ခုခုစားချင်ရင်လည်း မီကလိုက်ကျွေးရတယ် မီ့အပေါ်သိပ်ဂျီကျတတ်တဲ့ ကောင်ဆိုးလေးပေါ့..။ အပြင်မှာချိန်းပွဲတွေနဲ့ ဒဏ်ရာတွေဖူးရောင်ပြီးရလာရင်လည်း မီပဲ သူ့ကို ကြပ်ပူထိုးပေးရ ဆေးထည့်ပေးရ လုပ်ရတာ...။


@@@@@@@@@@@


 




မီတို့ ရန်ကုန်ပြန်ရောက်ပြီး လေးငါးရက်နေတော့ သူပြန်ရတယ်...။ ရန်ကုန်မှာ သူလည်း လုပ်စရာရှိတာလုပ်နေတာနဲ့ မီတို့ တွေ့ဖို့တောင်အချိန်သိပ်မရှိဘူး...။ သူပြန်တော့ မီ လေယာဉ်ကွင်းလိုက်ပို့ဖြစ်ပါတယ်...။ Check In ၀င်ခါနီးတော့ သူမီ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး နှုတ်ဆက်တယ်...။ သူ့မျက်ဝန်းတွေဆီက အရည်ကြည်တွေလဲ့လို့ မီပါးပြင်ပေါ်မှာလည်း မျက်ရည်တွေစီးလို့..။ သူက မီကို သူ့လက်ချောင်းတွေနဲ့ မျက်ရည်သုတ်ပေးခဲ့တယ်...။

“ကိုယ်တို့ အနည်းဆုံး နောက်သုံးနှစ်ကျရင် ပြန်ဆုံကြမယ်..”တဲ့....။

ပြီးတော့ မီလက်ထဲကို စာတစ်စောင်ထည့်ပေးသွားတယ်... အိမ်ရောက်မှဖတ်ကြည့်တဲ့..။

~~~~~~~~~~~~

အရင်ဆုံး ကိုယ်တခဏပြန်ရောက်တဲ့ အချိန်မှာ ကိုယ့်ကို နွေးထွေးစွာကြိုဆိုတဲ့အတွက်
မင်းကို ကျေးဇူးတင်ပါတယ်...

ဟိုအရင်ချိန်တွေတုန်းက အပြင်မှာ ရန်ဖြစ်ပြီး ကိုယ်ဒဏ်ရာရလာခဲ့ရင် မင်းလက်နဲ့ ပလာစတာကပ်ပေးခဲ့တဲ့အချိန် မင်းရဲ့ မေတ္တာကို ကိုယ်သိခဲ့ရတယ်ဆိုတာ မင်းငြင်းလို့မရဘူး... ....

ကိုယ်က မြန်မာဝတ်စုံကို သဘောကျတယ်ပြောလို့ ဘုရားသွားတဲ့ အချိန်တိုင်း မြန်မာဝတ်စုံ အမြဲဝတ်တာ ကိုယ်မှတ်မိတယ် အဲဒါလည်း မင်း ငြင်းလို့မရဘူး....

ကိုယ်နဲ့ ဘယ်လိုပဲ စိတ်ဆိုးစိတ်ကောက်နေပေမယ့် ကိုယ်အပြင်မှာတစ်ခုခုသွားစားချင်တယ်လို့ မက်ဆေ့ခ်ျပို့ရုံနဲ့ ကိုယ်စားချင်တာ ၀ယ်ကျွေးခဲ့တဲ့ မင်းရဲ့ စေတနာကိုလည်း ကိုယ်ဘယ်လိုမှ အသိမှတ်မပြုလို့မရခဲ့ဘူး... ....

မတူညီတဲ့အသိုင်းအ၀ိုင်း မတူညီတဲ့ စိတ်ခံစားမှုတွေကြားထဲကနေ ကိုယ့်ကို (၆) လနီးပါး ပတ်သက်ဆက်ဆံပေးခဲ့တဲ့ မင်းရဲ့ ပြတ်သားပြင်းထန်တဲ့ စိတ်ကို ကိုယ်အံ့သြမိတယ်... ...

ကိုယ့်ကို ဘယ်တုန်းကမှ ဘယ်တော့မှ ချစ်တယ်မပြောခဲ့ပေမယ့် ကိုယ်တို့ လမ်းခွဲကြမယ်လို့ ကိုယ်ပြောတဲ့အချိန်မှာ အသားညှပ်ပါမုန့်ကို ဟန်ပါပါစားနေပေမယ့် ကော်ဖီကို ဟန်ပါပါသောက်နေပေမယ့် မင်းနုတ်ခမ်းတွေ တဆတ်ဆတ် တုန်နေခဲ့တာ ကိုယ်မှတ်မိသေးတယ်.....

ကိုယ့်တစ်ဘ၀လုံးမှာ မင်းနဲ့ ပတ်သက်ခဲ့တဲ့ အမှတ်တရတွေက အများကြီးရှိနေတယ်... ကိုယ်ဘယ်တော့မှမမေ့မယ့် အရာတွေ ပြီးတော့ ကိုယ်မေ့ပစ်ချင်ပေမယ့်လည်း မေ့လို့မရတဲ့အရာတွေ...

မင်းမယုံကြည်ရင်တောင် မင်းယုံကြည်ရမယ့် အရာတစ်ခုက မင်းအပေါ် ကိုယ်ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ အပေါစားဆန်မနေဘူးဆိုတာပဲ ......

ကိုယ့်လုပ်ရပ်တွေ ကိုယ့်အပြုအမူတွေ အများကြီး မှားခဲ့တယ် ဆိုးခဲ့တယ်လို့ ကိုယ်ဝန်ခံပါတယ်.....

ကိုယ်အာမခံနိုင်တာတစ်ခုက အဲဒါတွေအားလုံးထဲမှာ မင်းကို ချစ်တဲ့စိတ်တွေတော့ ပါနေတယ်ဆိုတာပဲ.....

ကိုယ်မင်းကို အမြဲ သတိရနေတယ် ချာတိတ်.....ပြီးတော့..... ကိုယ်မင်းကို အမြဲသတိရနေမှာပါ...

ကိုယ့်ကိုခွင့်လွှတ်ပါ... ကိုယ့်ကို သတိရနေပေးပါ.....


မိုးငွေ့

No comments: