မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Sunday, 16 July 2017

Black Sky.....




“ကော်ဖီ ခါးခါး တခွက်ကို မိန်းမခါးခါး တယောက်ရှေ့မှာ မသောက်ရတာ ကြာပြီ .........
Black Sky ရှေ့ကိုဖြတ်တိုင်း ပုံရိပ်တချို့က မျက်ဝါးထင်ထင်..”... လို့ သူကျွန်မဆီကို မက်ဆေ့ခ်ျပို့လာတော့ “Black Sky" ဆိုတဲ့ “အနက်ရောင်မိုးကောင်းကင်”  ကို ကျွန်မတော်တော်စဉ်းစားခဲ့ရတယ်..။ ဘာနာမည်ပါလိမ့် ။ ဘယ်နေရာပါလိမ့်...။ Memory recall တော်တော်ပြန်ခေါ်ယူရတယ်...။ အတိတ်မေ့ရွှေပျောက်နေပြီလားလို့ သူကျွန်မကို အပြစ်တင်နေမှာ သေချာတယ်..။

ကော်ဖီခါးခါးဆိုတာ ကျွန်မသုံးနေကျစကားလုံးပေမယ့် “မိန်းမခါးခါး”ဆိုတာကတော့ ဒီနေ့ ကျွန်မရလိုက်တဲ့ သူ့ဆီက စကားလုံးအသစ်ပဲ..။ သြော်... ကျွန်မဟာ သူ့အတွက် မိန်းမခါးခါး တစ်ယောက်တဲ့လား....ဟဟ.. သူကတော့ ကျွန်မအတွက် ဘယ်ချိန်မဆို မပြောင်းလဲတဲ့ ကော်ဖီခါးခါးတစ်ခွက်....။




“Black Sky” ဆိုတဲ့ အနက်ရောင်မိုးကောင်းကင် ကော်ဖီဆိုင်လေးဟာ ကျွန်မတို့နှစ်ယောက်ပထမဆုံး ဆုံတွေ့ကြတဲ့ နေရာလေးတစ်ခုပေါ့....။ လမ်းမကျယ်ကြီးပေါ်မှာရှိတယ်..။ အေးအေးဆေးဆေးနေရာတစ်ခုလို့ မဆိုနိုင်ဘူး သာမန်ကာလျှံကာ ကော်ဖီဆိုင်လေးတစ်ဆိုင်ပါပဲ..။ အခင်းအကျင်းဆွဲဆောင်မှုမရှိ ကော်ဖီအရသာ ခပ်ညံ့ညံ့ထဲမှာပါတဲ့ ဆိုင်လေးတစ်ခုပါ...။ ဆိုင်နာမည်လေးတစ်ခုသာ ဆန်းဆန်းပြားပြားလေးဖြစ်နေတာ..။ ဒီလိုနာမည်ဆန်းဆိုင်လေးကိုမှ ကျွန်မကမေ့နေခဲ့ရတယ်လို့...ပြီးတော့ ကျွန်မတို့ရဲ့ ပထမဦးဆုံး လူချင်းဆုံဖြစ်ခဲ့တဲ့ နေရာလေး...။ အဲဒီနေ့က မျက်ဆံနက်နက် မျက်တောင်ရှည်ရှည်တွေဝန်းရံထားတဲ့ ဗာဒံစေ့ပုံမျက်အိမ်လေးတွေ မှေးစင်းသွားလောက်အောင် ဖွေးဖြူနေတဲ့သွားတန်းလေးတွေနဲ့ ပြုံးနေခဲ့တဲ့ သူ့မျက်နှာကိုတော့ မှတ်မိနေတယ်..။ ပြီးတော့ ကျွန်မအသက်ကိုမယုံလို့ ပိုက်ဆံအိတ်ထဲက မျက်ကြည်လွှာလှူခဲ့ဖူးတဲ့ ကဒ်ပြားလေးမှာပါတဲ့ မွေးသက္ကရာဇ် ထုတ်ပြခဲ့တာကို အမှတ်ရနေသေးတယ်..။

ကျွန်မတို့နှစ်ယောက်ရဲ့ ဆုံတွေ့မှုဟာ အနက်ရောင်မိုးကောင်းကင်ကနေစခဲ့တယ်....ပြီးတော့ အညိုရောင်မိုးကောင်းကင်နဲ့ အဆုံးသတ်ခဲ့ရတယ်...။ ကြားထဲမှာ ကျွန်မတို့အတွက် အပြာရောင်မိုးကောင်းကင်တွေ ပေါ်ထွန်းခဲ့ဖူးသလား.... လိမ္မော်ရောင်တိမ်တွေ တောက်ခဲ့ဖူးသလား...ဆိုတာ အဲဒီတုန်းက ကျွန်မ ကောင်းကင်ကို တစ်ခါမှ မော့မကြည့်ခဲ့ဖူးဘူး...။ သေချာတာကတော့ ကျွန်မတို့ရဲ့ဖြတ်သန်းမှုတွေကို မီးခိုးရောင်တိမ်တိုက်နေ့ရက်တွေနဲ့ အုံ့ဆိုင်းခံ ခဲ့ရတယ်...။ 


 


ညနေတိုင်း အိမ်အပြန်လမ်းမှာ တစ်ယောက်လက်တစ်ယောက် မြဲမြဲဆုတ်ကိုင်ပြီး   ကျွန်မတို့ ကော်ဖီဆိုင်တစ်ခုခု မဟုတ်ရင် ခေါက်ဆွဲဆိုင်တစ်ခုခုမှာ ထိုင်ဖြစ်ခဲ့ကြတယ်..။ ကော်ဖီမကြိုက်တဲ့သူက ကျွန်မနဲ့အတူ ကော်ဖီထိုင်သောက်တယ်...။ ကျွန်မခေါက်ဆွဲစားနေရင် သူက ကျွန်မကိုစွဲမက်ညှို့ငင်စေတဲ့ အမူအရာနဲ့ စီးကရက်တစ်လိတ်ကို ဇိမ်ပြေနပြေဖွာပြီး ထိုင်ကြည့်နေတတ်တယ်..။ ကျွန်မတို့ နှစ်ယောက်အတွက် မရိုးအီနိုင်တဲ့ ဆုံတွေ့မှုတွေ...။ ဒါပေမယ့် ပျောက်ပျက်လွင့်ပြယ်လွယ်တဲ့ ကျွန်မအချစ်ကို မယုံကြည်လို့ ကျွန်မ သူနဲ့ လမ်းခွဲလိုက်တယ်...။ 

ကျွန်မတို့ အနက်ရောင်မိုးကောင်းကင်မှာ စတင်ဆုံတွေ့ခဲ့ကြတယ်...။ ကော်ဖီခါးခါးဆိုတာလည်း အနက်ရောင်ပဲ.....။ ဒါဆို မိန်းမခါးခါး လို့သူတင်စားပြောခဲ့တဲ့ ကျွန်မလည်း အနက်ရောင်ပဲ....။

အစ = အနက်ရောင်မိုးကောင်းကင်ကော်ဖီဆိုင်
အလယ် = ကော်ဖီခါးခါး
အဆုံး = မိန်းမခါးခါး


မိုးငွေ့

No comments: