Tuesday, 25 October 2016

ကျွန်မဒီစာအုပ်လေးကိုသိပ်ကြိုက်တယ်.....


        ဆရာကြီးဒဂုံတာရာရေးသားခဲ့တဲ့ နာမည်ကြီးဝတ္ထု “မေ” နဲ့ “မြိုင်” ကိုဖတ်ဖူးထားပြီးသားမို့ ဆရာကြီးရဲ့ အရေးအသား အဖွဲ့အနွဲ့တွေကို သိပ်မစိမ်းနေဘူးဆိုပါတော့...။ အခုနောက်ဆုံးဖတ်ထားခဲ့တဲ့ ဆရာကြီးရဲ့ “နေ့စဉ်မှတ်တမ်း”စာအုပ်ကိုဖတ်ရတော့ ဆရာကြီးရဲ့ သမားဂုဏ်ကို ပိုပြီး ကြည်ညိုလေးစား ရပါတယ်...။ ခေတ်သုံးခေတ်ရဲ့ နိုင်ငံရေး၊ အနုပညာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို စာပေနဲ့  လှုံ့ဆော်စည်းရုံးမှုတွေ ဆောင်ရွက်ရာမှာ တာဝန်ကျေပွန်ခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ ကျေးဇူးကလည်း ကြီးမားလွန်းလှပါတယ်။ ဒီစာအုပ်ဟာ ဆရာကြီး မကွယ်လွန်မီ အောင်ပန်းနေအိမ်မှာ ရေးသားခဲ့တဲ့ စာအုပ်လေးပါ..။ နေ့စဉ်မှတ်တမ်းအပြင် အခြားနိုင်ငံရေး ငြိမ်းချမ်းရေးဝတ္ထုတိုများလည်းပါဝင်ပါတယ်...။ ဆရာကြီးဟာ အလင်းရောင်ကိုသိပြီး အရာဝတ္ထုတွေကို ရိုးတိုးရိပ်တိတ်မျှသာမြင်ရတော့ပေမယ့် စာတွေကို နှုတ်တိုက်ရေးထားတယ်လို့တောင် မထင်ရပါဘူး...။ လက်နဲ့ကိုယ်တိုင် မရေးနိုင်ပေမယ့် ဆရာကြီးနှလုံးသားကနေ စိမ့်ထွက်လာကြတဲ့ စကားလုံးတွေကတော့ အန်မတန်  သိမ်မွေ့လွန်းလှပါတယ်...။

       ဆရာကြီး မနက်ခင်း ခြံဝင်းထဲ တုတ်ကောက်လေးနဲ့ စမ်းပြီးလမ်းလျှောက်နေချိန်မှာ ထိတွေ့ခံစားရသမျှ အရာဝတ္ထုတွေကို ဖွဲ့ပြထားတာလေးက တကယ်ကို မျက်မြင်ကိုယ်တွေ့ ဆန်လွန်းပါတယ်...။ ဆရာကြီးက သဘာဝပတ်ဝန်းကျင်ကို အသေးစိပ်ဖွဲ့တဲ့အခါ အသုံးအနှုန်းဝေါဟာရတွေ သိပ်ကြွယ်တယ်...။ ဒီလို ပတ်ဝန်းကျင်ကို နူးညံ့လှပစွာ ဖွဲ့နွဲ့ရေးသားတတ်တာ ကျွန်မဖတ်ဖူးတဲ့ အမျိုးသမီးစာရေး ဆရာမ ထဲမှာဆို ဆရာမကြီးဒေါ်ခင်နှင်းယု စာတွေမှာ တွေ့ခဲ့ရဖူးတယ်..။ လေညှင်းလေးတွေ သစ်ရွက်ကလေးတွေ၊ ကျေးငှက်သံတွေ၊ နွေဦးပေါက်ဥသြသံသာတွေ၊ ပန်းရနံ့လေးတွေ စသဖြင့် ဆရာကြီးရဲ့ စကားလုံးတွေက သိပ်ကိုဖမ်းစားနိုင်လွန်းပါတယ်...။ အမြင်အာရုံမကောင်းလို့ အတွေ့အာရုံကိုရေးသား သွားရာမှာလည်း စကားလုံးအသုံးအနှုန်းတွေက ပန်းပွင့်တွေလို လေမှာယိမ်းနွဲ့ လှုပ်ရှားနေတယ်လို့ ခံစားမိပါတယ်...။ ခြံဝင်းထဲမှာရှိတဲ့ ဆရာကြီးလက်နဲ့ စမ်းမိတဲ့ ဂေါ်ရခါးအရွက်က နူးနူညံ့ညံ့ အထိတွေ့လေးကို ခံစားရတယ် ။ ပင်စိမ်းပင်မှာ ကပ်ပေါက်တဲ့ သစ်ခွပန်း အရွက်ကတော့ ခပ်မာမာလေး ခံစားရတယ်ဆိုတဲ့ နွယ်ပင်၊ သစ်ပင်၊ ပန်းမံတွေအကြောင်း  ရေးသားရာမှာ ကဗျာဆန်လှတယ်။


  ဆရာကြီးဟာ သူနေ့စဉ်ပြုနေရတဲ့ လုပ်ငန်းစဉ်လေးကို ရေးပြရာမှာ နေ့စဉ်မပြတ် ရေဒီယို နားထောင်တာလေးကို ကျွန်မသိပ်သဘောကျ မိတယ်...။ အသက်အရွယ်ကြီးလာသူတွေဟာ လုပ်စရာအလုပ်မရှိတော့ရင်  စိတ်ကျရောဂါအလိုလို ၀င်လာတတ်ကြပါတယ်။ သို့မဟုတ်လည်း မှတ်ဥာဏ်ချို့ယွင်းတဲ့လက္ခဏာ သူငယ်ပြန်ရောဂါ စသဖြင့် အဖြစ်များကြတယ်..။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်း အသေးစိပ်ကို သိပ်မသိပေမယ့် လူတစ်ယောက်ဟာ အသက်ကြီးလာရင် ဘုရားတရားအလုပ်အပြင် ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုခုလုပ်သင့်တယ်လို့ ထင်ပါတယ်...။ ကျွန်မဆို ခဏခဏတွေးဖူးတယ်... တွေးဖူးတယ်ဆိုတာက ကိုယ့်ရှေ့မှာ မြင်နေတွေ့နေတဲ့ အဖိုးအဖွားတွေကို ကြည့်ပြီး တွေးမိတာလေးပါ..။ ကိုယ်တိုင်ရော အသက်ကြီးလာရင် ဘာလုပ်မလဲဆိုတာပါ..။ ဥပမာ စာဖတ်တာတို့ ပန်းချီဆွဲတာတို့ စန္ဒရားတီးတာတို့ အပင်စိုက်တာတို့ သိုးမွှေးထိုးတာတို့ပေါ့...။ အဲလို ၀ါသနာတစ်ခုခုကို လုပ်ကိုင်နေရတာဟာ ကိုယ့်ရဲ့ ကျန်ရှိနေသေးတဲ့ အချိန်ကို သူများကိုလည်း အနှောက်အယှက်မပေး အကျိုးရှိရှိလည်းအသုံးချရာရောက်တယ်လို့ မြင်ပါတယ်..။ ဒီအတွေးကို ဆရာကြီးရဲ့ ဒီနေ့စဉ်မှတ်တမ်းစာအုပ်လေး ဖတ်ပြီး ပြန်ပြောပြချင်လာခဲ့တာပါ...။

    ကျွန်မဆို အသက်ကြီးလာရင် အဓိကတော့ စာတွေရေးမယ် စာအုပ်တွေ ဖတ်ဖြစ်နေမယ်ထင်ပါတယ်...။ ဒါကလည်း မျက်စိအမြင်အာရုံကောင်းနေသေးရင်ပေါ့...။ ခြေလက်ကောင်းမွန်နေသေးရင်လည်း အိမ်လုပ်မုန့်တွေဖုတ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေတွေကို ဝေမျှပေးချင်တယ်...။ မဟုတ်ရင်တော့ ရေဒီယိုတော့နားထောင်ရလိမ့်မယ်...။ ကျွန်မ အသက်ကြီးလာရင်လုပ်ဖို့ အလုပ်တွေကို စဉ်းစားရာမှာ ရေဒီယိုနားထောင်ဖို့ကို မစဉ်းစားမိခဲ့ဘူး...။ ဆရာကြီးရဲ့ နေ့စဉ်မှတ်တမ်းစာအုပ် ဖတ်မိသွားလို့သာ ရေဒီယိုနားထောင်ဖို့ သိလာရတာပါ...။ ဟုတ်တယ် စာအုပ်ဖတ်မရတဲ့အချိန်မှာ ဒါမှမဟုတ်စာအုပ်ဖတ်ဖို့ အာရုံမ၀င်စားတဲ့ အချိန်မှာ ရေဒီယိုတော့ နားထောင်ရမယ် ရေဒီယိုနဲ့စာဖတ်မယ်ပေါ့...။ ဆရာကြီးက ဘာသာစကားတွေ များများနားလည်ထားတော့ ကမ္ဘာ့ ရေဒီယိုလိုင်းတော်တော်များများကို နားထောင်နိုင်ခဲ့တယ်..။ တကယ်ချီးကျူး အားကျစရာပါပဲ...။ အသက်ကြီးလာရင် ဘာလုပ်မယ် ညာလုပ်မယ်လို့ ခုကတည်းကစိတ်ကူးယဉ်နေတာ။ တကယ်တော့ လူတစ်ယောက်ဘယ်အချိန်သေရမယ်ဆိုတာ ဘယ်သူမှကြိုနိုင်တာမှမဟုတ်ဘဲ အသက်ရှည်ရှည်နေချင် မှလည်းနေရမှာမဟုတ်လား...။

     အသက်အရွယ်ကြီးရင့်လာလေ ဦးနှောက်လေ့ကျင့်ခန်းများများ ပိုလုပ်ပေးဖို့ကောင်းလေပါပဲ...။ သိပ်ခက်ခက်ခဲခဲလုပ်စရာမလိုပါဘူး...။ ကိုယ်မနေ့မနက်တုန်းက မနက်စာကိုဘာနဲ့ စားခဲ့သလဲ နေ့လည်ဘာတွေ လုပ်ခဲ့သလဲ ညနေဖက်ဘယ်သူတွေနဲ့ စကားပြောခဲ့လဲ တီဗီကလာတဲ့ ဇာတ်လမ်း ဘာပြသွားခဲ့သလဲ ဒါတွေ ပြန်ပြန်စဉ်းစားပေးရင် ဦးနှောက်လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်သွားတယ်လို့ ကြားဖူးပါတယ်...။

 ဆရာကြီးဒဂုန်တာရာကို ၁၉၁၉ မေလ ၁၀ ရက်မှာ မွေးဖွားခဲ့ပြီး ၂၀၁၃ သြဂုတ် ၁၉ ရက် အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးဒဂုန်တာရာဟာ ကလောင်အမျိုးမျိုးနဲ့ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာဆောင်းပါးများ၊ ၀တ္ထုများ၊ ၀တ္ထုတိုများကို ရေးသားခဲ့ပြီး ၁၉၆၁ ခုနစ်မှာ “စံပယ်ဦး”နဲ့ စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ဆု၊ ၂၀၁၂ ခုနှစ်မှာ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု ရရှိခဲ့ပါတယ်။

    ကျွန်မရဲ့ စာဖတ်စဉ်နည်းအတိုင်း 2017ခုနှစ်အတွက် ဖတ်စရာစာအုပ်ကို ဆရာကြီးဒဂုန်တာရာရဲ့ စာအုပ်တွေရွေးထားပါတယ်..။ ခုလောလောဆယ် ကျွန်မဆရာကြီးရဲ့ စာအုပ်တွေကို လိုက်ရှာဝယ်နေတာ သုံးအုပ်တော့ရနေပြီ...။ ပထမဆုံးတစ်အုပ်က “မေ” ဖတ်ပြီးသားပေမယ့် ပြန်ဖတ်ဦးမယ်..။  နောက်တစ်အုပ်က ဆရာကြီးမွေးတဲ့နှစ်ဖြစ်တဲ့ ၁၉၁၉ခုနှစ် ကနေ ကွယ်လွန်တဲ့နှစ် ၂၀၁၃ခုနှစ် အထိ ရေးသားထုတ်ဝေခဲ့တဲ့ ဆရာကြီးကိုယ်တိုင် စိတ်ကြိုက်ရွေးထားခဲ့တဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ရယ်၊ “ရုပ်ပုံလွှာ”ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်လေးရယ်ပါ...။

     




မိုးငွေ့

Friday, 21 October 2016

Doctors.....



ကိုရီးယားမင်းသမီး Park Shin Hye  နဲ့ မင်းသား Kim Rae Won တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ခုတလော hit ဖြစ်နေတဲ့ ဇာတ်လမ်းတွဲ Doctors ကို မအားတဲ့ကြားက ကိုယ့်ကိုယ်ကို entertain လုပ်တဲ့အနေနဲ့ ကြည့်ဖြစ်နေတယ်...။ ညဖက် အိပ်ခါနီးကို အနည်းဆုံးနှစ်ပိုင်းကြည့်ဖြစ်တယ်..။ တကယ်ဆို အစအဆုံး တထိုင်ထည်းကြည့်လိုက်ချင်တာ... အိပ်ရေးပျက်မှာစိုးလို့..။ weekend မှာလည်း သင်တန်းနဲ့ သင်တန်းပြီးတော့ ဟိုသွားချင်ဒီသွားချင် စာအုပ်ဆိုင်ဝင်ချင် ရုပ်ရှင်ကြည့်ချင် shopping သွားချင်နဲ့မို့ ကြည့်မယ့်အချိန်လုရသေးတယ်...။ မင်းသား Kim စီးရီးတွဲကိုတော့ “တခါတုန်းကတက္ကသိုလ်မှာ” နဲ့ Shin Hye ကို ကော်ဖီချစ်သူ မှာကြည့်ဖူးခဲ့တယ်..။ ဒီ ဆရာဝန် ဇာတ်လမ်းတွဲလေး တော်တော်ကောင်းပါတယ် ကျွန်မတော့ Descendant Of The Sun ကားထက် ဒီဇာတ်အိမ်လေးကို ပိုကြိုက်တယ်...။ DOTS က မင်းသားမင်းသမီးချောချောလေးတွေပြစားတာပဲ ဇာတ်အိမ်ကဘာမှသိပ်မရှိ...။ 

