မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Tuesday, 30 May 2017

မိုးရာသီတစ်ခုစာအလွမ်းများ(၂)


ပူပြင်းစူးရှလှတဲ့ နွေနေ့ခင်း မွန်းတည့်ချိန်မှာ  အမှတ်မထင် ကျွန်မ အဲဒီဖိနပ်ဆိုင်ရှေ့ကို ရောက်လာခဲ့တယ်..။ 

တကယ်တော့ ကျွန်မက ဖိနပ်ဆိုင်ကိုလာတာမဟုတ်ပါဘူး....။ 

ပြီးတော့ ဒီလမ်းထဲကိုမရောက်ဖြစ်တာ နှစ်ပေါင်း ဘယ်လောက်ကြာခဲ့ပြီလဲ...။ ကျွန်မက ဖိနပ်ဆိုင်မရောက်ခင် ဆိုင်တစ်ခုကိုလာခဲ့တာပါ ..။ ပစ္စည်းဝယ်ပြီးလို့ လမ်းဆက်လျှောက်ရင်း  ဖိနပ်ဆိုင်ရှေ့ကိုရောက်တော့ ကျွန်မ အကြည့်တွေ သံဇကာကွက်လေးမှာ ချိပ်ဆွဲထားတဲ့ ကျစ်ဆံမြီးကြိုး သရေခြေညှပ်ဖိနပ်လေးဆီကို ရောက်သွားခဲ့တယ်..။ ညီမလေးက ကျွန်မကြည့်တဲ့ဖက်ကိုလိုက်ကြည့်ပြီး “မမ စီးနေကျဖိနပ်လေးတွေ ခုထိရောင်းတုန်းပဲ”လို့.. ကျွန်မကို သတိတရလက်တို့ပြီးပြောတယ်..။ အညိုရင့်ရောင်သရေသားပေါ်မှာ ဆင်စွယ်ရောင် ကျစ်ဆံမြီးကြိုးသည်းကြိုးလေးနဲ့ ဖိနပ်အောက်ခံသားပတ်ပတ်လည်က ချုပ်သားချည်လုံးတွေက ထင်းခနဲ......။ သူ့ကို ကျွန်မ ဖျတ်ခနဲသတိရလိုက်သလိုပဲ တပြိုင်နက်ထဲ ရင်ထဲ စူးနစ်နာကျင်သွားခဲ့တဲ့ ခံစားမှုလေးဖြစ်ပေါ်သွားခဲ့တယ်..။ အဲဒီနောက် ကျွန်မ ဖိနပ်ကလေးဆီက အကြည့်ရုပ်သိမ်းပြီး လမ်းဆက်လျှောက်လာခဲ့တော့တယ်...။ အပူရှိန်တွေတရိပ်ရိပ်ကြားထဲက အတွေးတွေက ဟိုး လွန်လေပြီးသော မိုးရာသီတစ်ခုဆီသို့.....။

ငါစောင့်........မယ်....


ကျစ်ဆံမြီးကြိုးဖိနပ်ကလေး....(သြဂုတ်လ ၂၀၁၄)

“ငါ စောင့်......မယ်..” ဆိုတာ ကျွန်မ တစ်နေရာရာမှာ တစ်စုံတစ်ယောက်ကို နှစ်နှစ်နာရီလောက် စောင့်လိုက်ရလို့ ခေါင်းထဲမှာ ဇမ်နူးသီးချင်းလေးညည်းမိရင်း သတိရပြီး အဲပုံလေးကောက်တင် အောက်မှာသီချင်းစာတန်းလေးထိုးလိုက်တာရယ်ပါ...။ တကယ်တော့ ကျွန်မမှာရှိတဲ့ Lee Jean ဘောင်းဘီလေးကို ကျွန်မကိုယ်တိုင်စုတ်ဖြဲထားကြောင်း ဖက်ရှင်ကို ဘယ်လောက်ရူးသွပ်ကြောင်းကို အဓိကပြန်ချင်လို့ ဒီပုံလေးကိုတင်ခဲ့တာပါ..။

သူကတော့ သူနဲ့ကျွန်မအိမ်အပြန် မိုးရွာကြီးထဲ ဖိနပ်ပြတ်သွားခဲ့တဲ့နေ့က သူဝယ်ပေးခဲ့တဲ့ ဖိနပ်ကလေးကို တခုတ်တရတင်တယ်လို့ ထင်သွားပုံရပါတယ်..။ ကျွန်မဆီကို အဲပုံလေးတွေ့တော့ မက်ဆေ့ခ်ျပို့လာခဲ့တယ်..။ မဟုတ်ပါဘူး... ကျွန်မဖြင့် ကိုကိုဝယ်ပေးခဲ့တဲ့ အဲဒီဖိနပ်ကို သတိမမူမိပါဘူးလို့ ပြန်ပြောမိရင် သူတော်တော်စိတ်နာသွားဦးမယ်..။ တကယ်တော့ ကျွန်မက စောင့်နေရတဲ့ အချိန်ကိုဖြုန်းသောအားဖြင့် ကိုယ့်အနုပညာလေးကို ပြချင်ရုံသက်သက်ပါပဲ...။ ကျွန်မက အဲလိုပုံလေးတွေရိုက်တာ ၀ါသနာပါတယ်လေ..။ ကျွန်မနဲ့ ခဏကလေးပဲဆုံလိုက်ရတာမို့ ကိုကိုမသိလိုက်တာလဲဖြစ်နိုင်ပါတယ်....။

