Wednesday, 27 August 2014

ကြောင်လျှာသီးငါးပိကြော်.....


ကြောင်လျှာသီးကို မစားဖြစ်တာ အတော်ကြာပေါ့...။ စားဖြစ်ခဲ့တာလဲ ကြောင်လျှာသီးသုပ်လောက်ပဲ စားဖူးခဲ့တာ...။ ပြီးတော့ ကိုယ်တိုင်လုပ်တာမဟုတ်ဘူးလေ..။ ဟိုနေ့ကဈေးထဲမယ် တောသည်တွေလာရောင်းတဲ့ ကြောင်လျှာသီးတွေ့လို့ဝယ်လိုက်တာ သုံးချောင်းကိုတစ်ထောင်တဲ့..။ အဒေါ့်အိမ်ကို နှစ်ချောင်းပေးလိုက်တယ်...။ အဲဒါ မီးဖုတ်ပြီး ပါးပါးလှီး ကြက်သွန်နီဆီချက်လေးနဲ့ သုပ်စားရတယ်တဲ့..။ ဒါမှမဟုတ် ပါးပါးလှီးပြီး ဆန်ဆေးရေလေးနဲ့ ဆားနဲ့ အချဉ်စိမ်ပေါ့...။ အိမ်မှာ မနေ့က သက်သတ်လွတ်စားဖြစ်တော့ ရှမ်းခေါက်ဆွဲချက်တာ မစားလိုက်ရဘူး ..။ ဒါနဲ့ ညှပ်ခေါက်ဆွဲဖတ်တွေကို အရွက်အစုံနဲ့ မြေပဲနှမ်းထောင်းငရုတ်သီးဆီချက်နဲ့ ရှမ်းရှာလကာရည်နဲ့ ကြာညို့နဲ့သုပ်စားလိုက်တယ်...။

 
အဲဒါသုပ်စားရင်းက မီးဖိုနားမယ် ကြောင်လျှာသီးတွေ့လို့ လုပ်စားဦးမယ်ဆိုပြီး ပါးပါးလှီးရေဆေးလိုက်တယ်...။ ညီမလေးက အကြံဝင်ပေးတယ် ချဉ်ပေါင်ကြော်သလို ကြော်စားကြည့် သိပ်ကောင်းတာတဲ့...။ ပထမတော့ မနက်ဖန်ထမင်းချိုင့်အတွက် သုပ်စားဖို့အဆင်သင့်လုပ်မလို့ပဲ အဲဒါနဲ့ပဲ ကြက်သွန်ထောင်း ပုစွန်ခြောက်ထောင်းပြီး ငရုတ်သီးခွဲခြမ်းလေးနဲ့ကြော်လိုက်တယ် ငံပြာရည်လေးနဲ့...။ အိုးး ဘာပြောကောင်းမလဲ ပုစွန်ခြောက်နိုင်းချင်းနဲ့ဆိုတော့ မွှေးနေရောပဲ သက်သတ်လွတ်သမား မေ့ပြီး တစ်ဖတ်မြည်းကြည့် လိုက်သေးတယ်...။ အဲဒါ ထမင်းပူပူလေးနဲ့နယ်စား ဆွေမျိုးမေ့ပေါ့...။

ကြောင်လျှာသီး တစ်ခု ( ပါးပါးလှီး သုံးရေလောက်ဆေးပစ်ပြီး အရေညှစ်ထား )
ကြက်သွန်ဖြူ တစ်လုံး
ကြက်သွန်နီသုံးလုံး
ငရုတ်သီးအကြမ်းမှုန့် နှစ်ဇွန်း
ပုစွန်ခြောက်မှုန့် သုံဇွန်း
ဆားနဲနဲ
ငံပြာရည် တစ်ဇွန်းခွဲ
ဆီ ဟင်းခတ်ဇွန်းကြီးနှစ်ဇွန်း

ဆီပူလာရင် ကြက်သွန်နီပါးပါးလှီးထားတာကို ထည့်ကြော် ကြက်သွန်ဝါရောင်သန်းလာရင် ကြက်သွန်ဖြူနဲ့ ပုဇွန်ခြောက်ရောထောင်းထားတာထည့်မွှေ ပြီးတာနဲ့ ငရုတ်သီးကြမ်းမှုန့်ထည့်ကြော် ကြောင်လျှာသီးထည့် ဆား ငံပြာရည်ထည့် မီးလျှော့ပြီး ခပ်ဖြေးဖြေး ကြောင်လျှာသီးနွမ်းလာတဲ့အထိကြော်ပေးရင် ရပါပြီ...။ ကြောင်လျှာသီးကအပူစာပါ ကိုယ်ဝန်တည်ခါစအမျိုးသမီးများ မစားဖို့သတိပေးပါတယ်...။ အဲပုံကို ဖဘမှာတင်တော့ ကိုယ်ဝန်ငါးလရှိညီမ၀မ်းကွဲက နက်ဖန်ကျ အိမ်လာပို့ပေး ဆိုပြီး ကော်မန့်ပေးသွားတယ်..။ နိုးနိုးနိုး သမီး အာ့စားလို့ မရပါဘူးလို့ ပြန်ရှင်းပြရတယ်...။

မိုးငွေ့

3 comments:

အမ်တီအန် said...

နေ့လည်စာစားကာနီး သွားရည်ယိုသွားတယ်ကွာ...

Thu said...

ကြောင်လျှာသီးက ကိုယ်ဝန်ဆောင်သည်နဲ့မတည့်တာခုမှသိတယ်။ဗဟုသုတတစ်ခုတော့ရသွားပြီ။ညှပ်ခေါက်ဆွဲသုတ်ဆိုအရမ်းကြိုက်တယ်။ခုလောလောဆယ်တော့အစာအိမ်မကောင်းလို့ဘာမှမစားနိုင်ဘူး :'(

မီးမီးငယ် said...

အခါးတွေဆိုအားလုံးကြိုက်တယ်၊
ခေါက်ဆွဲသုပ်က
ကိုယ်တို့နယူးယောက်မှစားတဲ့ခေါက်ဆွဲအတိုင်းဘဲ..
စားချင်လာပြန်ပြီး)))