Wednesday, 28 May 2014
ပုစွန်ငါးပိချက်.....
ရာသီဥတုက ပူလွန်းတော့ ထမင်းစားမကောင်းတတ်ကြဘူး...(အဟဲ..အဲထဲမှာ ကိုယ်တိုင်တော့မပါဘူး အဲဗားစားကောင်းလို့ ၀ိတ်ထိန်းနေရတယ်)..။ နေ့စဉ်ဟင်းပွဲအတွဲအစပ်လေးမှာ အချဉ်လေးတော့ပါပါစေ..။ ဒါမှ ခံတွင်းမြိန်မှာမဟုတ်လား...။ အချဉ်ဆိုရာမှာလည်း သဘာဝချဉ်ကိုပြောတာနော် ဥပမာ ချဉ်ပေါင်တို့ ကင်မွန်းရွက်တို့ပြောတာ..။ လက်လုပ်ချဉ်များကတော့ ခုလိုပူအိုက်ချိန်မှာ ၀မ်းလျှောမှာကိုတော့ သတိထားရမယ်...။ အချဉ်အကြောင်းပြောပေမယ့် ကိုယ်ခုပြောမှာက ပုစွန်ငါးပိချက်ဟင်းပါ...။ ဒီတစ်ခါ ဈေးထဲက ခါတိုင်းစားနေကျ ဘော့ချိပ်ပုစွန်မဟုတ်ဘဲ ကျော့ပုစွန်လေးအစိပ်သားဝယ်ခဲ့တယ်...။ သူက နဲနဲအကောင်ပိုကြီးပြီးအခွံလေးကြည်ပြီး ချက်လိုက်ရင် အသားနူးညံ့တယ်..ဘော့ချိပ်တို့ ကျားပုစွန်တို့လို မာဆတ်ဆတ်ဖြစ်မသွားဘူး...။ အရသာကတော့ ကျားပုစွန်လိုပဲအတော်ချိုတယ်..။ ချက်နည်းလေးက ခါတိုင်းပုစွန်ဆီပြန်လေးချက်သလိုပါပဲ ငါးပိလေးပဲပိုသွားတယ် ဆိုပါတော့...။ ခရမ်းချဉ်သီးကိုဓါတ်ကျနေလားမသိ..ခုတလော ကိုယ်ဘာချက်ချက် ခရမ်းချဉ်သီးထည့်သုံးနေမိတယ်...။ 
  1. ပုစွန်ဆိတ် အစိပ်သား (အခွံခွာကျောခွဲထား)
  2. ကြက်သွန်နီကြီး နှစ်လုံး
  3. ကြက်သွန်ဖြူ သုံးတက်
  4. ခရမ်းချဉ်သီးနှစ်လုံး(မထည့်လည်းရ)
  5. စိမ်းစားငါးပိ လက်ဖက်ရည်တစ်ဇွန်းမောက်မောက်
  6. ဆနွင်း နဲနဲ
  7. ငရုတ်သီးအရောင်တင်မှုန့် နှစ်ဇွန်း
  8. ငါးငံပြာရည် တစ်ဇွန်း
  9. စပါးလင်တစ်ပင်(မထည့်လည်းရ)
  10. ငရုတ်သီးစိမ်း
  11. ရှမ်းနံနံ နှစ်ပင်
  12. ပင်စိမ်း နှစ်ပင်
ကြက်သွန်ဖြူ နီနဲ့စပါးလင်တွေကို အနှစ်ထောင်းထားပါ...။ ခုချက်ထားတာကတော့ စပါးလင်မရှိလို့ ထည့်မထားပါဘူး...။ ဒယ်ထဲကို ဆီဟင်းခတ်ဇွန်းကြီး တစ်ဇွန်းခွဲထည့်ပြီး ဆီပူလာပြီဆို ထောင်းထားတဲ့ အနှစ်ထည့်ကြော်ပါ...။ အနှစ်လေးမွှေးပြီး ရွှေရောင်စသန်းလာတာနဲ့ နနွင်းနဲ့ ငရုတ်သီးမှုန့် ထည့်ကြော်မယ်..။ ခနလေးမွှေပေးပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့ ခရမ်းချဉ်သီးနှစ်လုံး ထည့် ရေနွေးနဲနဲနဲ့ဖျော်ထားတဲ့ ငါးပိစိမ်းစား ငံပြာရည်ထည့်ကြော်မယ်...။ ခရမ်းချဉ်သီး အရေခြောက်ရင် ပုစွန်ထည့်ပါ...။ ပုစွန်အကွေး ငါးအနွေးတဲ့...။ သိပ်ကြာကြာမကြော်ရပါဘူး..။ ပုစွန်လေးတွေမွှေးပြီး အနှစ်လေးဆီပြန်လာတာနဲ့ ငရုတ်သီးစိမ်း ပင်စိမ်းနဲ့ ရှမ်းနံနံလေးအုပ်လိုက်ပါ...။ ဒါဆို ထမင်းနဲ့အားရပါးရနယ်စားလို့ကောင်းမယ့် ပုစွန်ငါးပိချက်လေးတစ်ခွက်ရပါပြီ...။ ချဉ်ပေါင်းဟင်းချိုပူပူလေးနဲ့ တွဲစားပါလေ...။
မိုးငွေ့
Monday, 26 May 2014
အလွမ်းနှင်းဆီဖြူ ဖြူ. ဘယ်သူဆွတ်ခူးလို့ပေးပါ့မလဲ.....
အဲဒီနေ့က ကြာသပတေးနေ့ မနက် 6:30 ... အနောက်ဖက်ဆောင်းတန်းမှာ နှင်းဆီဖြူ နှစ်စည်းဝယ်ပြီး ဘုရားပေါ်တက်ခဲ့တယ်...။ စက်လှေခါးတောင်မဖွင့်သေးလို့ ရိုးရိုးလှေခါးလေးအတိုင်း ခပ်ဖြေးဖြေး တက်ခဲ့တယ်...။ အနောက်မုဒ် မျက်စောင်းထိုးက ဘယ်ဘက်ကိုချိုးကွေ့လိုက်ပြီး အလှူ ခံမဒဏ္ဍတ်ရှေ့က အုတ်ခုံလေး ဆင်ရုပ်နဘေးမှာ ထိုင်စောင့်နေမိတယ်...။ ဒီတစ်ခါတော့ သူ နေရာမှားပြီး စောင့်မနေလောက်ဘူးလို့ မျှော်လင့်ရင်း နှင်းဆီပန်းစည်းလေးကို ခပ်တင်းတင်းပွေ့ထားမိတယ်..။ ဘုရားဖူးလာသူတွေကို လျှောက်ငေးကြည့်နေလိုက်တယ်...။ ဟုတ်တယ်... ဒီနေရာလေးမှာ ကိုယ်ထိုင်စောင့်နေမယ်ဆိုတာ ရင်ထဲအသည်းထဲကနေ သူအလွတ်ရနေပါပြီ...။ ဟိုတစ်ခါ မြောက်ဖက်မုဒ်မှာ သူမှားပြီးထိုင်စောင့်လို့ မြောက်ဖက်ကနေပတ်လာရင် ကိုယ်ထိုင်တဲ့နေရာရဲ့ ဘယ်ဖက်ကနေသူရောက်လာခဲ့တယ်...။ ဒီနေ့တော့ သူတည်းတဲ့နေရာက အရှေ့ဖက်မုဒ်နဲ့နီးတော့ အရှေ့မုဒ်ကနေ တက်လာဟန်တူပါတယ် သူရောက်လာတော့ ကိုယ့်ညာဖက်ကနေဖြစ်တယ်...။ သူအသားဖြူလာတယ် ၀လည်းမလာဘူး ပိန်လည်းမသွားပါဘူး...။ သူ့လက်ဆွဲတော် ကင်မရာကတော့ လက်ထဲပါမလာဘူး...။ သူ့လက်ထဲမှာ ဖုန်းတစ်လုံးပဲတွေ့တယ်...။ သူ့အပြုံးတွေက ပျိုမျှစ်လတ်ဆတ်ဆဲပဲ..။ ဒါပေမယ့် မျက်ဝန်းတစ်စုံမှာတော့ ရင့်ကျက်တည်ငြိမ်ရိပ်တွေ ခိုတွဲနေတာတွေ့ရတယ်...။ သူက အလိုက်တသိ ကိုယ့်လက်ထဲက နှင်းဆီပန်းစည်းတွေကိုယူပြီး ကိုယ်တို့ အရှေ့မှာရှိတဲ့... ကြာသပတေးဒေါင့်မှာ ဘုရားဝတ်ပြုဖို့ နှစ်ယောက်သားဒူးတုတ်ထိုင်လိုက်ကြတယ်...။ သူကိုယ့်ကို နှင်းဆီပန်း တစ်စည်း ကမ်းပေးတယ်...။ သူနဲ့ကိုယ် ဒီနေရာလေးမှာ နှင်းဆီပန်းဖြူ ဖြူ လေးတွေ ကပ်ဖူးတာ ဒီတစ်ခါ သုံးကြိမ်မြောက်မို့ သူလည်းအသားတကျရှိနေပြီ...။ ဘုရားကန်တော့...ဆုတောင်းပြီး ကိုယ့်လက်ထဲက ပန်းစည်းကိုသူယူပြီး ကြာသပတေးဂြိုဟ်တိုင်က ပန်းအိုးမှာထိုးစိုက်ရင်း ရေသပ္ပါယ်နေတယ်...။ ကြာသပတေးဟာ သူ့မွေးနံမို့ သူနဲ့အတူ ဘုရားကန်တော့တာပါ...။ နှင်းဆီဆိုတာ သူနဲ့ကိုယ်တို့ တွေ့ဆုံမှုရဲ့ အမှတ်တရ တင်္ကေတတစ်ခု မဟုတ်လား....။ အဖြူ ရောင်ကတော့ ကြာသပတေးမို့လို့ သူနဲ့ဆုံတိုင်း ဘုရားဖူး ဖြစ်တိုင်း နှင်းဆီဖြူ ဖြူ ကိုပဲဝယ်ကပ်ဖြစ်ခဲ့တာပါ..။
