မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Friday, 27 May 2016

မိုးရွာခြင်းအနုပညာ(၁)

 သိမ့်ကြည်တဲ့ရသ
လှလှကလေး မှောက်ချလို့
မြေပြင်ပေါ် ခြေအကျဝယ်
တမ်းတမဆုံး။ ။
(Craton)

Sunday, 22 May 2016

ဒီမိုး.....



မိုးစက်တွေ အိပ်စက်နေကြတုန်းပဲ အိန်ဂျယ်......။

နွေခေါင်ခေါင်မှာ ကိုယ်တစ်ယောက်တည်းပဲ မိုးတွေရွာချနေခဲ့တယ်...။
မင်းကတော့ ပင်လယ်ပြင်မှာ ပေါလောမျောပြီး မုန်တိုင်းကြားထဲ သက်စွန့်ဆံဖျား ခရီးဆက်နေရတုန်းပေါ့...။

မိုးကို ကိုယ်စောင့်နေတယ်...။
ဒီမိုးကျရင် မင်းနဲ့ပတ်သက်မယ့် မိုးကဗျာတွေ တသီကြီး ရေးခွင့်ရမယ် ထင်တာပဲ...။

လောလောဆယ်တော့ ....
ကိုယ်ဟာ နွေကန္တာရထဲ အထီးကျန်နေဆဲပေါ့...
အိန်ဂျယ် ဖန်ဆင်းမယ့်နေ့ညတွေကို စောင့်မျှော်နေရင်းပေါ့....
မြက်ပြင်စိမ်းစိမ်းပေါ်က ဖက်ဆွတ်မိုးတွေကို ခြေဗလာနဲ့နင်းဖို့ စိတ်ကူးယဉ်ရင်းနဲ့ပေါ့...

မိုးငွေ့

Wednesday, 18 May 2016

မိုးကိုမျှော်သည်...အယ်နီညိုရယ် ပြန်ပါတော့....



မိုးမရွာပုံများ ဒီနှစ် ပိတောက်ပန်းတောင် သိပ်မပွင့်လိုက်ဘူးလို့ကြားတယ်...။
အန်တီညိုရယ်... ပြန်ပါတော့ ကျေးဇူးပြုပြီး ပြန်ပါတော့ ကျွန်မတို့ အပူဒဏ်ကို တကယ်မခံနိုင်တော့လို့ပါလို့ တောင်းပန်လဲ အယ်နီညို ကတော့ သူမဟုတ်သလို အိနြေ္ဒရရနဲ့ ရွှေရောင်တ၀င်းဝင်းတောက်ပတဲ့ သူ့ဂါဝန်ကို ဖြန့်ကားလို့ပါပဲ...။

သူငယ်ချင်းတို့အားလုံးလဲ ကျန်းမာရေးဂရုစိုက်ကြပါ...။ အပြင်သွားရင် ရေဗူးဆောင်သွားကြပါ သီးစုံ ဓါတ်ဆားထုတ်လေး ဒါမှမဟုတ် 100 plus တို့ဘာတို့ဆောင်ထားကြပါ မတော်လမ်းမှာ heat stroke မိရင် ကြိုတင်ကာကွယ်နိုင်အောင်လို့...။ ရေများများသောက်ပါ..။ နေပူထဲ ချည်အကျီင်္လက်ရှည်ကို နည်းနည်းထူတာလေးဝတ်သွားပါ..။ ခရမ်းလွန်ရောင်ခြည်တွေက မနက် 10နာရီကနေ ညနေ သုံးနာရီထိရှိနေမှာ...။ နေပူပူထဲက ပြန်လာရင် ခြေလက်တွေကို ချက်ချင်းမဆေးကြပါနဲ့....။ ရေသောက် အမောအရင်ဖြေပါ....။ လက်ဆေးတာလောက်တော့ ဘာမှမဖြစ်ပါဘူးဆိုပြီးမပေါ့နဲ့...။ လက်ဆေးရင်း အေးသွားအောင် ဂုတ်ပိုးလေးပါ ရေကပ်လိုက်ဦးမှဆိုပြီး သွားမလုပ်နဲ့ အသက်ပါပါသွားမယ်....။ ညကြီးသန်းခေါင်ပူတယ်ဆိုပြီး ရေမချိုးပါနဲ့ သွေးတိုးရှိသူများ လေဖြတ် ဦးနှောက်သွေးကြောပြတ်တာတွေဖြစ်မှာစိုးလို့ပါ...။ နွေရာသီရဲ့ တုန်လှုပ်ခြောက်ခြားမှုကတာ့ အနှစ်သုံးဆယ်ကျော်လုံးလုံး ဒီတစ်ခါနဲ့ဆို နှစ်ကြိမ် ကြုံဖူးပြီ...။ ပြီးခဲ့တဲ့ 2010 တုန်းကတစ်ခါပေါ့..။ ဒါကြောင့် မိုးမြန်မြန်ရွာပါစေတော့လို့ မျှော်..မျှော်နေရတာ....။ လွန်ဆွဲပွဲလို့ခေါ်တဲ့ မိုးခေါ်ပွဲလေး  မလုပ်ကြဘူးလားမသိ...။ အဲ...မိုးတွင်းပိုင်းမှာ အခမ်းအနားများရှိရင်မိုးမရွာအောင်လို့ မိုးတားပွဲတော့လုပ်တတ်ကြတယ်....။ 

မြန်မာတစ်ပြည်လုံး ရေခမ်းတဲ့နေရာတွေခမ်းနေပြီ...။ ရှမ်းပြည်လို အိမ်တိုင်းရေတွင်းရှိနေသူတွေတောင် ရေတွင်းတွေခမ်းလို့ ရေအလှူပေးတဲ့ ကားတွေကိုမျှော်နေရပြီ...။ ခုတစ်ခေါက်ဖြစ်တာက 2010တုန်းကထက် အဆပိုများလိမ့်မယ်ထင်တယ်...။ အန်တီညို(အယ်နီညို) ပြန်သွားပြီးရင် သူ့ညီမ လာနီညာက လာလည်ဦးမတဲ့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားတယ်...။ ဆိုတော့ လာနီညာကိုကြိုဆိုဖို့ အနွေးထည်တွေ စောင်တွေ ကြိုတင် စုထားကြပါလို့လည်း သတိပေးပါရစေ...။

နောက်ဆုံး ..မှာချင်တာကတော့ “နေအေးမှ ရေချိုးနော်... သရက်သီးမစားနဲ့နော်... ဒူးရင်းသီးမစားနဲ့နော်.. ဆိုးဆေးပါတဲ့ အချဉ်ထုပ်တွေမစားနဲ့နော်.. ရခိုင်မုန့်တီဆိုင်က ပင်လယ်စာတွေမစားနဲ့နော် ရေခဲရေ မသောက်နဲ့နော်... နော်... နော်....နော်...”လို့ မှာခဲ့ချင်ပါတယ်...။


မိုးငွေ့

Friday, 13 May 2016

မလိုချင်ဘူး..စစ်


ငယ်ငယ်တုန်းက ရှမ်းပြည်မှာ မြန်မာ့တပ်မတော်တွေနဲ့ ဗကပတွေ ခဏခဏစစ်ဖြစ်လွန်းလို့ ကျွန်မတို့နေတဲ့ ရွာမှာဆို အိမ်တိုင်းလိုလို ဗုံးခိုကျင်းတူးထားရတယ်...။ ဒုန်းဒုန်းဒိုင်းဒိုင်း ပစ်ခတ်သံကြားတာနဲ့ ရင်ထိတ်နေကြရပြီ...။ အခြေနေမကောင်းရင် ကျင်းထဲဆင်းပုန်းရသေးတာ...။ ကျွန်မကလေးအရွယ် ကတည်းက အဲအသံတွေကိုကြားနေရတုန်းပဲ နည်းနည်း ငြိမ်းချမ်းရေးရသွားတော့မှ ဗုံးခိုကျင်းလည်း ကျွန်မတို့အတွက် ဆင်းပြီး တူတူပုန်းတမ်းကစားတဲ့ နေရာတစ်ခုဖြစ်လိုဖြစ်သွားရတာပေါ့..။

ကျွန်မရန်ကုန်ကိုရောက်ပြီး နှစ်တော်တော်ကြာ စစ်ဆိုတဲ့စကားလုံးမကြားရတော့ပေမယ့် ခုနောက်ပိုင်း ပြည်တွင်းစစ်တွေ ဟိုနားဒီနားဖြစ်နေကြတယ်...။ ဘာလို့လည်းကွယ်... ဘာလို့ အပြစ်မရှိသူတွေ အသက်ကို သနားညှာတာမှုမဲ့စွာ စစ်တိုက်နေကြရတာလဲ...။ ကမ္ဘာကရွာဖြစ်လာတော့ လူတွေလည်း အမြင်ကျယ်လာ အကုန်လုံးသိလာခဲ့တာ... စစ်ဘေးဒုက္ခသည်တွေအတွက် အဆိုးထဲက အကောင်းလို့ပဲမှတ်ယူရတော့မယ်...။ ပရဟိတစိတ်ပြည့်ဝသူတချို့ရဲ့ ကူညီထောက်ပံ့အားပေးမှုနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အတွက် တော်တော်ကောင်းသွားတယ်...။ ဘာပဲဖြစ်ဖြစ် စစ်ဆိုတာ မရှိရင်အကောင်းဆုံးပေါ့ လောဘ ဒေါသ မောဟတွေနဲ့ လူတွေရှိနေသရွေ့တော့  ငြိမ်းချမ်းရေးဆိုတာရတလှည့် မရတလှည့်နဲ့ လည်နေမှာပါပဲ...။

နီနီ့ရဲ့ စစ် အမ်တီဗီလေးကိုလည်း မျှဝေရင်း ပြောချင်တာလေး နည်းနည်းပြောသွားတာပါပဲ..။

မိုးငွေ့

Tuesday, 3 May 2016

နွေရာသီအနုပညာ (၁၃)





 
 
 
 
 
 
 
လက်ကို ရထားအပြင်ဘက် ထုတ်ထားတယ်
အစိမ်းရောင်ရနံ့တွေ သူ့ကိုနမ်းတယ်
ကိုယ်က အစိမ်းရောင်ရနံ့တွေကို ပြန်နမ်းတယ်
ကိုယ့်ရဲ့ညာဖက်လက်မောင်းပေါ် ဘယ်သူအိပ်မှာလဲ။ ။
 ရေးသားသူ။   ။ Craton