ကျွန်မက တော်ရုံ ကိုးရီးယားကားတွေကြည့်ခဲတယ်...။ ကိုယ်သိပ်ကြိုက်တဲ့ မင်းသားမင်းသမီးပါပြီး ဇာတ်အိမ်ဇာတ်လမ်းကောင်းမှ ကြည့်တာ..။ ဒီ Doctors ကိုတော့ အရမ်းကြိုက်တယ်...။ ဒီဇာတ်လမ်းမှာ မင်းသမီးက အမေမရှိဘူး ဘ၀ကြမ်းတယ် အဖေကိုယ်တိုင်ကနောက်အိမ်ထောင်ပြုပြီး တာဝန်မယူချင်တော့ သူ့အမေ (အဖွား)ဆီမှာ သမီးကိုပစ်ထားခဲ့တယ်...။ အဖွားနေတဲ့နယ်မြို့ကလေးမှာ ကျောင်းတက်ရင်း မင်းသားနဲ့တွေ့တာ မင်းသားက အတန်းပိုင်ဆရာ။ ဆရာဝန်ဘွဲ့ရပြီးသား လူနာကေ့စ်တစ်ခုပြဿ     နာတက်ပြီး ဆရာဝန်မလုပ်ဘဲ နယ်ကျောင်းလေးမှာ ကျောင်းဆရာဝင်လုပ်နေတာ..။ ကျောင်းမှာ မင်းသမီးက သူငယ်ချင်းတစ်ယောက်ရတယ်။ တစ်ရက်တော့ ကျောင်းသွားဖို့ ကားစောင့်ရင်း ကိုယ်ဝန်သည်တစ်ယောက် အသက်ရှုကျပ်နေတာကို ကျောင်းဆရာကိုယ်တိုင် အသက်ကယ်ပေးတာကို ကူညီလုပ်ပေးရင်း လူတစ်ယောက်အသက်ကို ကူညီပေးခဲ့ဖူးတဲ့ပီတိလေးကို ခံစားလိုက်ရလို့ ကျောင်းသူလေးဟာ သူ့ဘ၀ကို ပြောင်းလဲချင်လာခဲ့တယ်..။ ဒီလိုနဲ့ ပညာကိုကြိုးစားသင်ယူမယ်လို့ စိတ်ဆုံးဖြတ်ပြီး သူငယ်ချင်းမလေးအကူအညီနဲ့ အတန်းထဲက စာအတော်ဆုံး စောဦးဆိုတဲ့ ကောင်မလေးဆီမှာ စာကူလုပ်ပေးဖို့ အကူညီတောင်းခံတယ် စောဦးနဲ့စာလုပ်ရင်း လပတ်စာမေးပွဲမှာ သူသချာင်္အမှတ် 100ရခဲ့တယ်..။ အဖွားလုပ်သူလည်း မြေးမလေးဟာ ဆိုးသွမ်းလူငယ်မဖြစ်တော့ဘဲ စာကြိုးစား သင်ယူနေပြီဆိုတာ သိလိုက်ရလို့ ၀မ်းသာမဆုံးဘူးပေါ့..။ အတန်းပိုင်ဆရာဆီက သချာင်္ အမှတ်100ရတဲ့ အနေနဲ့ ကျောင်းသူလေးက ဆရာဖတ်နေတဲ့ ဆေးစာအုပ်ထဲက တစ်အုပ်ကို ဆုချဖို့တောင်းပါတယ်..။ စာအုပ်မှာလည်း ဆရာ့ကိုသူက လက်မှတ်ထိုးခိုင်းလိုက်ပါတယ်...။ အဲဒီလိုနဲ့အကြောင်းကြောင်းကြောင့် ဆရာကျောင်းကနေထွက်စာတင်လိုက်လို့ကျောင်းသူလေးနဲ့ ကွဲသွားလိုက်တာ... ဆရာဝန်ပြန်ဖြစ်လို့ ဆေးရုံတစ်ရုံမှာ မထင်မှတ်ဘဲ ပြန်ဆုံကြတယ်.. ...။ ပြောပြရင်းနဲ့ ဇာတ်လမ်းအကုန် သိသွားရင် ဘယ်ကြည့်ကောင်းတော့မလဲ ...။


 Theme song (It's Love by Jung Yup)


 

သြော်တစ်ခုပြန်ပြောဦးမယ် ကျောင်းဆရာနဲ့ကျောင်းသူလေးပြန်ဆုံတဲ့အခန်းမှာ ပြောတဲ့
စကားလေးသဘောကျလို့...။ ဆရာကမေးတယ်ကျောင်းသူလေးကို ..
“အိမ်ထောင်ကျပြီလား”
“ဟင့်အင်း”
“ရည်းစားရှိလား”
“ဟင့်အင်း”
“ဒါဆိုရပြီ”တဲ့



ကိုးရီးယားကားတွေက များသောအားဖြင့် အိမ်ထောင်ရေးဖောက်ပြန် ဇာတ်လမ်းက သပွတ်အူလည်ပြီး မရှည်ရှည်အောင်ဆွဲဆန့်တာချည်းပဲမဟုတ်လား..။ ဒီဇာတ်လမ်းတွဲလေးကတော့ သိပ်ကိုချစ်စရာကောင်းတဲ့ love story လေးတစ်ပုဒ်ပါပဲ အပိုင်းလည်းသိပ်မရှည်ဘူး...။ ဒါကြောင့်ကျွန်မ ဒီဇာတ်လမ်းတွဲလေးကို ညွှန်းပါတယ် အချိန်အားရင် ကြည့်ကြပါလို့...း)

မိုးငွေ့

Monday, 17 October 2016

My Baking Class.....


           ကျွန်မ Chef ၀တ်စုံလေးဝတ်ပြီး မုန့်ဖုတ်ရတာ သိပ်သဘောကျတာပဲ...။ ကိုယ့်ကိုယ်ကို Chef တစ်ယောက်ဖြစ်သွားသလိုခံစားရတယ်...။ ပထမဆုံးရက် ဆရာက Shangri La မှာ သူလုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ပြောပြတယ်။ American ကမ်းရိုးတန်းတစ်လျှောက် Cruise ပေါ်မှာ Pastry Chef လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ... နောက် မုန့်ဖုတ်တဲ့အခါမှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းနဲ့ အသုံးအဆောင်ပစ္စည်း ကိရိယာ တန်ဆာပလာတွေ စက်တွေအကြောင်း အခြေခံပြောပြပါတယ်..။ အပေါ်ပုံ ပထမဦးဆုံးလုပ်ထား ထားတဲ့ soft roll လေးတွေ။ မြန်မာလိုအလွယ် နို့ပေါင်မုန့်ပေါ့..။ သူက နူးညံ့တဲ့အသားရှိတယ်..။ ဘိုတွေကတော့ ထောပတ်သုတ်စားကြတယ်...။