ကိုယ်တို့နှစ်ယောက်ဟာ  နှင်းဆီရောင်စုံတွေနဲ့ဆက်နွယ်မှုရှိခဲ့ကြတယ်...။ ကိုယ့်ကိုသူစတွေ့တော့ နှင်းဆီ အနီရဲရဲကိုးပွင့်နဲ့ ကဗျာသီပေးခဲ့ဖူးတယ်...။ ကိုယ်ပထမဦးဆုံးရဖူးတဲ့ နှင်းဆီအနီရဲရဲပန်းစည်းလေးက သူဆီကပေါ့...။ ပြီးတော့ ချစ်သက်လက်ဆောင်အဖြစ် သိပ်လှတဲ့ ပန်းနုရောင် နှင်းဆီတွေနဲ့လည်း အလွမ်းကဗျာလေးတွေရေးပေးခဲ့ဖူးတယ်...။ အဖြူ ရောင်နှင်းဆီတွေကတော့ သူနဲ့ကိုယ်တို့ကြားက အဖြူ ရောင်သံယောဇဉ်တွေလို့ဆိုလို့ရပါတယ်....။ ကိုယ့်ဆံနွယ်မှာလည်း သူစိတ်ကူးနဲ့ နှင်းဆီပွင့်ဖြူ ဖြူ လေးတွေ ဘယ်နှစ်ပွင့်တောင်ပန်ပေးခဲ့ပြီးပြီလဲ...။ ဘုရားဖူးပြီး ဘုရားနဲ့သိပ်မဝေးတဲ့  မြန်မာမုန့်တွေအစုံရတဲ့ မနက်စာဆိုင်လေးဆီကိုဆက်သွားကြတယ်...။ ဆိုင်အတွင်းဖက် နံရံနားက စားပွဲလေးမှာ ကိုယ်တို့နေရာယူလိုက်တယ်...။ ကိုယ်က မုန့်နဲ့ နွားနို့နဲ့ဖျော်တဲ့ မေမြို့လက်ဖက်ရည်တစ်ခွက်မှာတယ်...။သူက ကော်ဖီတစ်ခွက်နဲ့ ရွှေတောင်ခေါက်ဆွဲ။
ကိုယ်ခွက်ထဲအခါးရည်ထည့်တော့ သူကိုယ့်မျက်နှာကို ခပ်ငေးငေးလေးကြည့်နေတယ်...။ ဘာလို့လဲ...။ သူ့အကြည့်တွေမှာ အလွမ်းငွေ့တွေဆွတ်ပျံ့နေတာကို မြင်လိုက်မိတယ်...။   ဆုံနေရက်နဲ့လွမ်းလေခြင်းကွယ်....။
ကိုယ့်နားကို သုံးနှစ်အရွယ်ကလေးလေး ပြေးဆော့နေတယ် သူ့အဖေဖြစ်ဟန်တူတဲ့လူက “သားလေး ပန်းတွေမကိုင်ရဘူးနော်”လို့လှမ်းပြောတော့မှ... ဆင်ရုပ်လေးဘေးမှာ မှီထားတဲ့ နှင်းဆီဖြူ ဖြူ ပန်းစည်းလေးကို သတိရသွားခဲ့တယ်...။ ကိုယ်အတွေးများသွားပြီကွယ်...။ ပန်းစည်းလေးကို ကိုင်ပြီး ကိုယ်ပြုံးလိုက်မိတယ်...။ သြော်...ခုတော့လဲ အလွမ်းနှင်းဆီဖြူ ဖြူ တွေကို ဘယ်သူ ဆွတ်ခူးလို့ပေးပါ့မလဲ...။
မိုးငွေ့
Friday, 23 May 2014
တာချီလိတ် မကာဟိုခမ်းဈေး.....
ရန်ကုန်ပြန်ခါနီး တာချီလိတ် မကာဟိုခမ်း ယာယီဈေးထဲကို စားစရာတွေသွားဝယ်ဖြစ်တယ်...။ လက်ထဲမယ် အထုပ်တွေများနေလို့ ဒီလောက်လေးပဲ ပုံတွေကို ရိုက်နိုင်ခဲ့တယ်...။ ဈေး အဆောက်အဦးလေးတောင် မရိုက်လိုက်မိဘူးကွယ်...။ ဒီတော့ ရိုက်လာခဲ့သမျှပုံလေးဆယ်ပုံကိုပဲ ကြည့်ပြီး သရေကျကြပါကုန်...။
 လက်တင်ထားတဲ့ဇလုံထဲက ယာဂုထမင်းပူပူနွေးနွေးလေးပေါင်းထားတာပါ...အုန်းသီးခြစ်လေးနဲ့ဖြူးစား...။ ဂျုံခေါက်ဆွဲ ညှပ်ခေါက်ဆွဲကြော် မနက်စားလေးတွေပါ..။ အဲခေါက်ဆွဲကြော်ဝယ်ရင် မြေပဲဆံထောင်း ငရုတ်သီးကြော်နဲ့ အချဉ်ရည်တွေထည့်ပေးတယ်...။
 ဂျုံခေါက်ဆွဲ ညှပ်ခေါက်ဆွဲ ရှမ်းမုန့်တီကြော် မုန့်ဖက်ထုပ်
 ကာနေးရှင်းပန်းတွေ လှမှလှပဲ...။ ပန်းတွေကိုများသောအားဖြင့် တောင်ကြီးဖက်ကနေပို့တာပါတဲ့
 မြေပဲပြုတ် ရှမ်းပြောင်းဖူးစီးစီးတွေ သိပ်စားကောင်းတယ် အရှေ့က ကြံသကာနဲ့လုပ်ထားတဲ့ မုန့်ဖက်ထုပ် ဖက်အချွန်လေးတွေနဲ့ကမြေပဲဆံပါတဲ့ ကောက်ညှင်းထုပ်
 ရှမ်းမုန့်တီကြော်သုပ်
 တိုဖူးသုပ်
 ငါးခူကို ငရုတ်သီးထောင်းတွေအစာသွတ်ထားတဲ့ငါးဒုက္ခနဲ့ ၀က်လက်အေး
 မုန့်တီဖတ်တွေသိပ်ကောင်းတာပဲ အဲလိုလေးဖြူဖွေးလတ်ဆတ်ပြီးထက်ခင်းပြီး သေချာစီထားတာ
 အသားလုံး ၀က်သားချဉ် ဗီယက်နမ်းဝက်သားထုပ် တိုဖူး အစုံရတယ်
ဂျူးမြစ် ပဲပုပ်ချပ် ကြက်ခြေထောက်ချဉ်စပ် ၀က်လက်အေးတုံး
မနေ့က ဖုန်းကလိရင်း ပုံတွေထပ်ထွက်လာလို့ ဒီလောက်လေးနဲ့ကျေနပ်ပါနော်..။ အစားနဲ့နှိပ်စက်တယ်ဖြစ်သွားရင် ခွင့်လွှတ်ပါ...း)
မိုးငွေ့
Wednesday, 21 May 2014
ပန်းသီးတစ်လုံးသို့....လွမ်းချင်း
ဘာဖြစ်လို့လဲမသိဘူး အဲနေ့က သူနဲ့စကားပြောနေရင်းနဲ့ ရင်ဘတ်ထဲ သိပ်သိပ်သည်းသည်း သူ့ကိုလွမ်းလာလို့ “i miss u” လို့ပြောလိုက်တယ်...။ သူက “thanks” တဲ့ ...။ ဘာအတွက်လဲမေးတော့ သတိရပေးလို့ လို့ပြန်ဖြေတယ်...။ ကိုယ်နဲ့ပတ်သက်ပြီး သူတောင် စကားလုံးတွေရွေးချယ် သုံးတတ်နေပြီပဲ..။
သူ ကိုယ့်ကိုမေးဖူးတယ် သူနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်တွေရှိနေသေးလဲတဲ့...။ ကိုယ်ဘာမှမဖြေခင် သူကအရင်ဖြေတယ်... ကိုယ့်ကိုသူ ချစ်ခင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းလိုပဲ သဘောထားတော့တယ် တဲ့...။ သူ့မေးခွန်း သူပြန်ဖြေတဲ့ အဖြေကို ကိုယ်ဘယ်လိုမှမတုန်လှုပ်မိပါဘူး...။ ကိုယ်တို့နှစ်ယောက်ကြားမှာ ဒီလိုပဲဖြစ်သင့်တယ်လေ... မဟုတ်လား...။
တစ်ခါက ကမ္ဘာဦးပန်းသီးလေးတစ်လုံးကို တစ်ယောက်တစ်ခြမ်းအတူ စားသုံးခဲ့ဖူးသူနှစ်ယောက်ဟာ... ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ပန်းသီးလေးရဲ့ ချိုမြရှတတဲ့ အရသာကိုတော့ ခံစားသိရှိနေကြရဦးမှာပဲလေ.... ခင်မင်တဲ့မိတ်ဆွေအဆင့်မှာရပ်နေရင်တောင်ပေါ့...။
အဲဒီတုန်းက ကမ္ဘာလောကကြီးမှာ ကိုယ်တို့နှစ်ယောက်တည်းပေါ့... အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လို့ ကောင်းကင်ကြီးမှာလည်း တိမ်တိုက်တွေကလှပလို့ပေါ့...။ တစ်ယောက်တစ်နေရာဆီ ဝေးနေတာတောင် မတူညီတဲ့ တိမ်တိုက်တွေအောက်မှာရှိနေတာတောင် သူက ပန်းကလေးတွေ လိပ်ပြာကလေးတွေကို ကိုယ့်အတွက် စကားလုံးတွေနဲ့သီကုံးခြယ်မှုန်းပေးတတ်တယ်..။
ညဖက်တွေမှာ အိပ်မက်လှလှနဲ့ အိပ်စက်စေဖို့ ကဗျာတွေနဲ့ သူချော့သိပ်ဖူးတယ်...။ ရွှေမိုးတွေညိုလာလို့ မိုးစက်လေးတွေကတဆင့် ကိုယ့်ကို သူဘယ်လောက်လွမ်းကြောင်း ရိုးစင်းစွာဖွင့်ဟပြောပြတတ်တယ်...။ ၀မ်းနည်းစရာကြုံတွေ့လို့ ကိုယ့်မျက်ရည်တွေခမ်းရအောင် သူစွမ်းဆောင်ပေးတတ်ပြန်တယ်...။
“ရော့... ယူသွား ကိုယ့်အလွမ်းတွေ ဖိတ်မကျစေနဲ့နော်” တဲ့ သူက ကိုယ့်ကိုလက်ဝါးဖြန့်ခိုင်းပြီး ထည့်ပေးခဲ့တယ်...။ သူပေးတဲ့အလွမ်းတွေကို ကိုယ်ဘယ်ဖက်အိပ်ကပ်လေးထဲ ထည့်သိမ်းထားခဲ့ဖူးတယ်..။ ခုတော့လည်း နွမ်းလျလျအလွမ်းတွေ ကိုယ့်ဘယ်ဖက်အိပ်ကပ်ဒေါင့်မှာ ခိုကပ်နေဆဲပါပဲ...။ သူမြင်နိုင်လိမ့်မယ်လို့ ကိုယ်မမျှော်လင့်တော့ပါဘူး...။
ခုတော့ ကိုယ်လေ... တစ်ယောက်ထဲထိုင်ရင်း ပန်းသီးတစ်လုံးကို ကိုက်စားနေမိတယ်...။ ပန်းသီးလေးဟာချိုမြနေဆဲ....။ ကိုယ့်ရင်ကို ရှတစေမြဲတိုင်းပါပဲ...။
မိုးငွေ့
Monday, 19 May 2014
ကြံခင်းထမင်းသုပ်+ကြက်ခြေထောက်စွပ်.....
