မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Monday, 22 May 2017

Whole meal bread and Pork floss Chinese cookies.....


   

မုန့်သင်တန်းပြီးကတည်းက ဆရာသင်ထားတဲ့ထဲက မုန့်တွေကို ပြန်လှန်လေ့ကျင့်ဖို့မလုပ်သေးဘဲ တခြားမုန့်တွေပဲ စမ်းလုပ်ဖြစ်နေတာ..။ ခုတော့ ဆရာ့နည်းနဲ့ ဂျုံကြမ်းပေါင်မုန့်လုံးလေးလုပ်ပါမယ်..။ ဂျုံနုထက်စာရင် ဂျုံကြမ်းပေါင်မုန့်က ကျန်းမာရေးနဲ့ပိုကိုက်ညီပါတယ်..။ မနက်စာ နေ့ခင်းစာ ပေါင်မုန့်မီးကင်ထောပတ်သုတ် သို့မဟုတ် ယိုလေးသုတ်စားလို့ ရပါတယ်..။ home made ဖြစ်တဲ့အတွက် သုံးရက်ထက်တော့ ပိုအထားမခံပါဘူး..။ ခုလုပ်ခုစားရတာတော့ အကောင်းဆုံးပါပဲ..။ ကျွန်မကတော့ Oven ထဲက ထွက်လာတဲ့ ပေါင်မုန့်ပူပူနွေးနွေးကို စားရတာပိုကြိုက်တယ်..။ ပေါင်မုန့်ဖုတ်ရတာ မုန့်သားနယ်ရတာတော့ အပင်ပန်းဆုံးပဲ..။ ဂျုံမွှေစက်အကြီးစားနဲ့မှအဆင်ပြေတာ အိမ်သုံးတဲ့ ဂျုံမွှေစက်က ပေါင်မုန့်လုပ်ဖို့မနိုင်ဘူး..။ ပေါင်မုန့်သားက ရေကြိုက်တယ်..။ recipe မှာ ပေးထားတာထက် ရေနည်းနည်းပိုထည့်လေ မုန့်သားပိုကောင်းလေပဲ..။ မုန့်နယ်ရင်တော့ ရေကို ပါဝင်မှုအတိုင်း ဒရဟောလောင်းမထည့်ရပါဘူး..။ နည်းနည်းဆီထည့်နယ်ပေးရင် ပိုကောင်းပါတယ်..။ ကျွန်မက အိမ်မှာရှိတဲ့ စက်နဲ့အရင်ရိုက်ပါတယ်..။ မုန့်သားသမသွားတော့မှ မုန့်သားနှပ်လာအောင် မျက်နှာ်ပြင်ကျယ်ကျယ် သစ်သားပြားပေါ်မှာ လက်ဖနောင့်နဲ့ မိနစ်နှစ်ဆယ်လောက်နယ်ပေးရပါတယ်..။ ပေါင်မုန့်လုပ်ရတာ ပင်ပန်းတယ် ခုလိုပူတဲ့ရာသီမှာ ချွေးတလုံးလုံးနဲ့ နယ်ရတာ..။ ကိုယ့်မုန့်သားနှပ်မနှပ်ကို window pane test လုပ်ဖို့မမေ့ပါနဲ့..။ မုန့်သားကို သေးသေးလုံးပြီး ဖြဲကြည့်ပါ မုန့်သားပါးလျပြီး ပေါက်ပြဲမသွားရင် ရပါပြီ.....။ မုန့်သားကို အဖုံးအုပ်ပြီး အခန်းအပူချိန်မှာ နှစ်ဆပွတက်လာတဲ့ထိထားပါ..။ ပေါင်မုန့်လုပ်ရတာ မုန့်သားကို မေ့နေအောင်ပစ်ထားလို့ရတယ်..။ မုန့်သားပွလာရင် တစ်ခါထပ်နယ်ပေးရပါတယ်..။  မုန့်ဘန်းအောက်ခံနဲ့ မုန့်ပေါ်ကို ဂျုံမှုန့်အနည်းငယ်ဖြူးပြီး ရေဖျန်းပေးပါ..။ ခဏအပွထပ်ခံပြီးရင်တော့ 200ံC ကြိုတင်အပူပေးထားတဲ့ Ovenမှာ 20မိနစ် ဖုတ်ပါ....။

1. 100g bread flour     
2. 50g whole wheat flour
3. 7g yeast
4. 1/2 tsp salt
5. 80g water

မုန့်သားဒီလိုချောမွတ်လာရင် လုံးပြီးအပွခံရပါမယ်


 