         မုန့်လိုင်းမှာ Bakery နဲ့ Pastry နှစ်မျိုးရှိရာမှာ ကျွန်မဘယ်အပိုင်းကို ပိုအားသာလည်းဆိုတာကိုတော့ ခုချိန်ထိ စမ်းစစ်နေတုန်းပဲ သေချာတာကတော့ ကိတ် decorate လိုင်းကိုတော့ အားနည်းမှာ...။ ကျွန်မက မုန့်တစ်ခုကို အလှထက် အရသာကိုဦးစားပေးပြီးစားတတ်တယ်။ ကိတ်က Pastry လိုင်းကဆိုတော့... Bakery ကိုအားသာတယ်လို့လည်း ဆိုလို့မရပြန်ဘူးဖြစ်နေတယ်..။ Bakery မှာ ပေါင်မုန့်ရိုက်ရတာ စက်နဲ့ရိုက်ရတာအစဉ်ပြေပေမယ့် အိမ်သုံးမုန့်မွှေစက်နဲ့ဆို မဆင်မပြေနိုင်ဘူး ဒါကြောင့် စက်နဲ့မဟုတ်ဘဲ manual လက်နဲ့နယ်ရတဲ့အခါ အားသုံးရတယ် ပိုပင်ပန်းတယ်။ အဓိကက Puff တို့ Croissant တို့လိုမုန့်မျိုးက ပညာသိပ်ပါတယ်။ လက်ဝင်တယ် မုန့်နယ်တာလှိမ့်တာ တစ်ချက်မှားတာနဲ့ ဖိုထဲဖုတ်ပြီး ထွက်လာတဲ့ မုန့်အခြေအနေက ပြောင်းလဲသွားနိုင်တယ်...။ ပေါင်မုန့်သား စက်နဲ့ရိုက်တဲ့အခါ ရေအတိုး အလျှော့ မမှန်တတ်ရင်လည်း တစ်အိုးလုံးလွှင့်ပစ်ရသေးတယ်.. အရင်းနှီးကြီးတယ်..။ ကိတ်လိုင်းမှာ Cream တို့ဘာတို့နဲ့ Decorate မလုပ်ရတဲ့ ထောပတ်ကိတ်တို့ ငှက်ပျောသီးကိတ်တို့ လိုမုန့်မျိုးကတော့ လုပ်ရတာလွယ်တယ်...။ မုန့်ဖုတ်ပညာမှာ လွယ်တယ်ဆိုတဲ့ မုန့်တောင်မှ မီးအချိန်အဆလုပ်တတ်ရတယ် မုန့်ထဲပါဝင်တဲ့အချိုးအစားမှားလို့မရဘူး ဥပမာ Yeast လိုဟာမျိုးက ပိုတိကျရပါတယ်..။ သကြားတို့ ဂျုံတို့ဆိုတာက လိုတာပိုတာရသေးတယ်..။ မိန်းကလေးတော်တော်များများက Pastry လိုင်းကိုယူကြတယ် ကိတ်ကို ခရင်မ်နဲ့အလှဆင်တာ Fondant နဲ့အလှဆင်တာ စတဲ့အနုစိပ်ပညာကို ပိုအားသာလို့လည်းဖြစ်လိမ့်မယ်။

    မုန့်တစ်ခုလုပ်ရမှာ အချိုမကြိုက်ဘူးဆိုပြီး သကြားကို တရားလွန် သူထည့်ရမယ့် အချိုးတစ်ဝက်လောက်ထိမလျှော့ချပါနဲ့..။ သကြားကလည်း မုန့်ရိုက်တဲ့နေရာမှာ သူ့နေရာနဲ့သူ သူ့စေးပျစ်မှုနဲ့သူရှိတာမို့လို့ပါ...။ မုန့်ကိုစက်နဲ့မွှေတာကို ကျွန်မတို့က ရိုက်တယ်လို့ခေါ်ပါတယ် အင်္ဂလိပ်လို beat ကနေ တိုက်ရိုက်ယူတာပါ..။ အခုက မုန့်ပုံတွေကို မုန့်လုပ်ရင်း သေချာမရိုက်ထားနိုင်လို့ ကဘောက်တိ ကဘောက်ချာတွေဖြစ်နေလိမ့်မယ် ဒါပေမယ့်ကြည့်လို့တော့ရတယ်မဟုတ်လား..။ အခုသင်တန်းမှာက တကယ့်အခြေခံကျကျမုန့်တွေကိုပဲသင်ပေးတာပါ..။ ကျန်တာတော့ ကိုယ်ဘာသာကို modified လုပ်ရမှာပေါ့..။ ဆွမ်းမွှေးကိတ်လို Japanese cotton cheese ကိတ်လို Chiffon ကိတ်တို့လို မုန့်မျိုးဆိုတာက ကျွန်မတို့ Asian ဖက်က ဂျပန်လူမျိုးတွေ တရုတ်တွေက တဆင့် modified ပြန်လုပ်ကြတဲ့မုန့်တွေ..။ အဲထဲမှာ Japanese cotton cheese cake ကိုသိပ်ကြိုက်တယ် မုန့်သားက နူးညံ့ပြီးအရသာလေးလးပင်ပင်နဲ့ သိပ်စားကောင်းတယ် အဲဒီမုန့်ဖုတ်တတ်ဖို့ လေ့ကျင့်ရဦးမယ်။

     ကျွန်မတို့ သင်တန်းက ကော်ဖီဆိုင်နဲ့တွဲလျက်မို့လို့  ကော်ဖီလာသောက်တဲ့ဧည့်သည်တွေကို ကိုယ်လုပ်တဲ့ မုန့်လေးတွေပေးမြည်းတယ်...။ တချို့ဧည့်သည်တွေ ကြိုက်ရင် ၀ယ်သွားတတ်သေးတယ်..။ အဲခါ ကိုယ့်မုန့်ကိုတခါတည်းရောင်းရတော့ ကျေနပ်စရာပီတိဖြစ်ပေါ့...။ ကျွန်မတို့သင်တန်းမှာ Bagel ပေါင်မုန့် အပတ်တိုင်း အော်ဒါလာမှာတဲ့ ဘိုတစ်ယောက်ရှိတယ်...။ ဘာနိုင်ငံသားလည်းတော့ မသိဘူး...။ Bagel ဆိုတာ မုန့်လက်ကောက်လိုပုံစံမျိုး ပေါင်မုန့်ကိုမှ အလယ်အမှာအပေါက်နဲ့ သူတို့ကတော့ ထောပတ်သုတ်ပြီး အသားတို့ ချီစ်တို့ ဆလပ်တို့နဲ့ ညှပ်စားကြတယ်..။ Bagel ပေါင်မုန့်ဆိုတာ ပိုလန်မှာနေတဲ့ ဂျူးလူမျိုးတဲ့စားတဲ့ ပေါင်မုန့်တစ်မျိုးပါ..။ ဆိုင်မှာ အများဆုံးလာတဲ့ ဧည့်သည်က ကိုးရီးယားတွေ ဆိုင်ရှင်က ကိုးရီးယားလေ..။ နောက် ဂျပန် တရုတ် ထိုင်းတို့ အနောက်ဥရောပသားတွေလည်း များတယ်..။

           ကျွန်မက ငယ်ငယ်ကတည်းက အချက်အပြုတ်ဝါသနာပါခဲ့တာ...။ ကိုယ်ပိုင် ကဖေးဆိုင်သေးသေးလေး တစ်ဆိုင်ဖွင့်ဖို့လည်း အမြဲအိပ်မက်ခဲ့သူပါ...။ ခုတော့ အကောင်ထည် စဖော်နေပြီဆိုပါတော့..။ Home baking အသေးစားလေးပေါ့ တနိုင်မုန့်ဖုတ်လုပ်ငန်းလေး..။ မဟုတ်ရင်တောင် Online business အသေးစားလေး တစ်ခုလောက်တော့လုပ်ချင်ပါတယ်..။ တကယ်တမ်းက ကျွန်မက အချက်အပြုတ်ကို ပိုအားသန်တာ.. ကျွန်မဆိုင် ဖွင့်ဖြစ်တဲ့အခါ ခေါက်ဆွဲတော့ ပါအောင်ထည့်မယ် ကျွန်မက ခေါက်ဆွဲ ခရေဇီလေ..။ ခေါက်ဆွဲ အမယ်ပေါင်းတော်တော်များများကို ကြိုက်တာ တရုတ်ကြက်ဥခေါက်ဆွဲကအစ ပါစတာအဆုံးပေါ့..။ ကြက်ဥခေါက်ဆွဲလုပ်နည်းလည်း သင်တန်းမတက်ဖြစ်ရင်တောင် အွန်လိုင်းကနေလေ့လာဦးမယ်လို့စဉ်းစားထားတယ်...။

           သင်တန်းမှာ မုန့်က 31မျိုးသင်ရမှာ ခုမှလမ်းတစ်ဝက်ရောက်ပါသေးတယ်...။ Pizza dough တို့ donut တို့ maccaron တို့လိုခက်တဲ့မုန့်မျိုးတွေကျန်သေးတယ်...။ နောက်မှ မုန့်တစ်မျိုးချင်းကို ပို့စ်ရေးပါဦးမယ်..။ မုန့်ပြီးသွားရင် ကော်ဖီသင်တန်းဆက်တက်မယ်...။ ဆရာက နှစ်မျိုးလုံးတပြိုင်တည်း တက်ခိုင်းတာ အလုပ်အားရက် နှစ်ရက်တည်းကို တစ်ရက်ကို ခြောက်နာရီလောက် အချိန်ပေးရမှာဆိုတော့ အချိန်မလောက်ဘူး ပိတ်ရက်နှစ်ရက်မှာ တခြားကိုယ်လုပ်စရာလေးတွေလည်းရှိသေးတာ မုန့်ရောကော်ဖီရော ခြောက်နာရီဆက်တိုက် သင်ရင် ဟုန်သွားမှာစိုးရသေးတယ်...။ ကျွန်မလုပ်တဲ့ မုန့်တွေကို ရုံးပြန်တက်တဲ့နေ့ကျရင် ရုံးက လုပ်ဖော်ကိုက်ဖက်တွေက အားပေးကြတာ ယူသွားတဲ့ မုန့်တောင် မလောက်ပါဘူး...။ ပြင်သစ်မုန့်တစ်မျိုးဖြစ်တဲ့ Quiche ဆိုရင်ကြိုက်လိုက်ကြတာ..။ အဲဒီမုန့်အကြောင်း ပို့စ်တစ်ပုဒ်ရေးထားသေးတယ် နောက်မှတင်ပေးမယ်..။ ခုကတည်းက ကျွန်မကို Cookies နဲ့ Puff အော်ဒါမှာထားတာရှိတယ် သင်တန်းမပြီးသေးလို့ မလုပ်ပေးနိုင်သေးတာ...။

    
    ဒါက ဂျုံကြမ်းပေါင်မုန့် သူတို့အခေါ်တော့ Whole wheat bread လှီးဖြတ်ပြီး ထောပတ်သုတ် မီးကင်စားကြတယ် ကြက်အူချောင်း ကြက်ဥကြော်တွေနဲ့စားကြတယ်...။ mushroom soup, tomato soup နဲ့လည်း စားကြတယ်...။  ကျွန်မတို့မြန်မာလူမျိုးတွေ ကတော့ ပေါင်မုန့်ဆို ဖြူ နုမှပျော့အိနေမှ ကြိုက်တတ်ကြတာမဟုတ်လား...။ ဒါတောင် ချားကိုးပေါင်မုန့်မျိုး မြန်မာတွေသိပ်မသိကြသေးလို့ မီးသွေးခဲလို မဲနက်နေတာ အဲပေါင်မုန့်က..။ ကျွန်မသင်ရတဲ့ထဲမှာ ဂျာမန်ပေါင်မုန့်လည်းပါတယ် သူကလည်း အညိုရင့်ရောင်ပေါင်မုန့်ပဲ...။ သူက Dark Rye Flour ဆိုတဲ့ အညိုရောင်ဂျုံသုံးရတာ... မရှိရင်တော့ ရိုးရိုးဂျုံထဲကို Cocoa powder ရောပြီးဖုတ်ကြတယ် ဒါက အညိုရောင်ကိုလိုချင်လို့သက်သက်ပါ..။ ဘယ်ဖက်က ဆရာလုပ်တဲ့ပေါင်မုန့် အောက်ခြေညီတော့ လှနေတယ် ညာဖက်က ကျွန်မလုပ်တာ ဘမ်းပေါ်တင်တော့ မုန့်အောက်ခြေမညီလို့ ထွက်လာတော့ ယိုင်နေတဲ့ပုံဖြစ်နေတာ။

 cup cake လေးတွေ

 Banana cake သို့မဟုတ် Banana bread လို့လည်းခေါ်တယ်

ဒါက Sandwich bread ဘေးသားများလှီးထုတ်ပြီး toast လုပ်စား ဒါမှမဟုတ် အသားညှပ်ပေါင်မုန့်လုပ်စား 

အီကလဲယားမုန့်လေးတွေမလှဘူးလား အထဲက ကြက်ဥအကာခရမ်တွေထည့်ထားတယ်
တချို့ကို Custard cream ထည့်ထားတယ်..

 Danish မုန့်က အပွခံဖို့နည်းနည်းလိုသွားလို့ မုန့်သားက ကျစ်ကျစ်ကြီးဖြစ်နေပါတယ်

Carrot Cake ထောပတ်နံ့လေးမွှေးပြီး သိပ်စားကောင်းတဲ့မုန့်


Brownie ဖုတ်ပြီးသားပုံမရိုက်လိုက်မိဘူး... သူထွက်လာတဲ့မျက်နှာပြင်ကထုံးစံအတိုင်း  ကြေကွဲအက်နေတာရော
ဒါပေမယ့် စားကောင်းတယ် နည်းနည်းချိုတာကလွဲလို့

မိုးငွေ

Friday, 14 October 2016

ငယ်ဘ၀.....

  
   
    လူတိုင်းလူတိုင်း ကိုယ့်ငယ်ဘ၀ကို ပြန်တူးဖော်ကြည့်ရတာ ကြည်နူးစရာတစ်ခုလို့ မှတ်ထင်ကြမှာပါ...။ အောက်ကလင့်တွေကတော့ တစ်ခါတုန်းကတုန်းရွာမှာ ခေါင်းစဉ်အောက်က မဖတ်ရသေး သူများအတွက် ပြန်ညွှန်းလိုက်ခြင်းဖြစ်ပါတယ်..။

အသစ်မတင်နိုင်သေးခင် အဟောင်းလေးနဲ့ နှစ်သိမ့်ရတာပါလို့...း)


ရိုးရာဓလေ့ပွဲတော်များ
ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၁)
ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၂)
ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၃)
ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၄)
ရွာကနှင်းကိုအောက်မေ့ခြင်း
ကျွန်မတို့အိမ်
ငယ်တုန်းကဈေးထဲကအစိမ်းရောင်နှင့် ကျွန်မကြိုက်အစားစာများ
အဖွားလုံ
တစ်ခါတုန်းကတို့ရွာမှာ : Origin


ကျေးဇူးတင်စွာဖြင့်
မိုးငွေ့

Sunday, 9 October 2016

နွားနို့ဖူးစာ.....



ကျွန်မရေးခဲ့ပြီးတဲ့ အဒေါ်အမွှာနှစ်ယောက်အကြောင်းထဲမှာ စကားစပ်ခဲ့ဖူးတဲ့ ကျွန်မအဒေါ်တွေထဲက တပ်ထောက်စစ်ဗိုလ်နဲ့ လက်ထပ်သွားခဲ့တဲ့ အဒေါ်အကြောင်း..အခုပြောပြချင်ပါတယ်..။ ကျွန်မမှတ်မိတာက တစ်ကွက်ထဲပါ...။ အဲတုန်းက ကျွန်မ အသက်ဘယ်လောက်ရှိမလဲမသိဘူး သူငယ်တန်းတက်နေပြီလား တက်သေးဘူးလားဆိုတာ သေချာမမှတ်မိတော့ဘူး...။ သေချာတာက အဲဒီညက အမေတို့ ညီအစ်မတွေထဲက တတိယမြှောက်ညီမဖြစ်တဲ့ အဒေါ့်ကိုလာပိုးတဲ့ စစ်ဗိုလ်ဦးလေးက နွားနို့ဝယ်ခဲ့တယ် ပြီးတော့ ကျွန်မတို့ အိမ်အလယ်ခန်း နံရံနားမှာ မီးဖိုးသေးသေးလေးပေါ် နွားနို့အိုးလေးကျိုပြီး စကားပြောကြတယ်...။ ကျွန်မက ဘယ်နှယ့် သူတို့နားငုတ်တုတ်ကလေးရောက်နေခဲ့သလဲမသိ...။ ကြည့်ရတာ လူကြီးတစ်ယောက်ယောက်က သမီးရည်းစားနှစ်ယောက်ကြား အဟန့်အဖြစ် ကလေးကို ထားထားခဲ့တာဖြစ်မယ်...။ အဲဒီတစ်ကွက်လေးပဲ မှတ်မိတာပါ ...။ သူတို့နှစ်ယောက်လည်း လက်ထပ်သွားပါတယ်...။ ကျွန်မမှတ်မိသလောက်တော့ အဒေါ်တွေထဲမှာ အဲဒီအဒေါ်က အိမ်ထောင်ကျတာ နောက်အကျဆုံးပဲ...။

အဲအဒေါ်က အဒေါ်တွေထဲမှာ ကပ်စေးအနည်းဆုံး ကလေးမချစ်တတ်ဆုံးပဲ...။ ယနေ့ထိလည်း သားသမီးတစ်ယောက်မှမရှိပါဘူး...။ ကလေးတွေကို မုန့်ကျွေးထမင်းကျွေးရမှာ တွန့်တိုသလောက် သူက လမ်းဘေးခွေးတွေ ကြောင်တွေကိုတော့ ဖောခြင်းသောခြင်းကျွေးမွေးတတ်ပါတယ်...။ သူ့အိမ်မှာ မွေးထားတဲ့ခွေးကလေးတွေဆို အိပ်ယာထဲထိထည့်သိပ်ပါတယ်...။ အဲအဒေါ်က ဘာမှသိပ်မ၀ယ်ပေးတတ်လို့လားမသိ ငယ်ငယ်တုန်းက သူဝယ်ပေးဖူးတဲ့ ဂါဝန်လေးတစ်ထည်ကို ခုထိမျက်စိထဲမြင်နေမိတုန်းပဲ... တစ်ထည်တည်းသော သူဝယ်ပေးဖူးခဲ့တဲ့ ဂါဝန်လေးက အဖြူခံမှာ အ၀ါရောင်ခွေးရုပ်ကာတွန်းလေးတွေနဲ့ပါ....။ ကျွန်မမွေးကင်းစကလေးတုန်းကဆို အိမ်မှာ အဒေါ်တွေအားလုံး သည်းသည်းလှုပ်ကြသလောက် ဒီအဒေါ်ကတော့ ကလေးချီရဖို့ကိုကြောက်နေတော့တာ ဒါကိုသိလို့ ကျွန်မဦးလေးအငယ်က အဲအဒေါ်အနားရောက်လာတာနဲ့ ရော့ကလေးခဏချီထားဆိုပြီး သူ့လက်ထဲကလေးထိုးပေးလိုက်တာ သူ့ခင်ဗျာမချီချင့်ချီ့ချင်နဲ့ မျက်စေ့မျက်နှာပျက်လို့နေရောတဲ့...။ အဒေါ်က ငယ်ငယ်ကချောတယ် မဂ္ဂဇင်းမျက်နှာဖုံးတွေ ဘာတွေမှာပါဖူးတယ်...။ ဓါတ်ပုံရိုက်လည်း ၀ါသနာပါတယ်...။ သူမဂ္ဂဇင်းမှာပါတဲ့ပုံတွေက အာခါဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေပါ...။ ကျွန်မတို့အိမ်ဧည့်ခန်းနံရံမှာ အဒေါ်တွေရဲ့လှဓါတ်ပုံတွေ တန်းစီပြီးချိတ်ထားခဲ့တယ်...။ သူတို့က ရွာကွမ်းတောင်ကိုင်တွေပေါ့...။

ဦးလေးလည်းပင်စင်ယူလိုက်ပြီဆိုတော့ သူတို့လင်မယား နားနားနေနေ နေပြည်တော်ကရထားတဲ့ အိမ်မှာပဲနေကြပါတယ် ..။ ရန်ကုန်နဲ့နေပြည်တော်ကူးချီသန်းချီဆိုပါတော့...။ တစ်ခုပြောပြရဦးမယ် တလောကပဲဖြစ်ပျက်သွားတာလေးပါ... ငိုရခက်ရယ်ရခက်အဖြစ်အပျက်လေး..။ အဒေါ် သူ့အိမ်ကရေခဲသေတ္တာကိုရှင်းလင်းရေးလုပ်တာ ဘယ်နှစ်ခုနှစ်တုန်းက စားစရာတွေမသိ လမ်းကြုံလို့လား ကံဆိုးချင်လို့လားတော့မသိ အမွှာအဒေါ်တွေထဲက အကြီးတစ်ယောက်က သူ့အိမ်ကို မျက်စေ့လည်လမ်းမှားပြီးရောက်သွားခဲ့တာ...အိမ်ပြန်တော့ ရော့ဆိုပြီး စားစရာအထုပ်တစ်ထုပ် ထည့်ပေးလိုက်သတဲ့..။ အမွှာအဒေါ်ကလည်း ဟာ ငါ့အစ်မ တစ်သက်လုံး ဒီလိုမတောင်းပဲ ကြည်ကြည်ဖြူဖြူပေးတတ်တဲ့သူမဘူး ပွတာပဲဆိုပြီး ၀မ်းသာအားရ အိမ်ပြန်ယူလာလိုက်တာ..။ ရေညှိခြောက်ထုပ်နဲ့ မျှစ်ချဉ်တဲ့...။ အဲဒီတွေစားပြီးနောက်နေ့ကျ အမွှာအဒေါ်နဲ့ သူ့ယောကျာ်း ၀မ်းတွေသွားကြတာ ဆေးရုံမရောက်ရုံတမယ်ဆိုပဲ...။ ဒီတော့မှ သူ့သားတွေက အထုပ်တွေကို ယူကြည့်တော့ မျှစ်ချဉ်က ရက်လွန်နေတာ တစ်နှစ်ကျော်နေပြီတဲ့..သေရာဗျာ..။ ရက်လွန်နေတဲ့ မျှစ်ချဉ်နဲ့ရေညှိက အစာအဆိပ်ဖြစ်သွားခဲ့တာ...။ အဲဒါ ဖုန်းဆက်ပြောတော့ အဒေါ်က သူပေးလိုက်တဲ့ဟာစားလို့ဒီလိုဖြစ်တာကို တခြားညီအစ်မတွေကိုမပြောဖို့ နှုတ်ပိတ်သတဲ့လေ...။

ဒီအဒေါ်က ကျွန်မနဲ့အနေသိပ်မနီးလို့ သူ့အကြောင်း အကျဉ်းချုံးဒါလောက်ပဲပြောပြနိုင်တယ်ဆိုပါစို့..။


မိုးငွေ့

Monday, 3 October 2016

ကျွန်မနှင့် အမွှာအဒေါ်နှစ်ယောက်.....


ကျွန်မရဲ့ ငယ်ဘ၀တစ်စိတ်တစ်ပိုင်းများကို တစ်ခါတုန်းကတို့ရွာမှာ နဲ့ ဆက်ကျော်သက်နှစ်ဆယ်အရွယ် ဘ၀များကို တစ်ခါတုန်းကတက္ကသိုလ်မှာ ဆိုတဲ့ ခေါင်းစဉ်များအောက်မှာ ပို့စ်တော်တော်များများရေးဖူးခဲ့ပြီး ပါပြီ...။ ခုတစ်ခါ ကျွန်မဆွေမျိုးများအကြောင်းရေးချင်ပါတယ်...။ ငယ်စဉ်က အဒေါ်တွေနဲ့ အနေများခဲ့တော့ ကျွန်မနဲ့ သူတို့တွေ ငယ်ငယ်က ဖြစ်ပျက်ခဲ့ဖူးတဲ့ ရယ်စရာ ငိုစရာများ အကြောင်း ကျွန်မမှတ်မိသလောက်လေး ဒီနေရာလေးမှာ မှတ်တမ်းတင်ချင်ပါတယ်..။ ကျွန်မ ငယ်ဘ၀နဲ့ ပတ်သက်ပြီး ရေးခဲ့ဖူးတဲ့ ပို့စ်များကို မလွတ်တမ်း လာဖတ်ခဲ့ဖူးတဲ့ ကျွန်မစာကို အစဉ်တစိုက် အားပေးနေတဲ့ ညီမငယ်တစ်ယောက်ရှိပါတယ်...။ ခု ကျွန်မ၏ဆွေမျိုးများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးသားမယ့် ပို့စ်များကိုလည်း ကျွန်မရဲ့ထာဝရ စာဖတ်သူ ညီမငယ်လေးလည်း ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်...။

ကျွန်မရဲ့ အဒေါ်အမွှာနှစ်ယောက်ဆိုတာ ကျွန်မအမေရဲ့ မောင်နှမရှစ်ယောက်ထဲက အငယ်ဆုံး အဒေါ်များဖြစ်ပါတယ်...။ ကျွန်မတို့အဖိုးဟာ အမွှာမျိုးရိုးရှိသူလို့ သိရပါတယ်...။ အဖိုးရဲ့ အစ်ကိုဆို သားသမီး ဆယ်ယောက်မွေးထားတာ အမွှာနှစ်စုံပါပါတယ်...။ အဖိုး ဓါတ်ပုံပြဖူးလို့ မြင်ဖူးခဲ့တာပါ...။ ကျွန်မရဲ့ အမွှာအဒေါ်နှစ်ယောက်ဟာ ကျွန်မထက်အသက် ဆယ့်တစ်နှစ်ပဲကြီးပါတယ်...။ ကျွန်မကို အမေမွေးတဲ့မနက်ကဆို အဒေါ်နှစ်ယောက်က ကျောင်းတောင် ကောင်းကောင်းဖြောင့်အောင် မတက်နိုက်ကြဘူး..။ ကျောင်းခေါင်းလောင်း မထိုးမချင်းကို အိမ်ပြန်ပြန်လာပြီးချောင်းတာတဲ့...။ အဲဒီခေတ်တုန်းက ကလေးမွေးရင် အိမ်မှာပဲ လက်သည်တို့ ၀မ်းဆွဲဆရာမတို့နဲ့မွေးကြရတာကိုး...။ ကျွန်မကိုမွေးပေးတဲ့ ၀မ်းဆွဲဆရာမခုချိန်ထိရှိသေးတယ် အသက်တောင်  ခုနှစ်ဆယ်ကျော်နေလောက်ရောပေါ့...။ သူ့အမျိုးသားက ကျွန်မတို့ ကျောင်းတက်တော့ ကျောင်းအုပ်ဆရာကြီး ဦးဆယ်မြူရယ်ပေါ့..။ ဒီလိုနဲ့ ကျွန်မမွေးလာတော့ အိမ်တစ်အိမ်လုံးရဲ့ မြေးဦး အထူးသဖြင့် အမွှာအဒေါ်နှစ်ယောက်ရဲ့ ကစားစရာအရုပ်ဖြစ်ခဲ့ရတယ်...။ သူတို့နှစ်ယောက်ကျောင်းဆင်းတာနဲ့ ကလေးကိုလုချီ၊ အနှီးတွေလုလျှော်၊ ညဖက်ညဖက် နို့ဗူးလုဖျော်ရသေး။ ကျောင်းပိတ်ရက်တွေမှာ သူတို့လျှောက်သွားရင် ခေါ်ခေါ်သွားတတ်တယ်...။ စက်ဘီးလေးနဲ့ပေါ့..။ 

ကျွန်မ လေးငါးခြောက်နှစ်အရွယ်မှာတော့ အမွှာအဒေါ်နှစ်ယောက်ဟာ ဆယ်ကျော်သက်ရွယ် အပျိုဖော်ဝင်တွေဖြစ်နေပေမယ့် အိမ်မှာသောင်းကျန်းလို့ကောင်းတုန်း..။ သူတို့အစ်မတွေကို လူပျိုလှည့်လာသူများကို ဘယ်လိုမျိုး ဒုက္ခပေးတတ်သလဲဆိုတာ ပြောပြဦးမယ်...။ ကျွန်မတို့အမေမောင်နှမ ရှစ်ယောက်ထဲမှာ မိန်ကလေး ခြောက်ယောက်ပါပါတယ်...။ အမေက မိန်ကလေးထဲမှာ အကြီးဆုံး...။ ဆိုတော့ အမေနဲ့ အမွှာအဒေါ်နှစ်ယောက်ကြားမှာ အဒေါ်သုံးယောက်ရှိသေးတယ်...။ အဲသုံးယောက်ထဲက အမေ့အောက်က အဒေါ်က ဆရာဝန်ကြီးနဲ့ညားပါတယ်...။ အဲဆရာဝန် ကျွန်မတို့ရွာက (ဟိုတုန်းကရွာပေမယ့် ခုတော့ တာလေမြို့နယ်) တိုက်နယ်ဆေးရုံကိုပြောင်းလာတော့...။ အဲအဒေါ်က တာချီလိတ်မှာ ကျောင်းသွားတက် ခရစ္စမတ်ကျောင်းပိတ်ရက် ပြန်လာလည်တော့ ဆေးရုံဝင်းထဲ ခရစ္စမတ်ပွဲ လုပ်ပါတယ်...။ အဒေါ်က အဲညက စင်ပေါ်မှာ သီချင်းတက်ဆိုတော့ ပြောင်းလာခါစ ဆရာဝန်လေးက ဘယ်က နတ်သမီးလေးသီချင်းဆိုနေတာပါလိမ့်လို့ မြင်မြင်ချင်း ချစ်ခင်မြတ်နိုးသွားခဲ့ပါသတဲ့...(အဒေါ်တွေရဲ့ အကြောင်းစုံကျွန်မကို ဒိုင်ခံပြောပြတာကတော့ အမွှာအဒေါ်နှစ်ယောက်ပါပဲ)...။ အဲဆရာဝန်နဲ့ အဒေါ်ချိန်းတွေ့ကြရင်လည်း အမွှာနှစ်ယောက်က ဘယ်လို စားကားဝှက်တွေနဲ့ပြောပြောနေရာသိပြီး ချိန်းတဲ့ချိန်ကို ကြိုရောက်ပြီး ချောင်းလေ့ရှိတယ်တဲ့...။ အဲလိုတွေသူတို့သောင်းကျန်းတတ်ကြတာ...။