ကြံခင်းထမင်းသုပ်လေးလုပ်စားဖြစ်တာက ၀က်သားလုံးကြော်လေးကိုစိတ်ဝင်စားလို့ လုပ်ဖြစ်သွားတာလဲ ပါတယ်...။ ကိုယ်က အသားလုံးကြော်ခရေဇီလေ....။ recipe က မချောစုဆီကယူထားတာ...။ feel မြန်မာစားသောက်ဆိုင်ရောက်ရင်လည်း မှာစားဖြစ်တယ်...။ ကြံခင်းထမင်းသုပ်အတွက် လိုအပ်တာတွေက ချက်ပြီးသား ထမင်း တရုတ်ပန်းကန်လုံးတစ်လုံး ကြက်သွန်ဖြူ ဆီချက် ပဲမှုန့် ငံပြာရည် အသားမှုန့်(ပုစွန်ခြောက်မှုန့်/ငါးကျည်းခြောက်သားနွှင်)နဲ့ ငရုတ်သီးကြော်တို့ဖြစ်တယ်...။ ငရုတ်သီးကြော်မွှေးမွှေးနဲ့ပဲမှုန့်အရသာကြောင့် ပိုကြိုက်တယ်...။ ကြံခင်းထမင်းသုပ်ရဲ့ အဓိကထူးခြားချက်က ငရုတ်သီးကြော်မို့လို့ ငရုတ်သီးခြောက်တောင့်ကို ကိုယ့်ဘာသာကြိတ်ပြီး ကြော်ထားတဲ့ လတ်ဆတ်သန့်ရှင်းတဲ့ ငရုတ်သီးကြော်ဆိုရင် ပိုကောင်းပါတယ်..။ တွဲစားမယ့် အသီးအရွက်တွေကတော့ ကိုယ့်စိတ်ကြိုက်အမယ်တွေ ထပ်ထည့်လို့ရသေးတယ်...။ ကိုယ်ကတော့ မရမ်းသီးစားစိမ်လေးနဲ့ တွဲစားရတာကိုပိုကြိုက်တယ် ထမင်းသုပ်က ဆိမ့်ပြီးစပ်တယ် မရမ်းသီးကချဉ်တော့ ပိုစားကောင်းတယ်...။ အဲဒါကို ကြက်ခြေထောက်စွပ် ချဉ်စပ်လေးနဲ့တွဲသောက်တော့ ဘာပြောကောင်းတော့မလဲ...။ မိုးငွေ့ရဲ့ ကြက်ခြေထောက်စွပ် လုပ်နည်းလေးတော့ အသေးစိပ်ပြောပြပါမယ်..။
  1. သန့်ပြီးသား ကြက်ခြေထောက် သုံးစုံ
  2. ဆီတစ်ဇွန်း
  3. သကြားနှစ်ဇွန်း
  4. နာနတ်ပွင့် နှစ်ပွင့်
  5. ငရုတ်ကောင်းစေ့ ငါးစေ့
  6. ကြက်သွန်ပင် တစ်ပင်
  7. စပါးလင်တစ်ပင်
  8. ကြက်သွန်ဖြူ နှစ်တက် ဓါးပြားရိုက်
  9. ကြက်သွန်နီနှစ်လုံး လေးစိပ်စိပ်
  10. ပဲငံပြာရည်အနောက် နှစ်ဇွန်း
  11. ဆား 
  12. ကြက်သားမှုန့်
  13. သံပုရာသီး+ငရုတ်သီးစိမ်း+နံနံပင်+ကြက်သွန်မြိတ်
ကြက်ခြေထောက်ပြုတ်မယ့်အိုးထဲမှာ ရေတစ်လီတာထည့်ပြီး ကြက်ခြေထောက်ကလွဲလို့ ကျန်တဲ့အစာပလာတွေအကုန်ထည့်ထားမယ်..။ စပါးလင်နဲ့ကြက်သွန်ပင်ကို ထုံးပြီးထည့်ထားပါ...။  ဒယ်ထဲ ဆီထည့်ပြီး သကြားကိုညိုရောင်သန်းလာတဲ့အထိစောင့်ပြီး ကြက်ခြေထောက်ကိုခြောက်အောင်လှော်ပါ..။ ရလာရင် စောစောက အစာပလာတွေထည့်ထားတဲ့ရေထဲထည့်ပြုတ်မယ်...။ ပထမ မိနစ်နှစ်ဆယ်လောက်ကို မီးများများနဲ့တည်မယ် ကျန်တဲ့နာရီဝက်ကို မီးမြေ့မြေ့နဲ့ဆက်တည်မယ်...။ ကြက်ခြေထောက်နူးပြီဆို ချဉ်ငံစပ်လေးထည့်ပြီး သောက်လို့ရပါပြီ...။ ခုလိုမိုးအေးချိန်မှာလုပ်စားရင်တော့ တော်တော်စားမြိန်မှာအသေချာပဲ...။
မိုးငွေ့
Friday, 16 May 2014
Happy Belated Birthday ANGEL....
