Friday, 24 February 2017

Coffee Barista Training Class (4)


Latte Art ပုံထွက်ကောင်းလာပြီ... သစ်ခက်ပုံလေးလောင်းတာ အခြေအနေမဆိုးတော့ဘူး...။ ဒါကြောင့် Tulip ပုံလေးဆက်ကျင့်ဖြစ်တယ် ဒီတစ်ပတ်က...။ ပြီးတော့ သဌေးကတော်ကိုယ်တိုင် ကော်ဖီစေ့လှော်တာ သင်ပေးတယ်...။ ကော်ဖီစေ့လှော်တဲ့အဆင့်က အရှေ့မှာတုန်းက ပြောပြထားတဲ့အတိုင်းပဲ ရှစ်ဆင့်ရှိတယ်..။ ဆိုင်မှာအဖျော်များတာက နံပါတ် ငါးနဲ့ ခြောက်ဖြစ်တဲ့ Full နဲ့ Full City အဆင့်...။ Full City အဆင့်ထိလှော်ရင် ကော်ဖီစေ့လေးတွေက အဆီထွက်နေပြီ..။


    ဆားမိုးငင်းမ်က ပထမတခေါက် လှော်ပြပြီး နောက်တခေါက် ကိုယ်ကြိုက်တဲ့ကော်ဖီစေ့ရွေးပြီး ကိုယ့်ဘာသာကိုယ်လှော်ရတယ်...။ ပထမဆုံးကော်ဖီစေ့ကို အမှိုက်တွေ ခဲတွေ မကောင်းတဲ့ မအောင်တဲ့အစေ့တွေကိုရွေးပြီး စက်နဲ့ 150ဂရမ်ချိန်ရတယ်...။ သူ့စက်က တခါလှော် 150ဂရမ်ပဲ ထည့်လှော်ရတယ်...။ အပူချိန် 245ဒီဂရီနဲ့ အချိန်က 16မိနစ်ခွဲနဲ့လှော်ရတယ်...။ လှော်ရင်း အချိန် 10မိနစ်လောက်အကျန်မှာ အပူချိန်ကို 137ဒီဂရီလျှော့ချပေးရတယ်...။ လှော်ရင်း စက်အနားကမခွာရဘူး..။ သူ့အသံကိုနားထောင်ရသေးတယ်..။ ပေါက်ပေါက်ဖောက်သံစကြားတာနဲ့ အပူချိန်ကို 245 ဒီဂရီပြန်ပြောင်းပေးရတယ်...။ နောက်ဆုံး အချိန် သုံညဖြစ်သွားတဲ့အထိပေါ့..။ ကော်ဖီစေ့တွေကို ဇကာထဲထည့်တဲ့အချိန်မှာ နှမ်းစေ့ပေါက်ပေါက်ဖောက်သံလေးကြားရတယ်...။ ပူနေသေးတဲ့ ကော်ဖီစေ့တွေကို သစ်သားယောင်းမနဲ့ မွှေပေးပြီး အအေးခံရတယ်..။ အရောင်မညီတဲ့ အစေ့တွေကို တခါထပ်ရွေး ထုတ်ပစ်ရသေးတယ်...။ ပြီးတော့မှ ခွက်လေးနဲ့ 100ဂရမ်ချိန်ပြီး ကြိတ်စက်နဲ့ကြိတ် Cold drip နဲ့အစက်ချပြီး သောက်ကြည့်ရတယ်...။ ကော်ဖီအရသာ ချို ချဉ် ဖန် စပ် ခါး စိမ့်တွေကို အရသာခံကြည့်ရတာ...။


ကော်ဖီစေ့ ပေါ်က အဖြူရောင်အခွံပါးပါးလေးတွေကို Silver skin လို့ခေါ်တယ် ခုနေမသိသာပေမယ့် လှော်ပြီးရင်တော့အခွံတွေအများကြီးတွေ့ရတယ်...



ကဖိန်းဓါတ်မပါတဲ့ ကော်ဖီစေ့က အရောင်ပိုရင့်တယ်

ကော်ဖီလှော်စက် ကိုးရီးယားမိတ် တန်ဖိုးက ရှစ်သိန်းနီးပါး

ဒါက အီသီယိုးပီးယားကော်ဖီစေ့ကိုလှော်ထားတာ Full အဆင့်နဲ့

လှော်ပြီးရလာတဲ့ ကော်ဖီစေ့ကို ကြိတ်ပြီး Cold drip ချပြီး သောက်ကြည့်ရတယ်

ကော်ဖီစစ်ထဲကို ရေနွေးဆူဆူနဲ့ တိုက်ရိုက်မလောင်းထည့်ရပါဘူး..ခပ်ဖြေးဖြေးမှန်မှန်လေးနဲ့ ကော်ဖီမှုန့်ကို အတွင်းကနေအပြင်ပတ်လည်ဝိုင်းပြီးလောင်းပေးရတယ်