ဝက်သားမျှင်ကွတ်ကီးလေးတွေက pineapple tart မုန့်လေးတွေလိုပဲ တရုတ်နှစ်သစ်ကူးတွေမှာလုပ်ပြီး ဗူးလှလှလေးတွေနဲ့ လက်ဆောင်ပေးလေ့ရှိတဲ့ မုန့်တစ်မျိုးဖြစ်ပါတယ်...။ လုပ်ရတာလည်း လွယ်ကူတယ် အချိန်လည်း သိပ်ပေးစရာမလိုဘူး..။ ချိုငန်အရသာရှိပြီး လျှာပေါ်မှာမွမွလေးနဲ့ သိပ်စားကောင်းတယ်..။

လိုအပ်တာလေးတွေကတော့

100g unsalted butter  (အငံမပါတဲ့ထောပတ်)
20g icing sugar (သကြားမှုန့်)
60g plain flour (ဂျုံမှုန့်)
60g corn flour (ပြောင်းမှုန့်)
1/4 tsp salt (ဆား)
1/8 tsp baking powder (ဘေကင်ပေါင်ဒါ)
1tbs white sesame, roasted until fragrant and golden (နှမ်းလှော်)
1/4 cup pork floss (၀က်သားမျှင်ခြောက်)
1egg yolk plus 1 tbs milk, lightly beaten for brushing (မုန့်ပေါ်သုတ်ဖို့ ကြက်ဥနှစ်ရည်)

ထောပတ်နဲ့ သကြားမှုန့်တွေကို စက်နဲ့ စက်မရှိရင်လည်း သစ်သားယောင်းမနဲ့ ထောပတ်အရောင်ဖြူလာတဲ့အထိ တစ်မိနစ်လောက် သမသွားအောင် ခပ်နာနာလေးမွှေပေးပါ..။ သမသွားရင်ရပါပြီ အချိန်ပိုကြာအောင် မမွှေပေးရပါဘူး ။ သမသွားတဲ့ ထောပတ်ထဲကို ဂျုံ ပြောင်းမှုန့် ဆားနဲ့ ဆိုဒါတို့ကို ဇကာနဲ့စစ်ထည့်ပါ..။ စက်သုံးတဲ့သူဆိုရင်တော့ ဒီအဆင့်မှာ စက်နဲ့မွှေစရာမလိုတော့ပါဘူး..။ သစ်သားယောင်းမနဲ့ပဲ ဂျုံနဲ့ တခြားအမှုန့်တွေအားလုံး သမအောင်မွှေပေးပါ..။ နှံ့သွားရင် နှမ်းလှော်နဲ့ ၀က်သားမျှင်ခြောက်ထည့်မွှေပါ..။ ၀က်သားမစားသူများ ကြက်သားမျှင်ထည့်လို့ရပါတယ်..။ အားလုံးမွှေပြီးသွားရင် မုန့်သားလေးစေးပိုင်သွားရင် (cling film) မီးဖိုကြောင်သုံးပလပ်စတစ်အကြည်လိတ်ကို လိုသလောက်ဖြတ်ယူ မုန့်သားကိုထည့်ပြီး ရေခဲသေတ္တာထဲကို နည်းနည်းထန်သွားအောင် မိနစ်သုံးဆယ်လောက်သိမ်းထားပါ..။ ဒါမှာမဟုတ် ဒလှိမ့်တုံးနဲ့လှိမ့်လို့လွယ်တဲ့ အနေထိထားပေးပါ..။ ထန်သွားတဲ့မုန့်သားကို ဒလှိမ့်တုံးနဲ့ 0.5cm အပါးရအောင်လှိမ့်ပြီး cookies cutter နဲ့ဖြတ်ပေးပါ..။ မုန့်ဖုတ်ဘန်းပေါ် 5cm အကွာစီထည့်ပြီး ကြက်ဥနှစ်လေးအပေါ်ကသုတ်ပြီး နှမ်းစေ့လေးတွေဖြူးပေးပါ..။ ကြိုတင်အပူပေးထားတဲ့ 180ံC  အပူချိန်မှာ 10-12 မိနစ်ထိ (သို့) ရွှေညိုရောင်သန်းလာတဲ့အထိ ဖုတ်ပေးပါ..။ ကိုယ်သုံးတဲ့ oven ပေါ်မှာမူတည်ပြီး မီးအချိန်အဆကွဲလွဲတတ်ပါတယ်..။ ရလာတဲ့မုန့်ကို (wire rank) ဇကာပေါ်လုံးဝအေးတဲ့အထိ ထားပြီးမှ လေလုံတဲ့ဗူးထဲမှာ နှစ်ပတ်ထိထားပြီး စားနိုင်ပါတယ်ရှင့်...။ ဒီမုန့်လေးကို ကော်ဖီ လက်ဖက်ရည်နဲ့ ဒါမှမဟုတ် စံပယ်ပန်းလက်ဖက်ခြောက်လေးနဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်..။




မိုးငွေ့


No comments: