မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 15 August 2017

Black Coffee.....



“ကော်ဖီတခွက်လောက် တိုက်ပါလား ဘာဇာတ်လမ်းမှ ပြန်မစပါဘူး ပြီးတော့ ဘာစကားမှလည်း မပြောပဲနဲ့လေ ဒီတိုင်း ဒီတိုင်းပဲ ကော်ဖီသောက်ရင်း ထိုင်ကြည့်ချင်တာပါ... အချိန်နဲ့ နေရာ နေ့ရက်ကို မက်ဆေစ့်ပို့ပေးထားရုံပါပဲ  ဖုန်းနံပါတ်ပေးစရာ မလိုပါဘူး စကားမစပ် ကျွန်တော်ပြောင်းလဲသွားပြီ ရည်းစား မထားတော့ဘူး (၃) နှစ်ပြည့်တော့မယ် :)...”  

အို...သိပ်လှတဲ့ ထောင်ခြောက်တစ်ခုထဲကို ကျွန်မဆင်းသက်မိတော့မှာပဲ.......။

ဒီစာကြောင်းသုံးကြောင်းကို ကျွန်မအခေါက်ခေါက် အခါခါဖတ်ပြီး ပထမဆုံး Adele ရဲ့ Hello သီချင်းကို ပြေးမြင်မိတယ်..။ သူ့သီချင်းလေးကိုနားထောင်ကြပြီး ကမ္ဘာတစ်ဝှမ်းကလူတွေ ရည်းစားဟောင်းကို အဆက်အသွယ်ပြန်လုပ်ကြတယ်လို့ ဖတ်ဖူးထားခဲ့တယ်..။ ရည်းစားဟောင်းနဲ့ ကော်ဖီအတူပြန်သောက်တဲ့အခါ တစ်ယောက်ကို တစ်ယောက်စကားမပြောဘဲ  ကော်ဖီလေးမြှုံ့ပြီး ထိုင်ကြည့်ရုံပဲ ဆိုတဲ့အလုပ်မျိုးကို ကျွန်မတစ်ခါမှ မလုပ်ဖူးသေးဘူး... စိတ်ဝင်စားစရာပဲ..။ လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတဲ့အခါ မိတ်ဆွေသူငယ်ချင်းဖြစ်ဖြစ် ချစ်သူရည်းစားပဲဖြစ်ဖြစ် ဆွေမျိုးသားချင်းပဲဖြစ်ဖြစ် ခွန်းတုံ့နှုတ်ဆက်ကြရတာကို ဆန့်ကျင်ပြီး နှုတ်ဆိတ်ရေငုံ တစ်ယောက်ကို တစ်ယောက်ထိုင်ကြည့်ရုံ မျက်ဝန်းချင်းစကားပြောရုံဆိုတာ တော်ရုံဖြစ်နိုင်ပါ့မလား..။ တခုခုတော့ ပြောလိုက်မိမှာပဲ...။ ဥပမာ...“ယူ နဲနဲပိန်သွားတယ်နော်... ခုဘယ်သူနဲ့တွဲနေလဲ” တို့ ဘာတို့လောက်တော့ ပြောဖြစ်မယ်ထင်တယ်..။ လုံးဝစကားမပြောဘူးဆိုတာတော့ Game အသစ်တစ်ခု ကစားရသလိုပဲနေမှာ...။ မလုပ်ဖူးတာကို လုပ်ကြည့်ချင်ရုံသက်သက်နဲ့တော့ ကျွန်မ Game ဆော့ရတာ ၀ါသနာမပါဘူး...။




အတောင်ပံကျိုးပြီးသား လိပ်ပြာတစ်ကောင်ကို နောက်တစ်ကြိမ် ပိုက်ကွန်နဲ့ ထပ်ဖမ်းတာတော့ မဟုတ်တန်ကောင်းပါရဲ့...။ ကျွန်မဟာ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ဘဲ ကိုယ့်စိတ်နှလုံး လွတ်လပ်ပျော်ရွှင်ရာကို စီးမျောလိုက်ပါ လုပ်ဆောင်တတ်သူ တစ်ယောက်ပါ...။ ဒါပေမယ့် အနက်ရောင် ကော်ဖီခါးခါးတစ်ခွက်ရဲ့ ဖျားယောင်းမှုနောက်ကို  မိုက်မဲစွာ လိုက်သွားခွင့်တော့ ကျွန်မ နှလုံးသားက ခွင့်ပြုခဲ့ရင်တောင်  ဦးနှောက်က ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး...။ ပြီးတော့ ကျွန်မကိုယ်ကျွန်မ အကြိမ်ကြိမ်မိုက်မဲသူတစ်ဦးအဖြစ် ဘယ်တော့မှ တိုက်တွန်းအားပေးမှာ မဟုတ်ဘူး..။



အနက်ရောင် ကော်ဖီတစ်ခွက်ဟာ ကျွန်မရဲ့ ၀ိဥာဉ်ဆိုတာ ဒီကော်ဖီခွက်လေးက သက်သေပြနေမှာပါ...

 
လိပ်ပြာတစ်ကောင်ရဲ့ အတောင်ပံတွေဟာ အန်မတန်နုဖတ်လွန်းလှတဲ့ အကြောမျှင်တွေနဲ့ ယှက်တွယ်ဖွဲ့စည်းထားတာ တို့ထိလိုက်တာနဲ့ ကြွေကျပျက်စီးသွားလိမ့်မယ် ....။ ဒါကြောင့် အနက်ရောင် လိပ်ပြာလေးတစ်ကောင် လွတ်လပ်စွာပျံသန်းနေတာကို ကျေးဇူးပြုပြီး အဝေးကပဲ စောင့်ကြည့်ပေးပါ...။

မိုးငွေ့

1 comment:

ချစ်ကြည်အေး said...

သတိရနေလို့ ချစ်စရာအက်ဆေးလေးလာဖတ်သွားတယ်......