ပြီးခဲ့တဲ့ မေ(၁)ရက်နေ့…မင်းမွေးနေ့ ဘာတွေလုပ်ဖြစ်သေးလဲ အိန်ဂျယ်….။ ကိုယ့်မှာတော့ ဟိုး အဝေးတစ်နေရာကနေ မင်းမွေးနေ့လေးကို wish လေးလုပ်ဖို့တောင် အခွင့်မသာခဲ့ပါဘူး…။ ဒါပေမယ့် ကိုယ် မင်းမွေးနေ့ကလေးကို စိတ်ထဲ ရင်ထဲ အမှတ်ရရလေးရှိနေခဲ့ပါတယ်…။ ပြီးတော့ မင်းဆီကို ဖုန်းနဲ့ရော ဖဘမက်ဆေ့နဲ့ရော ဘာမှမပို့တော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပြီးသားလေ…..။ ဒါပေမယ့် ဒီနေရာလေးမှာတော့ မင်းအတွက် မွေးနေ့ဆုတောင်းစာလေးရေးပေးလို့ ရသေးတယ်မဟုတ်လား အိန်ဂျယ်…။  မေတစ်ရက်နေ့ အလုပ်သမားနေ့မှာ မွေးလို့ သူများအလုပ်သမားပဲ အမြဲလုပ်ရတော့မလားမသိဘူး လို့ မင်းရွှတ်နောက်ပြောခဲ့ဖူးတာကို ကိုယ်အမှတ်ရနေသေးတယ်…။ မေဆိုတာ နှစ်တစ်နှစ်ထဲက သိပ်လှတဲ့လတွေထဲက တစ်လအပါအ၀င်လေ…။ မေလကိုကိုယ်နှစ်သက်တယ်… ကိုယ်ချစ်တဲ့မင်းက မေလမှာမွေးလို့လဲ ကိုယ်ဂုဏ်ယူမိတယ်သိလား..။
ဘယ်လိုပဲဖြစ်ဖြစ်ပါ…..
မွေးနေ့မှစပြီး သက်ရှည်ကျန်းမာစွာနဲ့ စိတ်လက်ချမ်းသာစွာ ဘ၀လမ်းကို ချစ်သောသူများနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ… လိုအင်ဆန္ဒအားလုံးပြည့်ဝစွာရပါစေ ဘုရားသခင်ရဲ့ ထာဝရသားတော်ဖြစ်ပါစေလို့...ကိုယ်ဆုမွန်တောင်းပေးပါတယ်….။
မိုးငွေ့ 
Monday, 12 May 2014
မွေးရပ်မြေသို့(၃)
တာလေဈေးထဲက မျှစ်ခါး ဍရင်ကောက်ရွက်
မျှစ်ခါးကို ရှမ်းတွေက ပြုတ်ပြီး ခရမ်းကစော့ငရုတ်သီးထောင်းနဲ့တို့စားတယ်
 ချိန်ခွင်အလေး ဓါတ်ခဲတစ်လုံးကို ငါးကျပ်သားရှိပါတယ်
အမဲခေါက်ကိုငရုတ်သီးကြက်သွန်နဲ့ပြုတ်ပြီး အခဲလုပ်ထားတာ တစ်ဆယ်သားကို ဘတ်နှစ်ဆယ်တဲ့
ရှမ်းလိုတော့ နမ်တုံလို့ခေါ်တယ် ၀က်သားနဲ့လည်းလုပ်ရောင်းတတ်တယ်
ကြက်ခြေထောက်ချဉ်စပ်၊ ၀က်ခေါက်ချဉ်စပ်၊ ငါးဒုက္ခနဲ့ ဇလုံအစိမ်းထဲက ငါးခူငါးအုံးထုပ်လေးတွေပါ
တိုဖူးသုပ်ဆိုင်
ပဲကပ်ကြော်လေးပါတွဲရောင်းတယ်
ပလာတူးငါးအငံ(ငါးဆားနယ်)
အဖိုးအိမ်မှာ နေ့တိုင်း လာသမျှဧည့်သည်တွေကိုကျွေးဖို့ ဟင်းချက်နေကြတာ
မုန်ညင်းစောအိုးကြီးပါ
သခွားသီးနဲ့ပဲကြာဇံသုပ်ဖို့လုပ်နေတာ
ဆီချက်အတွက် ကြက်သွန်ဖြူတွေထောင်း
ကောက်ညှင်းပေါင်းအိုး
ကျွန်မတို့တာလေအိမ်ဘေးက ရှမ်းခေါက်ဆွဲနဲ့ ကြက်ဆီထမင်းဆိုင်
အဲနေ့က စားပွဲရှေ့ခုံတန်းမှာထိုင်ပြီး ရှမ်းခေါက်ဆွဲကို ကြက်ဥပြုတ်တစ်လုံးနဲ့ ၀က်ခေါက်ကြော်နဲ့ အားပါးတရစားခဲ့တယ်
ကြက်ဆီထမင်း (သူတို့ဆိုင်က ကျိုင်းတုံ-တာချီလိတ်သွားတဲ့ ခရီးသည်တင်ကားတွေ ရပ်နားအားပေးဆုံးတဲ့)
တာချီလိတ်အခါဟိုတယ်က မနက်စာ ဖတ်ထိုင်း(ထိုင်းညှပ်ခေါက်ဆွဲကြော်)
အခါဟိုတယ်က မနက်စာ ရှမ်းခေါက်ဆွဲ( တာလေကရောင်းတဲ့ ရှမ်းခေါက်ဆွဲလောက်မကောင်းဘူး)
မယ်ဆိုင်က အသားလုံးခေါက်ဆွဲ
တာလေက ဆန်တိုဖူး ချဉ်ငံစပ် (တော်တော်ကောင်းတာ)
ဆန်တိုဖူးဘေးနားက အသားလုံးကင်
အဲတိုဖူးစားပြီး လန့်တောင်းဘုရားဖူး အပြန်တာလေပြန်ဝင်နားတော့ လှည်းနဲ့ထပ်လာရောင်းလို့ ထပ်စား
(ဟိ..ခုဝိတ်တွေတက်နေတယ် ပုတ်လောက်ကြီးဝပါစေလို့ ဘယ်သူလဲမသိဘူး..ဆုတောင်းတာပြည့်တော့မယ်ထင်ရဲ့...း)
မုန့်လက်ဆောင်း (အုန်းနို့နဲ့)
ရှမ်းဆန်တိုဖူးကို အရည်နဲ့မဟုတ်ဘဲ အဲလိုအတုံးလိုက် နှမ်း ပဲပုပ် ငရုတ်သီးကြော် ဆားလေးထည့်စားရတာလည်းကောင်း၏
တာချီလိတ်ရွှေတိဂုံဘုရားစောင်းတန်းက ခေါက်ဆွဲပေါင်း အရမ်းရောင်းကောင်းတယ် လက်မလည်ဘူး
အဒေါ်အငယ်အိမ်မှာစားတဲ့ မနက်စာ ရှမ်းဆီထမင်းကို ကြက်သားရေကျဲဟင်းနဲ့စားရတယ် အီကြာကွေးပုတုကလေး ရှမ်းပြောင်းစီးစီးလေးနဲ့ မြေပဲပြုတ်
တာလော့(တာချီလိတ်တရုတ်တန်း)မှာရောင်းတဲ့ တိုဖူးလှည်းလေး
ရောင်းတဲ့သူက ကိုယ်မှာစားမယ့် တိုဖူးအမျိုးအစားကိုပဲထည့်ပေးတာ ကျန်တာ အစာပလာတွေက ကိုယ့်ဘာသာစိတ်ကြိုက်ထည့်စားရတယ်  ခရမ်းချဉ်သီးအရည် မုန်ညင်းချဉ် အချိုရည် အချဉ်ရည် အစုံပဲ
ဒါက ကုလားပဲနဲ့လုပ်ထားတဲ့ တိုဖူးနဲ့ မုန့်ဖတ်သုပ် ချဉ်ငံစပ်လေး
မြေပဲတိုဖူးနဲ့ဆန်တိုဖူးအရောသုပ်
ဟင်းထုပ် ကြက်ဥကင် နဲ့ ၀က်သွေးထမင်း(၀က်သားချဉ်ထမင်း)
ရောင်စုံအအေးသည်... 
အနီအစိမ်းအ၀ါအမဲ အစုံရတယ်...။ အမဲကတော့ ကော်ဖီအေးပေါ့ နို့စိမ်းထည့်ချင်လည်းရတယ်
အအေးဗူးကို အိတ်မပါတဲ့ ကြွတ်ကြွတ်လက်ကိုင်လေးနဲ့စွပ်လိုက်တော့ အဲလိုလေး ကိုင်ပြီးယူသွားရတာလွယ်ကူသွားတယ်
ယိုးဒယားသရက်သီး အစိမ်းက ဒီတိုင်းစားလည်း သိပ်ကောင်းတယ် မာလကာသီးအရသာနဲ့ခပ်ဆင်ဆင်ရှိတယ်
 သစ်အယ်သီးကို ကျောက်ခဲမဲမဲလေးတွေနဲ့ အဲလို ပူပူနွေးနွေးလှော်ရောင်းတယ်
 ငှက်ပျောကြော် ကန်ဇွန်းဥကြော်
 အကြော်ကြော်သူက ဆီမညှော်ရအောင် အဲလိုဝတ်စုံပြည့်နဲ့ကြော်ပါတယ်
 ကြက်ကြော်... ပုံအစိမ်းထဲက ကောက်ညှင်းပေါင်း
 ခါဂျာမုန့် စမူဆာ ပဲကပ်ကြော်... 
ညှပ်ခေါက်ဆွဲပေါင်းသုပ် ချဉ်စပ်
 ညှပ်ခေါက်ဆွဲပေါင်းပလိမ်းကို နှမ်းမြေပဲဆီချက်ကြာညို့ငရုတ်သီးကြော်တို့နဲ့တို့စား
 ဒါက မယ်ဆိုင်ဖက်က ကြက်ကြော် ၀က်ကြော်နဲ့ ငရုတ်သီးထောင်းထုပ်လေးတွေ
မကာဟိုခမ်းက ဆီချက်ခေါက်ဆွဲ
မိုးငွေ့