မီနူးထဲမှာ Dutch lemon coffee ဖျော်ရတယ်... ဒီလိုပုလင်းလေးနဲ့ရေခဲစိမ်ပြီး ခွက်တစ်လုံးသပ်သပ်နဲ့ Customer ကို serve လုပ်ရတယ်...။ ကော်ဖီအရောင်က ဒီထက်ရင့်နေရမှာ ခုတော့ ကြံရည်ရောင်ပေါက်နေတယ်...။ သူတို့နှပ်ထားတာ အစပ်ချတာလိုလို့ဖြစ်မယ်...။


အရှင်းဆုံးနည်းနဲ့ပြောရရင် ကော်ဖီထဲကို သံပုရာသီးညှစ်သောက်တဲ့အရသာနဲ့ဆင်တူပါတယ်...။ သူကတော့ အစက်ချလို့ရထားတဲ့ dutch  ကော်ဖီအေးရယ် lemon syrup ရယ် သကြားရည်ရယ် Lemon အသီးကရတဲ့အရည်ရယ်ပါတယ်..။ ကော်ဖီနံ့လေးမွှေးနေတဲ့ သံပုရာရည်လေးတစ်ခွက်ပေါ့...။ သူ့ကိုတော့ လိုအပ်တဲ့ ပစ္စည်းအားလုံးကို Shaker ဗူးလေးထဲထည့်ပြီး ရေခဲကျေအောင် shake ပေးရတယ်...။ ပြီးမှ အဲပုလင်းလေးထဲ Shaker အပေါ်ဖုံးလေးဖွင့်ပြီး ဖြေးဖြေးလေးလောင်းထည့် ရေခဲစိမ်ခွက်ထဲထည့်ပြီး ဖန်ခွက်အသေးလေးနဲ့ ဧည့်သည်ကို တည်ခင်းပေးရပါတယ်..။



Dutch coffee အစက်ချဖို့က ကော်ဖီစေ့ကို 100ဂရမ်ချိန်ပြီး ကြိတ်ထားရမယ်...။ ပြီးမှ အောက်က ပုံမှပြထားတဲ့အတိုင်း ဖန်ပုလင်းထဲထည့်ပြီး အပေါ်မျက်နှာပြင်ညီအောင်ညှိ စက္ကူ စစ်အ၀ိုင်းလေးတစ်ခု အပေါ်ကခင်းပေးထားရတယ်...။ အပေါ်ဖန်ပုလင်းမှာတော့ ချင်ခွက်ထဲ ရေ1000ဂရမ်အရင်ထည့် ပြီးရင် 1200 အမှတ်ထိရောက်အောင် ရေခဲတုံးလေးတွေ ထည့်ပြီးရလာတဲ့ ရေခဲရေကို ဖြည့်ပေးပြီး အပေါ်ဆုံးမှာထား သူ့အောင်မှာ ရေကျတဲ့ ပြွန်လေးကို ရေတစ်စက်ချင်းဆီ ကျလောက်ပဲဖွင့်ပေးထားရမယ်...။ အဲရေတစ်စက်စက်က ကော်ဖီမှုန့်ပေါ်က စက္ကူစစ်ပေါ်ကျပြီး ကော်ဖီမှုန့်ထဲ ကိုရောက် နောက်ဆုံးကော်ဖီမှုန့်ကိုဖြတ်ပြီး အောက်ဆုံး ခံထားတဲ့အိုးထဲကို ကော်ဖီရည်တွေကျသွားပြီး တစ်အိုးရဖို့ ခုနှစ်နာရီလောက် ကြာပါတယ်...။ အဲလိုရလာတဲ့ ကော်ဖီရည်က ကဖိန်းဓါတ်မရှိတော့သလောက် နည်းပါးသွားပါပြီ...။ တစ်အိုးနှပ်ထားပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားပြီးရင် Dutch lemon ကော်ဖီဖျော်လို့ရပြီပေါ့...။ ကဖိန်းဓါတ်ကြောက်သူများ ဒီကော်ဖီကိုမှာသောက်နိုင်ကြပါတယ်...။





Latte art နဲ့ပုံဖော်စရာမလိုတဲ့ Layer latte

အောက်ကပုံများကို ရှုစားအားပေးကြပါကုန်...။ တနေကုန်ကျင့်ထားလို့ ထွက်လာတဲ့ ရလဒ်လေးတွေ ...း)





ဒီတစ်ပတ် ကျူးလစ်ပုံကိုစကျင့်တာ ဒီလိုလေးတွေတော့ ထွက်လာပြီ





မိုးငွေ့

1 comment:

ငြိမ်းမိန်းကလေး said...

ကော်ဖီ အကြောင်းဖတ်ရတာ စိတ်ဝင်စားစရာ...
ကော်ဖီနံ့လေးတောင် ရလာတယ်..
ပုံဖော်ထားတာလေးတွေကလည်း တဖြည်းဖြည်းသေသပ်လာတယ်နော်...
မကြာခင် ပရိုအဆင့်ရောက်အောင် ပုံဖော်နိုင်မယ်လို့ ယုံကြည်နေပါတယ်..