ကိုကိုသိမှာပါ...ဖိနပ်လေးဝယ်ပြီး စီးလိုက်တုန်းက...ကျစ်ဆန်မြီးကြိုးကျစ်ထားတာကြမ်းတော့ ကျွန်မခြေဖမိုးကို ပွတ်တိုက်ရင်း ဖိနပ်ပါထပ်ပေါက်သွားခဲ့သေးတယ်လေ..။ အဲတုန်းက မန္တလေး အောကတ္တီပါဖိနပ်တစ်ရံ ထပ်ဝယ်ပေးမယ်လို့ ကိုကိုပြောခဲ့ဖူးတယ်နော်..။ ဖိနပ်တို့ လက်ကိုင်ပုဝါတို့ပေးရင် ဝေးတတ်တယ်ဆိုတဲ့ အယူမဆမရှိကြလို့ပဲဆိုရမလား..။ တကယ်ပဲ ကျွန်မတို့ အရိုးကြေကြေ အရေခမ်းခမ်း ဝေးခဲ့ကြပြီပဲ...။

နိုး..နိုး..နိုး... ကျွန်မ သူ့ကို တမ်းတမ်းတတရှိခဲ့လို့မှမဟုတ်ဘဲ..။ တိုက်ဆိုင်မှုတစ်ခုအတွက်သာ သူ့အကြောင်းလေးပါသွားခဲ့တာပါ..။ ပုံထဲမှာ မတော်တဆ သူပေးခဲ့တဲ့ ဖိနပ်လေးပါသွားခဲ့တာပါ..။ သူသိရင်တော့ ကျွန်မကို ပက်ပက်စက်စက် “အရူး”လို့ပြောပစ်မှာသေချာတယ်..။ ဒီထက်ပိုပြီးလဲ ကျိန်ဆဲချင်ဆဲနေဦးမှာ..။ ဆဲပြီးရင်လည်း ဘာမှမဟုတ်သလို “အဆင်ပြေလား”လို့ မေးချင်မေးဦးမယ်..။ ကျွန်မက အဆင်ပြေပါတယ်... ပိုနေမြဲကျားနေမြဲပါပဲ...။ ကိုကိုသာ ရောက်တဲ့နေရာမှာ တွေ့တဲ့သူနဲ့ အဆင်ပြေအောင်နေပါလို့ပဲ မှာချင်တာပါ..။

ဟုတ်တယ် ကျွန်မက အရူးပဲ သူအစကမှမသိခဲ့ဘဲ...။ ကျွန်မရဲ့ ရူးသွပ်မှု ကျွန်မရဲ့ စိတ္တဇကို  ဘယ်တော့မှ လိုက်မှီမှာမဟုတ်သလို ကျွန်မဘာဖြစ်ချင်လည်းဆိုတာကို ဘယ်သူကမှ ရှာဖွေတွေ့လိမ့်မှာ မဟုတ်ဘူး..။ ပြောရဦးမယ် သိလား ကျွန်မလေ ခုတလော သူ့ရဲ့ စီးကရက်နံ့တွေ ရေမွှေးနံ့တွေကို မရတော့ဘူး..။ သူနဲ့ နီးကပ်ရှိစဉ်ခါက နေ့အိပ်မက်တစ်ခုလို ကျွန်မအနား တဝေ့၀ဲလည်လည် ရောက်လာတတ်တဲ့ အဲအနံ့တွေက ကျွန်မအာရုံတွေကို သိမ်းသွင်းသွားတတ်ကြမြဲပဲလေ...။

အဲဒါတွေ ထားလိုက်ပါတော့လေ...။
ကိုကိုသိအောင်ပြောလိုက်ပါရစေ... ကျွန်မ ကိုကိုဝယ်ပေးခဲ့တဲ့ ကျစ်ဆံမြီးကြိုးဖိနပ်လေးကို အမြဲစီးဖြစ်နေမှာပါ..။ အဲဖိနပ်ကြောင့် ကျွန်မတို့ခွဲခွာသွားရတာလို့ ကျွန်မ မမှတ်ယူပါဘူး..။

လောကမှာ ထိုက်တန်တယ်ဆိုတဲ့စကားလုံးက အလကားဖြစ်လာတာမှမဟုတ်ဘဲ..။ လူဖြစ်ဖြစ် ပစ္စည်းဖြစ်ဖြစ် ရိုရိုသေသေနဲ့ အမြတ်တနိုးတန်ဖိုးထားမယ်ဆို သူနဲ့ထိုက်တန်ရာကို ရကြမှာပဲလေ...။ ကျွန်မတို့နှစ်ယောက်ဟာ ထိုက်တန်မှုမရှိကြဘူးလို့ပဲ မှတ်ယူလိုက်ကြပါစို့....။


မိုးငွေ့