မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Wednesday, 11 June 2014

ရုံးပတီသီးတန်ပူရာ.....


ပြီးခဲ့တဲ့ နှစ်လကျော်လောက်ကတည်းက ဒူးတွေနာနေတာ...။ အထိုင်များတာကြောင့်မဟုတ်ဘဲ အစားအသောက်ကြောင့်လို့ထင်ပါတယ်..။ ပထမလတွေတုန်းက ဆေးမသောက်ဘဲ ဆေးလူးနေကြည့်သေးတယ်...။ မြိတ်ထားဝယ်ကလာတာ ကမ်းဇော်ဆီလို့ခေါ်တယ်...။ အနံ့နဲနဲရှိတယ် ပင်လဲထဲကရတဲ့အသီးက ထုတ်တဲ့ ဆီလို့ ပြောတယ်..။ ဈေးကြီးတယ် တစ်လီတာပုလင်းကို သိန်းကျော်ပေးရတယ်...။ ကိုယ်က လစ်ပိုပုလင်းလေးတစ်ပုလင်း လက်ဆောင်ရထားတာ အဲပုလင်းလေးနဲ့တောင် တစ်သောင်းကျော် တန်သတဲ့..။ အစပိုင်းလူးတုန်းကတော့ သက်သာတယ်ထင်တာပဲ လေ့ကျင့်ခန်းပါပေါင်းလုပ်တာပေါ့..။ .နောက်တော့ ပြန်နာတာပဲ ဒီတစ်ခါ ပရုတ်ဆီပူပူနဲ့ရောလူးတယ် ပထမသက်သာတယ် ပြီးပြန်ဖြစ်တာပဲ...။


နောက်ဆုံးတော့ မန်းက ဦးလေးဆရာဝန် ရန်ကုန်ရောက်လို့ ဆေးတောင်းတော့ Mega ကထုတ်တဲ့ Vita Biotic ထဲက Joinace ဆိုတဲ့ ဂလူကိုစမင်းကိုပဲ တစ်နေ့တစ်လုံးအစာစားပြီးသောက်ရတယ် အဲဒါ တစ်ဗူးမှာ အလုံးသုံးဆယ်ပါတယ်..။ ။ တစ်လစာသောက်ပြီးတော့ တော်တော်လေးကိုသက်သာလို့ ဆေးနားထားလိုက်တယ်...။ ဒါနဲ့ ဒူးခေါင်းအရွတ်ကို သန်မာစေတဲ့ အစားစာလေးမှီဝဲမှပါလို့ စိတ်ကူးရတာနဲ့ အချွဲများတဲ့ ရုန်းပတီသီး စားပေးရမယ်တဲ့...။ အဲဒါမှဒွတ်ခပဲ ..။ ရုန်းပတီသီးကို လုံးဝမကြိုက်တာ...။ အချဉ်ဟင်းထဲထည့်ရင်တောင် နဲနဲပဲစားတာ...။ ဒီတိုင်း ရေနွေးပွက်ပွက်ဆူထဲထည့်ပြီး တို့စရာလုပ်စားတဲ့...။ ရုန်းပတီသီးကိုမကြိုက်တဲ့ ကိုယ် အ၀င်ကောင်းအောင်လို့ ခုလို တန်ပူရာလေးကြော်ပြီး မကျည်းရည်လေးနဲ့ တို့စားတာ စားကောင်းလိုက်တဲ့ဖြစ်ခြင်း...။ နောက်တော့ ငါးပိရည်နဲ့တို့စားတတ်အောင်လည်း ကျင့်ပြီး စားရသေးတယ်...။ ကြက်သွန်ပုစွန်ခြောက်လေးနဲ့နှပ်ပြီးလည်း စားရသေးတယ်...။ အစာလည်းဆေး ဆေးလည်းအစာမဟုတ်လား...။

  1. ရုန်ပတီသီး 10တောင့်
  2. ဂျုံမှုန့် 4 ဇွန်း
  3. ပြောင်းမှုန့် 1ဇွန်း
  4. ဆီ 1 ဇွန်း
  5. ဆားနဲနဲ

ပါဝင်တဲ့ အမှုန့်တွေကို ရေခပ်ကျဲကျဲနဲ့ဖျော်ပြီး ရုန်ပတီသီးလေးနှစ်လိုက်ပါ...။ ဆီပူပူမှာ တစ်မိနစ်ခွဲခန့် ဟိုဖက်ဒီဖက်ကြော်ပေးပါ...။ အမှုန့်မစပ်ချင်ရင်လည်း ရွှေလိပ်ပြာ အကြော်မှုန့်ကိုသုံးလို့ရပါတယ်...။ မွမွရွရွ ရုန်းပတီသီးကြော်လေးကို မကျည်းသီးချဉ်လေးနဲ့တို့စားပါ..။

ကျန်းမာရေးအတွက် အသီးအရွက်များကို သင့်တင့်မျှတစွာ စားသောက်နိုင်ကြပါစေ....။

မိုးငွေ့

1 comment:

Thu said...

မေတို့ပါပါတို့က တိုင်းရင်းသားမို့လားမသိဘူး
အသီးအရွက်အရမ်းစားတယ်။ရုံးပတေသီးဆို ရခိုင်လိုငါးပိ၊ပုစွန်ခြောက်၊ငရုတ်သီးစိမ်းနဲနဲထည့်ပြီးခဏခဏချက်စားတယ်။မီးဖုတ်ပြီးတို့စားတယ်။အဲ့တာကြောင့်ထင်တယ်။တခြားဘာဟင်းချက်ချက်လဲ ဆီသိပ်မသုံးဘူး။အဲ့တာကြောင့်ထင်တယ်။မေနဲ့ပါပါတို့မှာရောဂါကြီးကြီးမားမားတခါမှမဖြစ်ကြဘူး။
မမမိုးငွေ့လဲမြန်မြန်သက်သာပါစေ :)