ပိုဆိုးတာပြောပြဦးမယ်...။ အထက်ကပြောခဲ့တဲ့ အဒေါ်ဆရာဝန်နဲ့ အိမ်ထောင်ကျသွားတော့. ကျန်အဒေါ်များကို စစ်တပ်ထဲက စစ်ဗိုလ်တွေက လူပျိုလှည့်ကြပြန်ပါတယ်...။ အိမ်မှာ အအေးဆိုင်ဖွင့်ထားတော့ နေ့လည်ဖက်ဆို ကျိုင်းတုံ မိုင်းဖြတ် တာချီလိတ် ကားကြီးသမားတွေ ဆိုင်မှာ အထိုင်များကြတယ်...။ ကိုလူပျို စစ်ဗိုလ်ချောများကတော့ ညဖက်အလုပ်အားမှသာ ရွာထဲ လူပျိုလှည့်လာကြပါတယ်..။ ဟုတ်ကဲ့ကျွန်မတို့ အိမ်မှာ ညဖက်ဆိုင်ပိတ်တယ်ဆိုပေမယ့် သူတို့က အဲချိန်လေးမှာ အအေးလာသောက်ကြ ဘီယာကြိုက်သူများက စင်းဂါးဘီယာမှာသောက်ကြ အမြည်းကို ချီးစ်ဗူးတွေ ဖောက် အတုံးလေးများလှီးပေးရပါတယ်...။ ဒါမှမဟုတ် ထိုင်းကလာတဲ့ ငါးနီတူခြောက်ဗူးလေးတွေကို သံပုရာသီး ညှစ်ပြီး မြည်းကြပါတယ်...။ 

တစ်ညမှာတော့ ဗိုလ်ကြီးတွေကို လက်ဖက်သုပ်သုပ်ကျွေးကြပါတယ်..။ အမွှာအဒေါ်တွေဟာ ကျိုင်းတုံကားသမားတွေဆီကရထားတဲ့ ၀မ်းနှုတ်ဆေးလုံး...(ဆေးဆိုပေမယ့် အပင်ကသီးတဲ့ အသီးတစ်မျိုးပါ)..။ အဲဒီအသီးလေးတွေကို ငရုတ်ဆုံနဲ့ထောင်းပြီး လက်ဖက်ထဲထည့်သုပ်ကြပါတယ်...။ ငရုပ်ကောင်းစေ့လိုအရွယ်စားမျိုးပါ..။ ရွာမှာ မီးကလည်းမရှိ (ခုထိလည်း မီးမရသေးပါဘူး... ကိုယ့်အားကိုယ်ကိုး ရေအားလျှပ်စစ်နဲ့ တပိုင်တနိုင်မီးထွန်းနေရတုန်းပါ) ဖယောင်းတိုင်မီးအောက်မှာ စစ်ဗိုလ်ကြီးတွေ လက်ဖက်သုပ်ထဲက မဲမဲအမှုန်တွေလည်းမမြင်ရဆိုတော့ အသားကုန်စားကြတာပေါ့ ရှမ်းပြည်မှာလက်ဖက်ပေါပေမယ့် လက်ဖက်သုပ်ကျတော့ ရှားတယ်လေ..။ တခါတလေပြည်မကလာမှ စားကြရတာကိုး..။ အဲ ဆေးတန်ခိုးပြတာမြန်ချက် ...။ သူတို့အစ်မကိုလာပိုးလို့ ပညာပေးတာ လက်လွန်သွားတယ်။ သူတို့တွေစားသောက်ပြီး တပ်ထဲကိုအပြန် တာလေရွာနဲ့ ကချင်(၅)တပ်ရင်းက တံတားပဲခြားတာ..။ တံတားကျော်ရုံရှိသေး တစ်ယောက်က ချုံထဲပြေးရပြီ...။ စစ်ဗိုလ်ဦးလေးတွေ သုံးလေးယောက်လောက်ရှိမယ်ထင်တယ် မမှတ်မိတော့ဘူး...။ နောက်နေ့မနက်မှာ ဆေးရုံတောင်တက်ယူရတဲ့ အထိဖြစ်ကြသတဲ့..။ အဲဒါ အဒေါ်နှစ်ယောက်က သူတို့လုပ်ထားတာဆိုတော့ လူနာမေးသွားကြရတာပေါ့..။  နောက်တော့ အဲဒီစစ်ဗိုလ်ဦးလေးကြီးတွေထဲက တစ်ယောက်က ကျွန်မရဲ့အမွှာအဒေါ် အကြီးတစ်ယောက်နဲ့ မင်္ဂလာဆောင်သွားပါတယ်...။ ဖူးစာပဲခေါ်မလား...။ အလျော်အစားပေးလိုက်တယ်ပဲခေါ်မလား...။ အဒေါ်ကသူလုပ်ထားတာကို သနားပြီး ပြန်ကြိုက်သွားတာလားတော့ မသိဘူး...။ အဒေါ်နဲ့က အသက်တော့ ဆယ်နှစ်လောက်ကွာတာပေါ့... ။ လာရှိုတ်တာက အစ်မတွေကို ယူသွားတော့ ညီမ အဲလိုတွေ..။ ခု အဲဒီအဒေါ်က စစ်ဗိုလ်ဦးလေးနဲ့ သားနှစ်ယောက်ရပြီး သားတွေတောင် လူပျိုကြီးတွေဖြစ်ကုန်ပြီပေါ့...။ ကျွန်မ ရန်ကုန်ရောက်စက သူတို့ ဖောင်ကြီးမှာတာဝန်ကျလို့ သူတို့နဲ့အကြာကြီးသွားနေလိုက်သေးတယ်...။
ကျွန်မတို့က စစ်တပ်မျိုးတွေနဲ့ဆက်နွယ်ကြတယ်..။ ကျွန်မအဖေက ကချက်(၅)မှာ တပ်ကြပ်ကြီး၊ အဒေါ်အမွှာရဲ့ ယောက်ျားက တပ်ရေးဗိုလ်ကြီး..။ နောက် နံပါတ်လေးယောက်မြှောက်အဒေါ်ရဲ့ ယောက်ျားက တပ်ထောက်ဗိုလ်ကြီး...။ တပ်ထောက်ဗိုလ်ကြီးကတော် အဒေါ့်အကြောင်းလည်း ရေးပါဦးမယ်...။

အမွှာအဒေါ်အငယ်က အကြီးထက် အိမ်ထောင်အရင်ကျတာ သူက သားတစ်ယောက်ပဲမွေးတယ်...။ သူ့သားတောင် ခု..ကလေးနှစ်ယောက်အဖေဖြစ်နေပြီ..။ သူလည်း အသက်ငယ်ငယ်နဲ့ အဖွားဖြစ်နေပြီလေ...။ ကျွန်မ နှစ်နှစ်သမီးမှာ ဖေဖေက မော်လမြိုင်တပ်ကိုပြောင်းရလို့ အဒေါ်အငယ်က ကျွန်မကိုလွမ်းပြီးတော်တော်ကြာကြာ နေမကောင်းဖြစ်သွားဖူးခဲ့သေးတယ်တဲ့။ အဲအဒေါ်နှစ်ယောက်က ခုချိန်ထိ ကျွန်မကိုတွေ့ရင် ချစ်ကြတုန်း  ကျွန်မကလေးဘ၀အကြောင်းကို အာပေါင်အာရင်းသန်သန်နဲ့ ပြောနေတတ်ကြတုန်း အားကိုးတကြီး ရှိကြတုန်းပေါ့...။ အားကိုတကြီးဆိုတာက ကျွန်မက မြို့သူတစ်ပိုင်းဖြစ်နေတော့ သူတို့လာလည်ရင် ဟိုလိုက်ပို့ ဒီလိုက်ပို့ ကျွေးမွေးပြုစုရတာကိုး...။

ဆွေမျိုးတွေအကြောင်းရေးရတာ တခါတလေ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတတ်တယ်..။  ဒါပေမယ့် ငယ်စဉ်ကာလများအကြောင်း ပြောပြရတာ ဘယ်လောက်အရသာရှိလည်းဆိုတာ အသက်ကြီးလာသူတိုင်း သိလိမ့်မှာပါ..။ 

မိုးငွေ့